သိုးမွှေးတဘက်ထိုးနည်း

ချစ်စရာကောင်းတဲ့ ဒီဇင်ဘာအတွက် အမှတ်တရ အဖြစ် သိုးမွှေးထိုးနည်းလေး သင်ပေးမယ်။ မိန်းကလေးတိုင်း စိတ်ဝင်စားတဲ့ အရာတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ငယ်ငယ်လေးကထည်းက ဝါသနာပါခဲ့ပါတယ်။ အကြိမ်ကြိမ် အခါခါ သင်ဖူးပေမယ့် တစ်ခါမှ တဘက်တစ်ထည် ဖြစ်မြောက်အောင် မထိုးခဲ့မိဘူး။ ဒီနည်းလေးနဲ့မှ တဘက်တစ်ထည် ဖြစ်မြောက်သွားတယ် ဆိုပါတော့။ အရမ်းလွယ်လို့ မျှဝေလိုက်ပါတယ်နော်..။

၁။

ကြိုးလေးတွေကို ရစ်ဖို့ ပုံမှာ ပြထားတဲ့ တိုင်ခုံလေးတစ်ခု လိုပါမယ်။ ဒီမှာတော့ စာအုပ်ဆိုင်၊ သိုးမွှေးထိုးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။

၂။
သိုးမွှေးထိုး အပ်တစ်ချောင်း လိုပါမယ်။


၃။
နောက် ကိုယ်သုံးမယ့် သိုးမွှေးချည် ပေါ့။
ချည် အပွ အကျစ် အပေါ် မူတည်ပြီး အပေါ်မှာ ပြထားတဲ့ တိုင်ခုံလေးတွေကို ရွေးရမယ်။ အပွဆိုရင် တိုင်ကျဲတာကို သုံးပေါ့။ ကျွန်မတော့ နားမလည်ရင် သိုးမွှေးချည်တွေ ရောင်းတဲ့ ဆိုင်က အဖွားအိုကိုမေးပါတယ်။ ၄။
ဒီသုံးမျိုးလုံး ပြည့်စုံပြီ ဆိုရင်တော့ သိုးမွှေးစထိုးလို့ရပါပြီ။ ပထမဆုံး တိုင်ခုံလေးပေါ်မှာ သိုးမွှေးကြိုး အတိုအစလေးတစ်ချောင်းကို ခင်းထားလိုက်ပါ။
၅။
ရှေးဦးစွာ စထိုးမယ့် ချည်လုံးရဲ့ ကြိုးအစလေးကို ခေါက်တုတ်ချီလိုက်ပါ။
၆။
ခေါက်တုတ် ကြိုးကွင်းလေးကို တိုင်ခုံလေးရဲ့ အစမှာ စွပ်ထားပြီး သိုးမွှေးစထိုးပါပြီ။ ၇။
တစ်ဘက်တစ်ချက် ရစ်ပါတ်သွားပါ ။ တိုင်ဆုံးတဲ့အထိ။
၈။
တိုင်အဆုံးထိ ရောက်သွားပြီဆိုရင် ခုံမှာ နှစ်ပါတ် သုံးပါတ်လောက် ရစ်ပါတ်ပြီး ချီထားလိုက်ပါ။ ကြိုးမပြေအောင်ပါ။

၉။
ကြိုးကို အောက်ခြေထိရောက်အောင် ဖိချလိုက်ပါ။ ၁၀။
အောက်မှာ ခင်းထားတဲ့ ကြိုးစလေးကို စုပြီး ချီလိုက်ပါ။


၁၁။
နံပါတ် ၈မှာ ပြထားတဲ့ ကြိုးရဲ့ အဆုံးကနေ အရှေ့တစ်ဘက်သို့ ပြန် ရစ်လာပါ။၁၂။
အပေါ်အောက် နှစ်ကြိုး ဖြစ်သွားပြီ ဆိုရင် အောက်ဘက်က ကြိုးကို သိုးမွှေးထိုး အပ်နဲ့ အပေါ်ကို မယူလိုက်ပါ။၁၃။ အောက်နှစ်ဘက်လုံးက ကြိုးကွင်းလေးတွေ အားလုံးကို အပေါ်ဘက်သို့ မယူပေးပါ။ ၁၄။ လက်နဲ့ဖိချပေးပါ။၁၅။
အောက်ဆုံးမှာ ချီထားတဲ့ ကြိုးစလေးကို ဆွဲတင်းပေးပါ။ ၁၆။
နံပါတ် ၁၁မှ နံပါတ် ၁၅အထိ ပုံမှာပြထားသည့် အတိုင်း ပြုလုပ်သွားရုံပါပဲ။၁၇။
လိုသလောက် အရှည် ရပြီဆိုရင် အနားသပ်ပါတော့မယ်။၁၈။ ပုံမှာပြထားတဲ့အတိုင်း အဆုံးသပ်မယ့် နံပါတ်တစ်ကြိုးကွင်းလေးကို သိုးမွှေးထိုးအပ်လေးနဲ့ မယူလိုက်ပါ။ ထိုနောက် နံပါတ်နှစ် ကြိုးကို နံပါတ်တစ်ကြိုင်းကွင်းလေးထဲကနေ အပြင်ဘက်သို့ ဆွဲထုတ်လိုက်ပါ။ ပြီးတော့ သုံး လေး ငါး ...တိုင် သုံးဆယ်လေးတိုင် မြောက်အထိ ဆွဲထုတ်သွားယုံပါပဲ။
၁၉။ ကြိုးစလေးကို ထုတ်ပြီးရင် အဆုံးသတ် အနားတစ်ဘက် ပြီးသွားပါပြီ။ ပထမဆုံး အစပိုင်းက အနားတစ်ဘက်ကိုလည်း အပေါ်မှာ ပြထားသလို တစ်ကွင်းနဲ့ တစ်ကွင်းကို ဆွဲထုတ် သွားယုံပါပဲ။


၂၀။
အားလုံး ပြီးသွားရင် ကြိုးအပိုင်းအစလေးကို ဆွဲထုတ် လိုက်ရင် သိုးမွှေးတဘက်တစ်ထည် ရပြီပေါ့။
ချစ်စရာကောင်းတဲ့ ဒီဇင်ဘာအတွက် အမှတ်တရပါ။ လွယ်ကူမယ်လို့ မျှော်လင့်ပါတယ်နော်..။ နားမလည်ရင် ကော်မန့်မှာ မေးခဲ့နိုင်ပါတယ်။ ရှင်းပြပါ့မယ်နော်:))။

****HAPPY MARRY CHRISTMAS & HAPPY NEW YEARS FOR ALL****

ချစ်ခင်လေးစားလျှက်
မြတ်မွန်


စပါးအဝယ်ဒိုင်ထံမှ ပြန်လာကတည်းက ကိုရွှေအေး မျက်နှာမကောင်းသည်ကို ဇနီးဖြစ်သူ မခင်မြင့် သတိထားမိသည်။ ဧကန္တစပါးဈေးကျနေ၍ဟုသာ ထင်မိသော်လည်း ကောင်းသည်ဆိုးသည် ဝင်ပြောလေ့မရှိသူမို့ ကိုရွှေအေးဖွင့်ပြောလာချိန်ကိုသာ စောင့်နေတာ အကောင်းဆုံးဟု တွေးလိုက်သည်။

ကိုရွှေအေးနှင့် မခင်မြင့် တို့၏ အိမ်ထောင်သက်မှာ ကြာမြင့်လှပြီ။ အရာရာ ကိုရွှေအေး သဘောအတိုင်းသာ ဖြစ်စေသဖြင့် ခွန်းကြီးခွန်းငယ် ကတောက်ကစ စကားများဖူးသည် မရှိခဲ့ကြ။

“ဦးလေးမောင် ရေ.. ပြန်တက်ကြစို့”

တက်မကိုင်သူ ဦးလေးမောင်ကို လှမ်းပြောသည့် ကိုရွှေအေးစကားကြောင့် မခင်မြင့်ကိုယ်တိုင် အံ့သြသွားရသည်။ ဦးလေးမောင်ကိုယ်တိုင်လည်း အံ့အားသင့်သွားဟန်တူသည်။ မခင်မြင့် မနေသာ၍ ဝင်မေးလိုက်သည်။

“ မနားတော့ဘူးလား အကို.. ပြန်တက်တော့မလို့လား”

“မနားတော့ဘူး မြင့်ရယ်။ အကိုတို့ အခုပဲ ပြန်ကြပါစို့။ ဦးလေးမောင် စက်နှိုးဗျာ”

မခင်မြင့် နားမလည်နိင်သော်လည်း ကိုရွှေအေး စကားအတိုင်း ပြန်ကြဖို့ ဆုံးဖြတ်လိုက်တော့သည်။ ကိုရွှေအေးနှင့် မခင်မြင့်တို့က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်လှေတစ်စီးဖြင့် အစုန်အဆန် သွားလာကာ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ နယ်များရှိ တန်တစ်ရာဆန်စက်များမှ ဆန်များကို ရန်ကုန်သို့ ပို့ပေးသည့် အလုပ်လုပ်ကြသူများဖြစ်သည်။ ယခင်အခေါက်များက ဆန်အိတ်များချပြီးတိုင်း တစ်ရက်တန်သည် နှစ်ရက်တန်သည် မော်တော်ဆိပ်တွင်ကပ်၍ မြို့ပေါ်တက်ကာ လိုအပ်သည့်ပစ္စည်းများကို ဝယ်ခြမ်းခြင်း ၊ ဘုရားဖူးခြင်းများ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ယခုအခေါက်တွင် ချက်ချင်း အထက်ဘက် ပြန်တက်မည်ဆိုတာကြောင့် အံ့သြမိလေသည်။

ခင်ပွန်းဖြစ်သူ မျက်နှာမကောင်းသည့်အပြင် ယခုလိုအခြေအနေကြောင့် ထူးခြားမှု တစ်ခုခုတော့ ရှိနေမှန်း မခင်မြင့် နားလည်လိုက်၏။ အထက်ဘက်သို့ ပြန်တက်လာသည့် လမ်းတစ်လျှောက် ကိုရွှေအေး၏ အပြုအမူက ဆန်းကြယ်နေသည်။ မော်တော်ဦးတွင် ထိုင်ပြီး မြစ်ကမ်းဘေးဝဲယာကို ကြည့်လိုက် မြစ်ပြင်ကျယ်ကို ငေးလိုက် ဖြစ်နေပုံကို မခင်မြင့် ထမင်း ဟင်းချက်ရင်း ၊ မော်တော်ဝမ်းထဲမှ ရေကဲ့ထုတ်ရင်း တွေ့နေရသည်။ ကိုရွှေအေးက မခင်မြင့်နှင့်မရခင်ကတည်းက ဧရာဝတီမြစ်ကို အမှီပြုပြီး လှေထိုးသားဘဝ ၊ အိုးသည်ဘဝ များဖြင့် ရုန်းကန်လှုပ်ရှားခဲ့သူဖြစ်သည်။ မခင်မြင့်က ဧရာဝတီမြစ်ကမ်းနံဘေးရွာသူဖြစ်သည်။ ကိုရွှေအေး၏ အိုးများကို ဝယ်ယူရင်းမှ ဖူးစာဆုံ၍ ညားခဲ့ကြခြင်းဖြစ်သည်။ အိမ်ထောင်သည်ဘဝ အစပိုင်းက ခက်ခဲကြမ်းတမ်းခဲ့သည်။ ဧရာဝတီမြစ်သည်သာ သူတို့၏အိမ်ယာဖြစ်သလို ၊ သူတို့အတွက် လုပ်ကိုင်စားသောက်စရာ ထမင်းရှင်လည်းဖြစ်သည်။ အိုးလှေလေးထဲတွင် လင်ကိုယ်မယားနှစ်ယောက် နေထိုင်ကာ ကမ်းနံဘေး ရွာစဉ်တစ်လျှောက် အစုန်အဆန်သွားလာ လုပ်ကိုင်ခဲ့ရင်းမှ တဖြေးဖြေးနှင့် စီးပွားရေးတိုးတက်လာပြီး ယခုလို စက်လှေဖြင့် လုပ်ကိုင်နိင်သည့် အဆင့်ထိ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ငွေကြေးအတန်ငယ် စုဆောင်းမိသော်လည်း ကိုရွှေအေးက အခြေတကျ အိမ်ယာဝယ်ကာ နေထိုင်လိုစိတ်မရှိဘဲ စက်လှေပေါ်တွင်သာ နေထိုင်သူဖြစ်သည်။

“ မင်းအိမ်နဲ့ မနေတတ်ပါဘူးကွာ။ ဒီမြစ်ကြီးပေါ်မှာ နေရတာပဲ ငါစိတ်ချမ်းသာတယ်။ ကလေးဘဝထဲက ဒီမြစ်ပေါ်မှာပဲ နေလာတာ ။ သေတဲ့အထိ ဒီမြစ်ကြီးထဲမှာပဲ နေမယ်ကွာ။ သေရင်လည်း ဒီမြစ်နံဘေးမှာပဲမြုပ်။”

ဟုဆိုလေ့ရှိသည်။ ကြာလာတော့ မခင်မြင့်ကိုယ်တိုင် အိမ်ယာနှင့်နေဖို့ပင် မတွေးမိတော့။ သျှောင်နောက်ဆံထုံးပါ ဆိုသလို လင့်အလိုအတိုင်း မခင်မြင့်လည်းနေထိုင်ရင်း ယခုတော့ သူကိုယ်တိုင်လည်း မြစ်သူတပိုင်းဖြစ်နေခဲ့ပြီ။ ကိုရွှေအေးပြောဖူးသလို သေလျှင်လည်း ဒီမြစ်ပေါ်မှာသာ သေမည်ထင်သည်။

တစ်နေ့လုံး ကိုရွှေအေးက စကားမပြော။ ငေးငေးငိုင်ငိုင် သက်ပြင်းတချချဖြင့် စိတ်ညစ်နေဟန်ပေါ်သည်။ ကိုရွှေအေးကို ကြည့်ရင်း မခင်မြင့်လည်း စိတ်မကောင်းဖြစ်မိသည်။ သူ့ယောကျာ်းတွင် စိတ်ဆင်းရဲစရာ ကိစ္စရှိနေမှာ သေချာသည်။ သူ့ကို ဖွင့်မပြောဘဲ ကြိတ်ပြီးခံစားနေသည်ကို မကြည့်ရက်တော့ပါ။ ညစာ စားပြီးချိန်တွင် ကိုရွှေအေး ထိုင်နေသည့် မော်တော်ဦးကိုသွားပြီး ကိုရွှေအေးနံဘေးတွင် ငြိမ်ငြိမ်သက်သက် ဝင်ထိုင်သည်။ ကိုရွှေအေးက တစ်ချက်လှည့်ကြည့်ပြီးနောက် ဘာမျှ မပြောဘဲ ပြန်လှည့်သွားသည်။ မခင်မြင့် ကိုရွှေအေးလက်မောင်းကို ဖွဖွဆုပ်ကိုင်ပြီး မေးမိသည်။

“အကို ဘာဖြစ်နေတာလဲဟင်။ မျက်နာလည်းမကောင်းဘူး။ စပါးဈေးတွေကျနေလို့လားဟင်”

လောကဓံ၏အထုအထောင်းကို ခံခဲ့ရသည့် ကိုရွှေအေးအတွက် စပါးဈေးကျရုံနှင့် ယခုလောက် ဝမ်းနည်းမည် မဟုတ်မှန်းသိသော်လည်း ဘာဖြစ်မှန်း သေချာမသိရ၍ အခုလိုမေးလိုက်ခြင်းဖြစ်သည်။ ကိုရွှေအေးက ခေတ္တတိတ်ဆိတ်နေပြီးမှ မခင်မြင့်၏ လက်ဖဝါးကိုဆုပ်ကိုင်ပြီး တချက်ဖျစ်ညစ်လိုက်သည်။ စိတ်ညစ်စရာ တစ်ခုခု ရှိနေ၍ အားပေးဟန်တူသည်။

“မပြောချင်ပေမယ့် ပြောပြရမှာပဲမြင့်ရယ်။ မြင့်ကိုယ်တိုင်နဲ့လည်းသက်ဆိုင်နေတာပဲလေ”

ကိုရွှေအေးစကားကြောင့် မခင်မြင့် ရင်တုန်သွားမိသည်။

“ ဘာများဖြစ်လို့လည်း အကိုရယ် မထိတ်သာ မလန့်သာရှိလိုက်တာ”

“ဟုတ်တယ်မြင့်ရယ်။ မထိတ်သာ မလန့်သာထက်တောင် ပိုဆိုးနေပါပြီ။ အကို မနက်က ဆန်တက်ပို့ရင်းနဲ့ သတင်းကြားခဲ့ရတယ်။ အကိုတို့ ဒီဧရာဝတီမြစ်ကြီးကို ပိတ်ဆို့ပြီး ဆည်ဆောက်နေပြီတဲ့ကွယ်။”

“ဘုရား...ဘုရား အဲ..အဲဒီတော့ ဒီမြစ်ကြီးက ဘာတွေဖြစ်သွားမှာလဲဟင်”

“ သူတို့ပြောသလောက် အကိုကြားခဲ့ရတာတော့ အဲဒီလို ဆည်ဆောက်လိုက်ရင် ရေတွေက အရင်လို လွတ်လွတ်လပ်လပ် မစီးဆင်းရတော့ဘူးတဲ့လေ။ ဆည်ကနေ လွှတ်ပေးသလောက်ပဲ စီးရမှာ။ ဆည်ထဲမှာ ရေနဲရင်နဲသလို များရင်များသလို စီးရမှာလေ။ နောက်ပြီး အကိုတို့ရဲ့ ဒီမြစ်ကြောင်းတစ်လျှောက် ပါတ်ဝန်းကျင်တွေလည်း ထိခိုက်မယ်တဲ့။ ဒီမြစ်ကြီးကို အမှီပြုနေထိုင်ကြတဲ့ ရေနေသတ္တဝါတွေ ငှက်မျိုးစိတ်တွေအထိဆိုးကျိုး ဖြစ်စေမယ်တဲ့။ နောက်ပြီး ဒီမြစ်ရဲ့ ရေကို အသုံးပြုကြရတဲ့ တောင်သူတွေ စိုက်ပျိုးရေးသမားတွေ မြစ်ကမ်းနံဘေးရွာတွေအတွက်လည်း ဆိုးကျိုးပဲ ဖြစ်စေမယ်လို့ ပြောတာ ကြားခဲ့ရတယ် မြင့်ရယ်။”

“ အို.. အဲဒီလောက် ဆိုးကျိုးတွေ အများခံပြီး ဘာလုပ်ဖို့များ ဒီဆည်ကို ဆောက်ရတာလဲ”

“လျှပ်စစ်ထုတ်ဖို့တဲ့လေ။ ရင်နာဖို့အကောင်းဆုံးက အဲဒီလျှပ်စစ်ကို အကိုတို့နိင်ငံသုံးဖို့အတွက်မဟုတ်ဘူးတဲ့။ တခြားနိင်ငံကိုရောင်းဖို့တဲ့လေ။ တောက် !!! ”

ကိုရွှေအေးတစ်ယောက် ပြောရင်းနှင့် ဒေါသထွက်လာကာ မော်တော်ဦးကို လက်သီးဖြင့်ထုချလိုက်၏။ မခင်မြင့်ကိုယ်တိုင်လည်း ဘဝတွင်တစ်ခါမျှ မဖြစ်ပေါ်ဖူးသည့် ဒေါသများဖြင့် အံတင်းတင်း ကြိတ်ထားမိသည်။

“ ဒါ ငါတို့ရဲ့ မြစ်။ ငါတို့တမျိုးသားလုံးရဲ့ မြစ်ကွ။ ငါတို့ ဘိုး ဘေး ဘီ ဘင်တွေ လက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့ကြတဲ့ မြစ်။ ခုလို လုပ်ချင်တိုင်း လုပ်စရာမှ မဟုတ်တာ။ အသဲနာလိုက်တာကွာ။ တောက် ”

တောက်တခေါက်ခေါက်ဖြင့် ဒေါသများဆူဝေနေသော ကိုရွှေအေးကို မခင်မြင့် ဖျောင်းဖျပေးချင်စိတ် မရှိတော့။ ဒီသတင်းက ဧရာဝတီမြစ်ကြီးကို ချစ်မြတ်နိုးသည့် လူတိုင်း ဒီ့ထက်မလျှော့သည့် ဒေါသများ ခံပြင်းနာကျည်းမှုများ ဖြစ်ကြမည်မှန်း သဘောပေါက်မိသည်။ နှစ်ဦးသား စကားဆက်မပြောဖြစ်ဘဲ မြစ်ပြင်ကျယ်ကိုသာ ငေးနေမိကြတော့သည်။ ဘာမျှမသိသည့် မြစ်ရေပြင်ကြီးကတော့ လရောင်အောက်တွင် လှိုင်းကြက်ခွပ်လေးများ တလက်လက်ထကာ လှပနေသည်။ မြစ်ပြင်မှ တိုက်ခတ်လာသည် လေများကလည်း အေးမြလတ်ဆတ်ကာ ဒေါသနှင့် နာကျည်းမှုများကို တတ်နိင်သမျှဖြေဖျောက်ပေးနေပုံရ၏

ထိုညက မခင်မြင့် တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။ တလူးလူးတလိမ့်လိမ့်ဖြင့် စိတ်ညစ်ညူးဖွယ် အတွေးများသာ ဝင်နေမိသည်။ ဒီမြစ်ကြီးပေါ်တွင် လုပ်ကိုင်စားသောက်နေသည့် သူတို့အတွက် ရှေ့လျှောက်ထို့ထက်ပို၍ စိတ်ညစ်ရတော့မည်။ ဝမ်းနည်းနာကျင်ဖွယ် အိပ်ပျက်ညများသည် ဧရာဝတီချစ်သူတိုင်းကို စောင့်ကြိုနေတော့မည်။ မိုးလင်းခါနီးမှ မခင်မြင့် မှေးခနဲ အိပ်ပျော်သွား၏။ အိပ်ပျော်ချိန်မှာတောင် လွတ်မြောက်နိင်ခြင်းမရှိခဲ့။ အိမ်မက်ဆိုးတို့က စောင့်ကြိုနေပြန်သည်။

...............................

ကွင်းပြင်တစ်ခုလုံး လူတွေ ပြည့်နှက်နေ၏။ နေရောင်ခြည်က မလင်း မချင်း ။ မှိုင်းမှိုင်းညို့ညို့။ အားလုံး၏ အကြည့်က တနေရာထဲသို့ စု နေသည်။ မြင်ကွင်းက လှိုက်မောဖွယ်ရာပင်တည်း။ ကြိုးအထပ်ထပ် အတုပ်ခံထားရသော အမယ်အို တစ်ယောက်ကို လမ်းတလျှောက် အတင်းဆွဲခေါ်ကာ တောင်ကုန်းထက်သို့ ခေါ်ငင်နေသည်။ ထိုတောင်ကုန်းအမည်က မရဏတောင်ကုန်းဖြစ်သည်။ ကွပ်မျက်ခံရသူများအတွက် ဘဝအဆုံးသတ်ရာ တောင်ကုန်းဖြစ်သည်။ မရဏတောင်ကုန်းသို့ သွားရာလမ်းတစ်လျှောက် ဘေးနှစ်ဘက်တွင် လူအုပ်ကြီးက ပြည့်ကျပ်နေ၏။ ကြိုးတုပ်ပြီး ဆွဲခေါ်ခံနေရသော အမယ်အိုကို ကြည့်နေကြသည့် လူအားလုံးရင်ထဲတွင် ဝမ်းနည်းခြင်းနှင့် ယူကျုံးမရဖြစ်ခြင်းများ တူညီစွာဖြစ်ပေါ်နေသည်။
ခံပြင်း ဒေါသဖြင့် အော်ဟစ်နေသံများကလည်း ဘဝဂ်ညံနေ၏။

“မတရား မလုပ်ကြနဲ့”
“အခု ပြန်လွှတ်ပေး”
“ အမေ့ကို မသတ်ပါနဲ့။ မသတ်ပါနဲ့ တောင်းပန်ပါတယ်”
“အမေ.... အမေ...”
“ကယ်ပေးကြပါ”
“ကြည့်မနေကြနဲ့ အမေ့ကို ဝိုင်းလုကြလေ.. ဘာလုပ်နေကြတာလဲ”

လူအုပ်ကြီး၏ တစ်ယောက်တစ်ပေါက်အော်သံထဲတွင် ကျွန်မ၏ အော်သံလည်း ပါဝင်နေခဲ့သည်။ အမယ်အိုကို ဆွဲခေါ်လာသည့် သူများ မရဏတောင်ကုန်းသို့ ရောက်ရန် တဖြေးဖြေးနီးလာသည်နှင့်အမျှ အော်သံများလည်း ပို၍ဆူညံလာသည်။ အမေအိုက ကျွန်မရှိရာဘက်ကို လှည့်ကြည့်သည်။ ညှိးနွမ်းနေသော်လည်း ရင့်ကျက်တည်ငြိမ်မှုအပြည့်နှင့် မဟာဆန်လှသော အမေအို၏မျက်နာကို မြင်လိုက်ရချိန် ကျွန်မရင်ထဲတွင် ဝမ်းနည်းခြင်းများ လှိုက်ဆူလာသည်။ ကျွန်မစိတ်မထိန်းနိင်တော့ပါ။ အာခေါင်ခြစ်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်မိတော့သည်။

.........................................

“ မသတ်ပါနဲ့ မသတ်ပါနဲ့”

“ မြင့်... မြင့် ဘာဖြစ်တာလဲ”

ကိုရွှေအေး လှုပ်နှိုးတာကြောင့် မခင်မြင့်လန့်နိုးလာ၏။ အိမ်မက်ဆိုး မက်နေကြောင်း သတိပြုမိသွားသည်။ ရေတခွက်သောက်ပြီးချိန်အထိ ဝမ်းနည်းခြင်းက မပျောက်နိင်သေး။ ရင်ထဲတွင် တုန်ရင်နေမိ၏။ အိပ်ရေးမဝသဖြင့် မျက်လုံးများက ကျိန်းစပ်နေသည်။ အာရုဏ်ပင် လင်းကျင်းလုပြီ။ ကျွန်မစိတ်ထဲတွင် တိုးတိုးလေး ဆုတောင်းလိုက်၏။

“ ဒါဟာအိမ်မက်ဆိုးသာ ဖြစ်ပါရစေဘုရား။ ဒီအိမ်မက်ဆိုးတွေ ဘယ်တော့မှ အသက်မဝင်လာပါစေနဲ့တော့”


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်


...........................................



ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

ဥပေက္ခာအမှား

ကျွန်တော့်ဘဝတွင် ကြုံခဲ့ဖူးသည့် စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုကို မကြာခဏ ပြန်မြင်နေယောင်မိသည်။ ထိုအဖြစ်အပျက်သည် ကျောင်းမှ အိမ်ပြန်လမ်းတစ်ခုတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ဘတ်စ်ကား မှတ်တိုင်တွင် ကားစောင့်နေကြသည်။ အိမ်ပြန်ရောက်ချင်စိတ်ကြောင့် ဘတ်စ်ကားလာရာဘက်ကို စောင့်ငေးနေသော ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူက အနားကပ်၍ ခပ်တိုးတိုးပြောသည်။

“ဟေ့ကောင်... အရှေ့က ကောင်မလေးကို ကြည့်လိုက်။ ”

သူ့စကားကြောင့် ညွှန်ပြရာသို့ ကြည့်လိုက်မိသည်။ ဆံပင်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် လှပကျော့ရှင်းသည်ဟု ယူဆရသည့် အမျိုးသမီးလေး တစ်ယောက်နှင့် သူမနံဘေးနားရှိ ပုပုဝဝ ထိပ်ပြောင်ပြောင် အသက် ငါးဆယ်ခန့်ယောကျာ်းကြီး တစ်ယောက်တို့ဖြစ်သည်။ ကားစောင့်နေဟန်တူသည်။ ဘာမှ ထွေထွေထူးထူး မရှိလှ။

“ဟိုစုံတွဲလား...ဘာထူးဆန်းလို့လဲ။ ”
“မင်း မသိမသာ ကြည့်နေ။ ဘေးနားက ဟိုလူကြီး အဲဒီကောင်မလေးကို လက်သရမ်းနေတယ်။ ”


သူငယ်ချင်း၏ စကားကြောင့် သူ၏ လေးလံထိုင်းမှိုင်းနေသည့် စိတ်တို့ အဝေးသို့ လွင့်စင်ကာ ထိုကောင်မလေးကို ဂရုတစိုက် စောင့်ကြည့်နေမိတော့သည်။ ကောင်မလေးသည် ပထမရပ်နေသည့် နေရာမှ အနည်းငယ် ရွေ့ကာ နေရာပြောင်းလိုက်သည်။ ထိုအခါ ထိပ်ပြောင်ပြောင် လူကြီးက ကောင်မလေးရွေ့ရာသို့ တရွေ့ရွေ့ထပ်တိုးသွားကာ သူ၏လက်သည် ကောင်မလေး၏ကြောပြင်ကို တစ်ဖြေးဖြေး ပွတ်သပ်နေပြန်သည်။ ကောင်မလေး၏ ခန္ဒာကိုယ်သည် အနည်းငယ်တွန့်သွားကာ ဘေးပါတ်ဝန်းကျင်ကို လိုက်ကြည့်သည်။ သူတို့၏ အခြေအနေကို ကျွန်တော် သိပ်နားမလည်။ ထိုနှစ်ယောက်သည် အသိမိတ်ဆွေများလည်း ဖြစ်နိုင်သည် ဟု ထင်မိသည်။

“အဲဒါ ဘာဖြစ်လဲ..။ သူတို့နှစ်ယောက်က အသိတွေ နေမှာပေါ့။ ”

“မင်းကလေ တော်တော် တုံးတဲ့ကောင်။ ကောင်မလေးက ဒီလောက် လိုက်ရှောင်နေတာ..ဟိုလူကြီးက သူနောက် တစ်ကောက်ကောက် လိုက်နေတာ မင်းမတွေ့ဘူးလား။ မင်းက ခုမှတွေ့တာ ငါတွေ့တာ ကောင်မလေး နေရာပြောင်းနေတာ ဒါနဲ့ဆို သုံးနေရာရှိပြီ။ ငါတို့ သွား ကူညီသင့်တယ်လို့ မင်းမထင်ဘူးလား။ ”

ကောင်မလေး မျက်နှာတစ်ခုလုံး နီမြန်းနေသည်ကို သတိထားမိတော့သည် ။ လွယ်ထားသည့် စလင်းဘတ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလျှက်ရှိသည်။ ထိုနောက် သူတို့၏ အခြေနေကို အကဲခတ်နေသည့် ကျွန်တော်တို့ နှစ်ယောက်ကို ကောင်မလေးက တစ်ချက်လှမ်းကြည့်သည်။ ထိပ်ပြောင်ပြောင် လူကြီး၏ လက်ကတော့ ကောင်မလေး၏ ကြောပြင်မှ အပေါ်အောက် လှုပ်ရှားနေသည်ကို တွေ့လိုက်၍ ကျွန်တော့်မနေနိင်တော့။

“ဟေ့ကောင် ငါတို့ သွားကူညီရအောင် ဒီလူကြီး တော်တော်လွန်နေပီ။ သားသမီးချင်း ကိုယ်ချင်းမစာဘူး။ ”

ထိုနောက် ရှေ့သို့တိုးသွားကာ ကောင်မလေးနားတွင် ကျွန်တော်တို့ နှစ်ယောက် ရပ်လိုက်သည်။ ထိုလူကြီးကတော့ ရုတ်တရက်အနားတွင် လူရောက်လာသဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းသွားသည်။ သူလုပ်ရပ်ကို ရိပ်မိသွားသည့်ကျွန်တော့်တို့ နှစ်ယောက်ကြားမှ ထိုလူကြီး ထွက်ခွါသွားတော့သည်။

“ ငါတို့ကား...လာပြီကွ ”

ထိုအချိန်တွင် ကားလာ၍ ကျွန်တော်တို့ ကားပေါ်သို့ ဝမ်းသာအားရ ပြေးတက်ကြသည်။ ကျွန်တော်တို့ တက်သည့်ကားပေါ်တွင် ထိုအမျိုးသမီးလည်း လိုက်ပါလာ၏။ ကျွန်တော့်တို့ရပ်နေသည့်နေရာနှင့် သူမရပ်နေသည့် နေရာသည် လူသုံးလေးယောက်သာ ခြားသည်။ သူမအား ကူညီလိုက်သည့် ကျွန်တော့်တို့ နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နှင့် တစ်ချက်ချက် လှည့်ကြည့်တတ်သော်လည်း ကျေးဇူးတင်ကြောင်း ပြောမလာခဲ့ပါ။

လူတစ်ယောက်ကို ကူညီလိုက်ရ၍ ကျွန်တော့် စိတ်ထဲတွင်တော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေမိသလို ခံစားနေမိသော်လည်း ထိုအမျိုးသမီးထံမှတော့ ကျေးဇူးတင်စကား တစ်ခွန်းမှ မကြားရသည့်အခါ ကျွန်တော့် အနည်းငယ်အောင့်သီးအောင့်သက် ဖြစ်နေမိသည်။ ကားပေါ်က ဆင်းသွားသည် အထိ ကျေးဇူးတင်စကား တစ်ခွန်းတောင် ပြောဖော် မရသည့် ထိုအမျိုးသမီးကို ရုပ်ကလေးကတော့ ချောပါရဲ့ ယဉ်ကျေးမှုမရှိ၊ အလိုက်ကန်းဆိုး နားမလည်သည့် မိန်းမတစ်ယောက်ဟု ကျွန်တော် ကောက်ချက် ချမိသည်။ ကျွန်တော်က ကိုယ်နှင့်မဆိုင်သည့်ကိစ္စများတွင် မသိလိုက်ဘာသာ နေတတ်သူဖြစ်သည်။ ခုတော့ အငြိမ်မနေနိင်ဘဲ ကူညီမိ၍ ယခုလို တုန့်ပြန်မှုကြောင့် စိတ်ထဲစနိုးစနှောင့် ဖြစ်နေရခြင်းဖြစ်သည်။ နောက်ဆိုလျှင် ယခင်အတိုင်း ဘာသိဘာသာ နေသည်က ပိုကောင်းမည်ဟု တွေးနေမိသည်။

ထိုအဖြစ်ပျက်တို့ကို အိမ်ပြန်ရောက်ပြီး အချိန်တော်တော်ကြာသည့်အထိ စိတ်တွင် မကျေမနပ် ဖြစ်နေမိသည်။ အခွင့်ကြုံလို့ နောက်တစ်ကြိမ် ဒီလို အခက်ခဲများ မျက်စိရှေ့တွင် ဖြစ်ပေါ်လာပါက မကူညီဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် ကျွန်တော့် ဆုံးဖြတ်ချက်များ မအောင်မြင်ခဲ့။

နောက်တစ်နေ့ ကျောင်းဆင်းချိန် ကျွန်တော်တစ်ယောက်တည်း ကားစောင့်နေသည်။ ထိုအမျိုးသမီးကို တွေ့လိုတွေ့ငြား ကျွန်တော် ရှာဖွေကြည့်မိသည်။ မှတ်တိုင်တွင် သူမကို မတွေ့မိ။ တွေ့လျှင်လည်း ကျွန်တော် စိတ်ချမ်းသာနိုင်မည် မထင်။ “ ခင်ဗျားကို ကူညီခဲ့တာ နည်းနည်းလောက်တော့ ကျေးဇူးတင်စကား ပြောသင့်တာပေါ့ ” လို့ ကျွန်တော်သွားပြောမိ မည်ထင်သည်။ ကျွန်တော် ဘာတွေ တွေးနေမိပါလိမ့်။ သူမအား သတိရနေခြင်းများလား။ ဒါမှမဟုတ် သူမ၏ ကျေးဇူးတင်စကားကို မျှော်လင့်နေမိခြင်းလား။ ကျွန်တော့်စိတ်တို့ ဝေခွဲမရ။ သေချာသည်ကတော့ မနေ့က အဖြစ်ပျက်တို့ကို မမေ့နိင်သေးခြင်း ဖြစ်မည်။

ဟိုဟိုဒီဒီ တွေးနေချိန်မှာပဲ ကျွန်တော် စီးရမည့် ကား ဆိုက်လာသည်။ ကားတစ်စီးလုံး ချောင်ချိနေသည်မို့ နေရာလွတ်တစ်ခုကို ရှာဖွေကာ ဝင်ထိုင်လိုက်သည်။ ကျွန်တော်ဝင်ထိုင်သည့် ထိုင်ခုံဘေးဘက်က ခုံတွင် မနေ့က အမျိုးသမီး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ကျွန်တော် မမှတ်မိနိုင်စရာ မရှိ။ ဧကန္တ အရှေ့မှတ်တိုင်မှ ကြိုဆီးလာပုံရသည်။ မဘေနားတွင်လည်း မနေ့က လူကြီး ကပ်လျက်ထိုင်နေသည်။ ဒီတစ်ခါလည်း ဒီလူကြီး ဘာလုပ်အုံးမလဲ ဟု ကျွန်တော့် သူမ အတွက်စိုးရိမ် သွားမိပြန်၏။ ကျွန်တော့်စိတ်က ဘယ်လိုပင် တားမြစ်ထားသော်လည်း သူမအား ကျွန်တော် စိတ်မချနိုင်။ သူမအား ကျွန်တော် မကြာမကြာ ကြည့်နေမိ၏။

ကားထွက်လာပြီး မကြာခင်တွင် ထိုလူ၏ အကျင့်တို့ ပေါ်လာပြန်သည်။ အတွင်းဘက်ခုံတွင် ထိုင်နေသည့် သူမအား အပြင်က ပိတ်ထိုင်ထားသော ထိုလူကြီး၏ လက်သည် သူမ ပေါင်ပေါ်သို့ရောက်နေသည်ကို တွေ့လိုက်ရ၍ ကျွန်တော် အံသြတုန်လှုပ်သွားရသည်။ သူမသည် ကျွန်တော့်အား လှည့်ကြည့်ကာ အကူညီတောင်းချင်ပုံရသည်။ မနေ့က အဖြစ်ကို မကျေနပ်စိတ်ကြောင့် သူမ လှည့်ကြည့်သည်ကို မသိဟန် ဆောင်လိုက်ပြီး တစ်ဖက်သို့လှည့်နေလိုက်သည်။ ထိုအခါ သူမက ထိုင်နေရာမှ ထလိုက်သည်။ အဖိုးကြီးက သူမ၏ လက်တစ်ဖက်ကို ဖမ်းဆုပ်ဆောင့်ဆွဲလိုက်၏။ သူမ မျက်လုံးအိမ်ထဲမှ မျက်ရည်များ စီးကျလာသည်။ မိန်းကလေးတစ်ယောက်၏ မျက်ရည်များကို ကျွန်တော့် ကြည့်နိုင်စွမ်း မရှိ။ ဒီတစ်ခါလည်း ကျွန်တော် မမြင်ချင်ယောင် ဆောင်၍ မရတော့။

ကျွန်တော် ထိုလူ့လက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး ခပ်ကျယ်ကျယ် အော်လိုက်သည်။

“ကားဆရာ။ ဒီမှာ လူကြီးတစ်ယောက် ဒီအမျိုးသမီးတစ်ယောက်ကို လိုက်နှောင့်ယှက်နေလို့။ ရဲစခန်းကို အမြန်ဆုံးမောင်းပါဗျို့။ ”

ထိုအခါ လူကြီးက ဆွဲထားသည့် ကျွန်တော့်လက်ကို ဆောင့်ဖြုတ်ကာ ကားပေါ်မှ ပြေးဆင်းသွားတော့သည်။ ဒီတစ်ခါလည်း သူမကို ကျွန်တော် ကူညီမိပြန်သည်။ သူမသည် ကျွန်တော့်အား မျက်ရည်တွေကြားထဲမှ အားကိုးတကြီး လှမ်းကြည့်သည်။ ထိုနောက် အိတ်ထဲမှ စာရွက်တစ်ခုကို ထုတ်လိုက်ပြီး စာရေးကာ ကျွန်တော်အား လှမ်းထိုးပေးသည်။


“ကျွန်မ ရှင့်ကို ကျေးဇူးအရမ်း တင်မိပါတယ်။
ဟိုနေ့ကတည်းက ကျေးဇူးတင်ကြောင်းပြောချင်နေတာပါ။ ကျွန်မကို ခွင့်လွှတ်ပါ။
ကျွန်မက စကားမပြောတတ်လို့ ရှင့်ကို ကျေးဇူးတင်ကြောင်း မပြောဖြစ်ခဲ့တာပါ။”

ထိုစာကို ဖတ်ပြီးချိန်တွင် ကျွန်တော့် ရင်ခွင်ဘယ်ဘက်အခြမ်းမှ စူးစူးနင့်နင့် ခံစားမိလိုက်သည်။ သူမကို အထင်လွဲမိသည်မှာ ကျွန်တော့် အကြီးအကျယ် မှားသွားခဲ့ပြီ။ သူမ၏ စာရွက်လေးကို ကြည့်ပြီး ကျွန်တော့် ငိုင်နေမိသည်။ ကျွန်တော့်ဆင်းရမည့် ဂိတ်ရောက်သည်ကိုတောင် ကျွန်တော့် သတိမထားမိတော့။ သူမဘေးက ခုံကို ပြောင်းထိုင်လိုက်ပြီးနောက် စကားတစ်ခွန်းကို လှိုက်လှိုက်လှဲလှဲ ပြောလိုက်မိသည်။

“ကျွန်တော် ခင်ဗျားကို အိမ်ရောက်တဲ့အထိ လိုက်ပို့ပေးပါ့မယ်။”

ထိုနေ့က ကျွန်တော်အိမ်ပြန်လမ်းတစ်လျှောက်လုံး တွေးနေမိသည်မှာ ထိုသနားစဖွယ် မိန်းမပျိုလေး အကြောင်းသာဖြစ်သည်။ နောက်ဆိုလျှင် ကျေးဇူးတင်ကြောင်း တုန့်ပြန်ခံရသည်ဖြစ်စေ ၊ မတုန့်ပြန်သည်ဖြစ်စေ မည်သူ့ကိုမဆို ကျွန်တော်ကူညီနိင်သည့် ကိစ္စမှန်သမျှ ဥပေက္ခာ မပြုတော့ဟု တွေးနေမိတော့သည်။

။။။။။။။။။။။။

( တရုတ်ဝဘ်ဆိုဒ် တစ်ခုမှ ဖတ်မိသည့် အကြောင်းအရာလေးကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
အခြားသူ တစ်ဦးဦးမှ ဤစာစုလေးကို ဘာသာပြန်ပြီးပါက တိုက်ဆိုင်မှုတစ်ခုဟု မှတ်ယူကာ နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။)


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

ရယ်ရယ်မောမော

မယူခင်ကတည်းက
ကောင်မလေး။ ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် အရက်ဖြတ်မှာလား။
ကောင်လေး။ မင်း ဖြတ်စေချင်ရင် ဖြတ်ပါ့မယ်။

ကောင်မလေး။ ဒါဆိုရင် ဆေးလိပ်သောက်တာလည်း ဖြတ်ရမယ်နော်။
ကောင်လေး။ အင်း....မင်းသဘောလေ။ ဖြတ်ပါ့မယ်။

ကောင်မလေး။ ညဘက်တွေ အပြင်ထွက်တဲ့ အကျင့်ကိုလည်း ဖြတ်ရမယ်။
ကောင်လေး။ (ဒေါသသံဖြင့်) အေးကွာ... ဖြတ်မယ်။

ကောင်မလေး။ ဒါဆို အကုန် ဖြတ်ရမယ်နော်။
ကောင်လေး။ ဖြတ်မယ်ဟေ့။ မင်္ဂလာဆောင်မယ့်နေ့ကိုပါ ဖြတ်မယ်။
~~~~~~~~~~~~~~~~~~~~~
ကြက်တူရွေး


လေလံပွဲတစ်ပွဲတွင် လူတစ်ယောက်က ကြက်တူရွေး တစ်ကောင်ကို လေလံဆွဲသည်။
“၃၀၀”
“၃၅၀ ” ဟု ဈေးပြိုင်ပေးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူမှ ဈေးထက်တိုးပေးသည်။
“၄၀၀”

“၅၀၀” ဟု တဘက်မှ ထပ်တိုးပေးပြန်သည်။
“၆၀၀”
“၇၀၀”
အပြိုင်အဆိုင် ဈေးပြိုင်ပေးရင်းဖြင့် နောက်ဆုံး ကြက်တူရွေးကို ၉၀၀၀ ဖြင့် ထိုလူရရှိသွားသည်။
“ဒါထက်.. ဒီကြက်တူရွေးက စကားရော ပြောတတ်ရဲ့လား။”

“ပြောတတ်ပါတယ်ဗျ။ ခုနကတောင် ခင်ဗျားနဲ့ ဈေးအပြိုင်ပေးနေသေးတယ်လေ”

~~~~~~~~~~~~~~~~~~~~~
လက်မှန်လာလို့ပါ

ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂၀ အရောက်တွင် ကွာရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ မိတ်ဆွေများက ယောကျာ်းဖြစ်သူကို ဝိုင်းတားကြသည်။

“နှစ်ပေါင်းများစွာပေါင်းလာပြီးမှ ဆက်ြပီးသည်းခံလိုက်ပါကွာ။ မင်းမိန်းမ အကြောင်းလည်း သိနေတာပဲ။ ”
“မင်းတို့ဘာသိလို့တုန်းကွ။ ငါ့မိန်မက တစ်ဖြေးဖြေး လက်တည့်လာပြီ။ ”
~~~~~~~~~~~~~~~~~~~~~

ကျောင်းအုပ်ကြီး

မနက် ၇နာရီခွဲတွင် အမေက သားဖြစ်သူကို နှိုးသည်။
အမေ။ ထတော့လေ။ ကျောင်းနောက်ကျတော့မယ်။
သား။ အမေ ကျွန်တော် ကျောင်းမသွားပါရစေနဲ့..။
အမေ။ ဟဲ့ ဘာဖြစ်လို့လဲ..။
သား။ ကျောင်းက ကလေးတွေက ကျွန်တော်ကို မကြိုက်ကြဘူး။ ဆရာ၊ဆရာမတွေကလည်း အမြင်ကပ်နေပုံပဲ။ ကျောင်းစောင့်က အစ..။
အမေ။ မင်း အပိုတွေ ပြောမနေနဲ့။ ကျောင်းအုပ် လုပ်တာပဲ အနှစ် ၂၀ ရှိတော့မယ်။
~~~~~~~~~~~~~~~~~~~~~
ခဏတော့စောင့်ပါ

လူ။ နတ်မင်းကြီးခင်ဗျာ..နှစ်ပေါင်းတစ်ရာက နတ်မင်းကြီးအတွက် ဘယ်လောက်ကြာလဲခင်ဗျ။
နတ်။ တစ်မိနစ်လောက်ပဲ ကြာတာပေါ့။
လူ။ ဒါဆို ငွေသိန်းတစ်ရာကရော..။
နတ်။ အကြွေစေ့ တစ်စေ့လောက်ပဲ ရှိတာပေါ့။
လူ။ ကျွန်တော့်ကို အဲဒီအကြွေစေ့ တစ်စေ့လောက် ချေးပါလား။
နတ်။ အေး ချေးမယ်။ တစ်မိနစ်စောင့်။

~~~~~~~~~~~~~~~~~~~~~

လစ်မလားလို့


လူတစ်ယောက် မီးပွင့်နီနေသည်ကို ဆိုင်ကယ်နှင့် ဖြတ်ကူးသည်ကိုတွေ့တော့ ရဲက လှမ်းတားသည်။
ရဲ။ မင်း မီးပွင့်နီနေတာကို မတွေ့ဘူးလား။
လူ။ တွေ့ပါတယ်။
ရဲ။ ဒါဆို ဘာလို့ ဖြတ်မောင်းတာလဲ။
လူ။ ဆရာ့ကို မတွေ့လို့ပါ..။
~~~~~~~~~~~~~~~~~~~~~
အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။
ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”
~~~~~~~~~~~~~~~~~~~~~

အေးဆေးပါ
တက်စီကားတစ်စီးပေါ်ကို လူတစ်ယောက် တက်လာတယ်။
“ကားဆရာ လေယာဉ်ကွင်းကို မြန်မြန်လေး မောင်းပေးပါ။”
“လေယာဉ်ချိန်က ဘယ်အချိန်လဲ။”
“၁၀နာရီ၂၀ပါ။”
“ဒါဆို ဘယ်မှီတော့မလဲ။ အခုပဲ မိနစ် ၂၀ ကျော်နေပြီ။ လေယာဉ်က ခင်ဗျားကို ဘယ်စောင့်တော့မလဲ။ ”
“မောင်းမှာသာ မြန်မြန်မောင်းပါ။ ကျွန်တော်က အဲဒီလေယာဉ်မောင်းမယ့် လူပါ။ ”
~~~~~~~~~~~~~~~~~~~~~
ရယ်မောခြင်းက အသက်ရှည်စေ၏ ။ ဖတ်ဖူးသည့် တရုတ်ဟာသ ကောင်းနိုးရာရာလေးတွေကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ သူငယ်များအားလုံး ပျော်ရွှင်စွာ ရယ်မောနိုင်ကြပါစေရှင်..။

ချစ်ခင်လေးစားစွာ
မြတ်မွန်

ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်နေမိ၏။ ဇနီးဖြစ်သူက မီးဖိုခန်းနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းဆည်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်ကူသည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၍ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအား ပေးခဲ့ပြီးပြီ။ အသုံးမဝင်တော့မည့် ပစ္စည်းများကိုလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။

နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြည်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်နိုင်ငံတွင် ကျွန်တော်လာရောက်အလုပ်လုပ်ကိုင် နေထိုင်နေခဲ့သည်။ သည်နိုင်ငံရောက်ပြီးသုံးနှစ်ခန့်အကြာတွင် ကျွန်တော့်ကဲ့သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ အမျိုးသမီးလေးတစ်ဦးနှင့်တွေ့ဆုံကာ လက်ထပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဦးဘဝတွင် နှစ်ယောက်အတူတကွ လှုပ်ရှားရုန်းကန်ခဲ့ရသည်။ မကြွယ်ဝ မချမ်းသာသေးသော်လည်း လူတန်းစေ့ နေထိုင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် အိမ်ထောင်သက် နှစ်နှစ်ခန့်တွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိလာသည်။ 

သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားလှသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရ၏။ ထိုနောက် သမီးလေးကို မွေးဖွားခဲ့ပါသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန်အတွက် ခွင့်ရက် လေးဆယ့်ငါးရက် ရပါသည်။ ထို့ကြောင့် သမီးလေး တစ်လသားအရွယ်တွင် ဇနီးဖြစ်သူမှာ ခွင့်ရက်စေ့သွားတာကြောင့် အလုပ် ပြန်တက်ရ၏။ သမီးလေးကို အိမ်နီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ဦးကို လခပေး၍ ထိန်းခိုင်းရသည်။ အိမ်တွင်ကလေးထိန်းပေးမည့် အဖိုးအဖွား မရှိသည့် မိသားစုတိုင်း ဤကဲ့သို့ နီးစပ်ရာကို အခကြေးငွေပေး၍ ထိန်းခိုင်းကြရသည်မှာ ရုပ်ဝတ္ထုနောက်ကို လိုက်နေရသော မြို့ပြ၏ ပုံစံခွက်တစ်ခုပင် ဖြစ်သည်။

ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့ပြန်သည်။ သားသမီးနှစ်ယောက်အတွက် ကလေးထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန်အတွက် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နို့မှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က ရှားပါးလှသည်။ ကျွန်တော် အလုပ်သွားချိန်တွင် ကလေးများက အိပ်ယာမှမနိုးသေးဘဲ ကျွန်တော် ပြန်လာချိန်တွင်တော့ ကလေးများက အိပ်ပျော်နေပြီ ဖြစ်သည်။

ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာလည်း မြင့်မားလှပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ ပြန်ပို့ကာသူတို့၏ အဖိုးအဖွားများထံတွင် ခဏတာအပ်ထားပြီ့း ထိုအတောအတွင်းတွင် ကျွန်တော်နှင့် ဇနီးဖြစ်သူက ကြိုးစား၍ ရှာဖွေစုဆောင်းပြီးမှ သားသမီးများကို ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။

သားသမီးများနှင့် ခွဲခွါရ သဖြင့် ကျွန်တော်တို့နှစ်ဦးစလုံး စိတ်မကောင်း ဖြစ်ကြရသည်။ သားသမီးများကို စိုးရိမ်စိတ်၊ သတိရသည့် စိတ်များကြောင့် ရင်တွေ ပူလောင်လွန်းရသည်။ ထိုခံစားချက်များသည် သားသမီးများ၏ ရှေ့ရေးနှင့် ယှဉ်လျှင်တော့ ခံသာသည်ဟု ဆိုရမည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး၏ ရည်ရွယ်ချက်မှာ သားသမီးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး ပညာတတ်များ ဖြစ်စေချင်သည်။ ထို့ကြောင့် ကလေးများကို သတိရချိန်တွင် အလုပ်ကိုသာ ပို၍ကြိုးစားဖြစ်သည်။ အားလပ်ရက်များတွင်ပါ အချိန်ပိုဆင်းသည်။ ကလေးစရိတ်များ သက်သာသွားတာကြောင့် နှစ် နှစ်ခန့် အကြာတွင် အနည်းငယ်စုဆောင်းမိလာသည်။ ထို့နောက် သားနှင့် သမီးကို ကျွန်တော်တို့နှင့် အတူထားရန် ပြန်ခေါ်လာဖြစ်ခဲ့တော့သည်။

*****

သားသမီးများ ပြန်ရောက်သည့် နောက်ပိုင်းတွင် မိသားစု ဘဝလေး ပို၍သာယာ ပျော်ရွှင်လာခဲ့ရသည်။ သားနှင့်သမီးကို အနီးနားရှိ ကျောင်းတွင် ထားသည်။ ကလေးများကို မြန်မာပြည်တွင် ထားသည့် နှစ်နှစ်ကျော်အချိန်အတွင်းတတ်လာခဲ့သည့် မြန်မာစကားများကို ပြန်မေ့မသွားစေရန် မြန်မာလိုသာ ပြောဆို ဆုံးမဖြစ်သည်။ ဇနီးဖြစ်သူက ကလေးများကို အားလပ်ချိန်တွင် ဘုရားရှိခိုးနည်းများ သင်ပေး၏။

သို့သော် ကျွန်တော်တို့ မိသားစု အတူတကွ ဆုံတွေ့ချိန်က ညပိုင်းများသာ ဖြစ်သည်။ ကျွန်တော်တို့ အလုပ်တက်နေချိန်တွင် သားနှင့်သမီးမှာ တနေကုန်ကျောင်းတက်ကြသည်။ မိသားစုဘဝ ဆုံတွေ့ချိန် နည်းလှသည့် သည်နိုင်ငံတွင် ကျွန်တော် မထင်ထားသည့် ဆိုးရွားမှု တစ်ခုရှိလာသည်။ ထိုအရာမှာ သားသမီးများကို ကျောင်းထားပြီး တစ်နှစ်ကျော်ခန့်အချိန်တွင် စတင်ခဲ့သည်။

တစ်နေ့တွင် ကျွန်တော်အလုပ်မှ အချိန်အနည်းငယ် စောကာပြန်လာသည်။ အိမ်တံခါး ဖွင့်ပေးရန် ခေါင်းလောင်းကို နှိပ်လိုက်၏။ ကျွန်တော့် သားလေးက တံခါလာဖွင့်ပေးသည်။ တံခါးဖွင့်သံကြားသည့် ကျွန်တော့်ဇနီးက မီးဖိုခန်းထဲမှ လှမ်းအော်မေးသည်။

“ တံခါးကို အရမ်း မဖွင့်နဲ့။ ဘယ်သူလဲကြည့်အုံး။”

“လောင်မား။ နီးလောင်ကုန်းလား။” 

သားငယ်၏ (အမေအိုကြီး နင့်ယောင်္ကျား) ဟု ပြန်ဖြေသံကို ကြားရသဖြင့် ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ထိုနောက် လွယ်ထားသည့် အိတ်ကို ဘေးတွင်ချပြီး သားကိုဆုံးမရတော့သည်။

“သားငယ်လေး။အဲဒီလို မပြောရဘူး။ ဖေဖေ ၊ မေမေ လို့ ခေါ်ရတယ်လေ။”

ကျွန်တော်ဆုံးမတော့ “ဟုတ်”ဟု ဆိုကာ ပြေးထွက်သွားသည်။ ထိုကဲ့သို့ မိဘကို အခေါ်အဝေါ်များသည် ကာတွန်းကားများထဲမှ အတုယူထားခြင်းဖြစ်မည်ထင်၏။ သည်နိုင်ငံတွင် ကလေးများကြိုက်ကြသော (လပီရှောင်ရှင်း) ဟု အမည်ရသည့် ကလေးဆိုး ကာတွန်းကားမှာ ခေတ်စားလှသည်။ ထိုထဲတွင် လူကြီးမိဘများကို ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ကလေးများကို ပိုမိုဂရုစိုက်ပေးဖို့ ဇနီးဖြစ်သူကို မှာကြားရတော့သည်။

“မင်း ကလေးတွေကို နည်းနည်းပါးပါး ဆုံးမပါအုံးကွာ ။ ကလေးတွေ အကျင့်ပျက်နေပြီ။ ”

ဇနီးဖြစ်သူကို ထပ်သတိပေးသော်လည်း ကျွန်တော်တို့ နှစ်ယောက်စလုံး အားလပ်ချိန်များတွင် ကလေးများကိုပြောဆိုဆုံးမလေ့ ရှိပါသည်။ သို့သော် ထိုကဲ့သို့ အားလပ်ချိန်မှာလည်း များများစားစား ရှိလှသည်မဟုတ်။ ဆုံးမသည့် အချိန်ခဏသာ “ဟုတ်” ဟုခေါင်းညိတ်ကြသည်။ ပြီးလျှင်မေ့သွားကြပြန်သည်။ တစ်ခြား ကလေးများမှာလည်း ထိုနည်းတူ၊ ထို့ထက်ပိုဆိုးသည်များသာ ဖြစ်သည်ကိုလည်း အမြဲမြင်တွေ့နေရတာကြောင့် ကျွန်တော့်ကလေးများအတွက် ရင်ပူမိသည်။

ကျောင်းတွင် ကလေးများကို ရိုက်နှက်ဆုံးမခွင့် မရှိပါ။ ကျောင်းသားကို ရိုက်မိသဖြင့် ရဲတိုင်ခံရသည့် ဆရာများ အကြောင်း မကြာခဏကြားနေရသည်။ ဆရာများတွင်သာ မဟုတ်။ မိဘဖြစ်သူအနေဖြင့်လည်း သားသမီးကို ရိုက်နှက်ဆုံးမိလျှင် ရဲတိုင်ခံရပြန်သည်။ တစ်သက်နှင့်တစ်ကိုယ် မကြားဖူးသော ဓလေ့ထုံးစံဖြစ်၏။ ထိုဓလေ့ကြောင့် သားသမီးများက မိဘကို ရိုသေရကောင်းမှန်း မသိ။ ဆရာများကိုလည်း ကြောက်ရကောင်းမှန်း မသိကြတော့ပါ။ အရွယ်ရောက်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြမည်ဆိုသည့် အတွေးများကြောင့်လည်း လူကြီးမိဘများအပေါ် ရိုင်းစိုင်းရဲကြခြင်းဖြစ်မည်။ ထိုအရာသည် လွတ်လပ်ခွင့်၏ ဘေးထွက်ဆိုးကျိုးဟု ကျွန်တော်ထင်မိသည်။

ကျွန်တော်တို့ ယခုအသက်အရွယ် ရောက်သည်အထိ လမ်းတွင် ဆရာ၊ ဆရာမများကိုတွေ့လျှင်လက်နောက်ပစ်၍ဖြစ်စေ၊လက်အုပ်ချီ၍ဖြစ်စေ နှုတ်ဆက်ကြရသည်။ ခေါင်းကလေးငုံ့ကာ ဖြတ်လျှောက်ကြသည်။ အခါကြီးရက်ကြီးများတွင် မိဘ ဆရာသမားများကို သတိတရ သွားရောက် ကန်တော့လေ့ရှိသော်လည်း ယခုအချိန်ထိ ကျွန်တော်တို့ ဇနီးမောင်နှံမှာ ပြန်ကန်တော့ခံခွင့်မရသေး။ သက်ပြင်းတစ်ချက်သာ လေးလေးပင်ပင် ချလိုက်မိတော့သည်။

အခွင့်သာတိုင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကျွန်တော်နှင့်ဇနီး ဖြစ်သူ၏ ဆိုဆုံးမသော်လည်း သည်နိုင်ငံယဉ်ကျေးမှုဓလေ့စရိုက်များ အောက်တွင် မှုန်ဝါးဝါး ဖြစ်ရလေ့သာရှိသည်။ ကလေးနှစ်ယောက်စလုံး၏ စိတ်ထဲတွင် သူတို့ကိုယ်ကို သည်နိုင်ငံသားများဟုသာ အတွေးဝင်နေကြပုံရသည်။ နုနယ်သော သူတို့နှလုံးသား များထဲတွင် ဓလေ့စရိုက်ဆိုးများက အမြစ်တွယ်စပြုနေပြီထင်သည်။ ကြာလာတော့ ပြောဆို ဆုံးမရတာပင် စိတ်ပျက်စပြုလာတော့သည်။ အိမ်ပြန်ရောက်လျှင် မြင်ရတွေ့ရသည်မှာ စိတ်မချမ်းသာ။ ကလေးများကတော့ အခြေအနေပို၍သာ ဆိုးလာတော့သည်။ သမီးနှင့်သားမှာ တဖြေးဖြေး အရွယ်ရောက်လာသည်မှာ သမီးက ၁၀ နှစ် သားက ၈ နှစ်အရွယ်သို့ပင်ရှိပြီ။ မောင်နှစ်မ အချင်းချင်းလည်း သည်နိုင်ငံ၏ လူနေမှုဘဝ ဓလေ့အတိုင်းသာ ဆက်ဆံကြသည်ကို မကြာမကြာ မြင်နေရသည်။

မောင်နှမအချင်းချင်း ပစ္စည်းညွှန်လျှင်လည်း ခြေထောက်နှင့်သာ ညွှန်ကြသည်။ ပန်ကာ ပိတ်လျှင် ခြေထောက်ဖြင့် ပိတ်ကြသည်။ တီဗီပါဝါခလုတ်ကို ခြေထောက်ဖြင့် ဖွင့်ကြသည်။ တွေ့လျှင် ဆုံးမသော်လည်း ကျောင်းတွင် ကျောင်းသားချင်းဆီမှ ကူးစက်လာဟန်တူသော ဓလေ့စရိုက်များက အရိုးစွဲစပြုနေပြီထင်ူသည်။ ဆုံးမရတာ များလာသည်ကြောင့် သမီးနှင့်သားကလည်း မိဘများနှင့် မျက်နာချင်းဆိုင် ရှိနေချိန်နည်းလာသည်။ မိသားစု ဘဝသည် ယခင်လို ပျော်ရွှင်ဖွယ် မကောင်းတော့။ သက်ပြင်းများဖြင့်သာ နေ့ရက်များကို ဖြတ်သန်းရတော့သည်။ ထိုသို့ဖြင့် ရင်ခွင်တစ်ခုလုံး လောင်မီးကျတော့မည့် နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က တနင်္ဂနွေ အားလပ်ရက်ဖြစ်တာကြောင့် အိမ်တွင် မိသားစု စုံညီနေသည်။

“သမီး အမေ့ကို တီဗီရီမုပေးစမ်း ”တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိုင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။

“အင့်ဟာ...”

“ဖုန်း...”

“ဖုန်း...”

“ငါတို့ဒီလောက်ဆုံးမနေရဲ့နဲ့ကိုရိုင်းစိုင်းလိုက်ကြတာ။မိဘကိုပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း”

ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် မထင်မှတ်သည့် စကားကို သမီးကြီးက ပြောချလိုက်သည်။

“ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”

ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိုင်။ကျွန်တော်အသက်ရှူရပ်တန့်သွားပြီဟုပင်ထင်မိသည်။နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ လည်ပင်းတွင် အညစ်ခံထားရသလို မည်သည့်စကားမျှ ပြန်မပြောနိုင်တော့။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။

“ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ”

“အဖေက ငါ့ကို ဘာလို့ရိုက်လဲ”

သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိုင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။

“ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”

“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” 

“ငါအခုရဲတိုင်မယ်..။ရဲကို ခေါ်ဖမ်းခိုင်းမယ်”

 ထိုစကားစုသည် ပဲ့တင်သံများအဖြစ် နားစည်ဝမှ နှလုံးအိမ်ထဲအထိ အခါခါ ရိုက်ခတ်နေတော့သည်။ ပြိုကျသွားသည့် အိမ်တစ်လုံးကို စောင့်ကြည့်နေရသူ အိမ်ရှင်တစ်ယောက်၏ နာကျင်မှုမျိုးထက် ပိုမိုသည့် ဝမ်းနည်းခြင်းများစွာက ကျွန်တော့်ကို လွှမ်းမိုးထားပါသည်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်ထားသည့် မိသားစုအိမ်ကလေး တအိအိဖြင့် ပြိုကျသွားခဲ့လေပြီ။

ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညဥ့်နက်လှပြီ။ ဇနီးဖြစ်သူက မအိပ်သေးဘဲ စောင့်နေသေးသည်။ ကျွန်တော့်ကိုမြင်တော့ ဇနီးဖြစ်သူက လှမ်းဖက်သည်။ ကျွန်တော်လည်း ပြန်လည်ပွေ့ဖက်ကာ သူ့ကျောလေးကို ခပ်သာသာပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ နာကျင်နေသော နှလုံးခုန်သံများက နှစ်ဦးသားစလုံးတွင် ထပ်တူဖြစ်နေလိမ့်မည်။ ဇနီးဖြစ်သူကို ကျွန်တော် စကားတစ်ခွန်းပြောလိုက်သည်။

“ကိုယ်တို့ မြန်မာပြည် ပြန်ကြစို့ကွာ” 

ဇနီးဖြစ်သူက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြ၏။ သားသမီးများ၏ အနာဂတ်အတွက် သူလည်း ဘာမဆို စွန့်လွှတ်ဖို့ တွေးထားမည် ထင်ပါသည်။ ရုပ်ဝတ္ထုများနောက်ကိုလိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့။ လက်မခံနိုင်သော ဓလေ့စရိုက်များရှိရာမှ ကျွန်တော်တို့မိသားစု ရုန်းထွက်ရတော့မည်။ သားသမီးများ၏ အနာဂတ်အတွက်ဆိုလျှင် ရရှိလာနိင်မည့် ပြည့်စုံကြွယ်ဝမှုများနှင့် ကျွန်တော်တို့ အလွယ်တကူ လဲလှယ်ဝံ့ပါသည်။ ထိုခံယူချက်ကြောင့်ပင် ကိုယ့်မြေကိုယ့်ဌာနေကိုသာ ပြန်ရန် ဆုံဖြတ်လိုက်ကြခြင်း ဖြစ်ပါတော့သည်။ ကြီးသူကိုရိုသေ ငယ်သူကိုလေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘဝ အိမ်ကလေးတစ်လုံးအသစ်ပြန်ဆောက်ကြမည်။ထိုအိမ်လေးကိုတော့ မေတ္တာဖြင့်မိုး၍ နှလုံးသားနှင့် ကာရံထားပါမည်။
*******************
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်


နောက်ဆက်တွဲ ဖြည့်စွက်ချက်။ ။
 
ကျွန်မ သည်ဝတ္ထုတိုလေးကို ဒုတိယအကြိမ်မြောက် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ဦးဆုံး အွန်လိုင်းရွှေဝတ္ထုတိုဆုပေးရေးအဖွဲ့ကဆန်ကာတင်စာမူတွေကို အရင်ရွေးချယ်ပါတယ်။ ထိုမှတစ်ဆင့် ဆန်ကာတင် စာမူလေးတွေကို အကဲဖြတ် ဆရာ၊ ဆရာမများက ထပ်မံ အမှတ်ပေး အကဲဖြတ်ကြပါတယ်။ စေတနာ နဲ့ အကဲဖြတ်သည့် ဆရာ၊ဆရာမများကတော့

ဆရာဦးဝင်းငြိမ်း
ဆရာဦးနေဝင်းမြင့်
ဆရာမဒေါ်နုနုရည် (အင်းဝ)
ဆရာမဒေါ်ခင်ခင်ထူး
ဆရာဦးမင်းဒင် တို့ ဖြစ်ပါတယ်။ ဆရာ တစ်ဦးချင်းကနေ အမှတ်ပေး သုံးသပ် အကဲဖြတ်ပြီးမှ ကျွန်မရဲ့ မေတ္တာဖြင့်မိုး ဝတ္ထုတိုလေး နေရာတစ်ခုရသွားခဲ့တာပါ။ အတိုင်းထက်အလွန် ဝမ်းမြောက်မိပါတယ်။ ကျွန်မလေးစားရတဲ့ ဆရာ၊ဆရာမတွေက ကျွန်မ စာမူလေးအပေါ် ဝေဖန်သုံးသပ်ပြီး ထိုက်သင့်တဲ့ အမှတ်ကလေးပေးကာ ရွေးချယ်ပေးတဲ့အတွက် အရမ်းတန်ဖိုးထားမိတယ်။ ကျေးဇူးလည်းတင်မိတယ်။ ဆရာ၊ဆရာမတွေနဲ့ တွေ့ခွင့်ရအောင် စီစဉ်ပေးတဲ့ sbogs အဖွဲ့က ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ 

ဆရာ၊ဆရာမတွေရဲ့ မှတ်ချက်လေးတွေက ကျွန်မ အတွက်တော့ ဆုရခြင်း ၊ မရခြင်းထက် တန်ဖိုးအရှိဆုံးနဲ့ အကောင်းဆုံးသော ဆုလက်ဆောင်တစ်ခုပါပဲ။ 



ဆရာများ၏ သုံးသပ်ချက်များ

ဆရာဦးဝင်းငြိမ်း၏ မှတ်ချက်





ဆရာမ ခင်ခင်ထူး၏ မှတ်ချက်
ဆရာဦးမင်းဒင်၏ မှတ်ချက်
၁။ မေတ္တာဖြင့်မိုး၊နှလုံးသားနှင့်ကာ (မြတ်မွန်)

ယခုတကြိမ်ပေးပို့လာသောစာမူများအနက် အနှစ်သက်ရဆုံး၊ တန်းဝင်စာတပုဒ်ဖြစ်သည်။ ဇာတ်လမ်းမှာ ထိုင်ဝမ်နိုင်ငံတွင် တဆယ့်ငါးနှစ်တာမျှနေထိုင်ခဲ့သော မြန်မာမိသားစုတခုအနေဖြင့် မိရိုးဖလာယဉ်ကျေးမှု များမှုန်ဝါးပျောက်ကွယ်ခဲ့ရပုံကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ သူပေးထားသော ခေါင်းစဉ်သည် သူ့ဝတ္ထုပါ အကြောင်းအရာနှင့် အံဝင်ခွင်ကျရှိလှသည်။

သူ့ရေးသားတင်ပြဟန်သည် ရိုးရှင်းသည်။ အကြောင်းအရာသည်လည်း သူသူငါငါနားရည်ဝနေသည့် အကြောင်းအရာဖြစ်သည်။သို့လင့်ကစား သူ၏တင်ပြပုံကျွမ်းကျင်မှုကြောင့် ဝတ္ထုသည်စာဖတ်သူကို ဝေဒနာ တခု ပေးနိုင်ခဲ့သည်။ အရိုးဆုံးတင်ပြကာအကောင်းဆုံးခံစားမှုကိုပေးနိုင်စွမ်းသဖြင့် ဝတ္တုတိုကောင်းတပုဒ်၏ အင်္ဂါရပ် နှင့်ညီညွတ်လျက်ရှိသည်။ သူ့ဝါကျနှင့်စာပိုဒ်အဆုံးများကို “သည်။”နှင့်ချည်းနီးပါး အဆုံးသတ်ထားသည့်တိုင် ရသပေးစွမ်းနိုင်စွမ်း လျော့ပါးမသွားသောအချက်သည် နည်းယူစရာ ကောင်းလှသည်။ ကာလစဉ်အချိတ်အဆက် ကောင်းမွန်သည်။

ဝတ္ထုတို၏အဖွင့်တွင် အစီအရီထောင်ထားသော ခရီးဆောင်အိတ်များမှသည် ဇာတ်လမ်းအဆုံး ဇနီးဖြစ်သူ သက်ပြင်းတချက်ချကာ ခေါင်းငြိမ့်သည်အထိ အချိတ်အဆက်မိသည်။ မိမိ၏လက်တကမ်းမှ အဖြစ်အ ပျက်များကို မှန်ကန်သောဒေါင့်မှ ချောမွေ့ပြေပြစ်စွာရေးသားနိုင်ခြင်းပင်လျှင် စာရေးသားခြင်း အတတ်ပညာ တခု ဖြစ်၍ ကြီးကျယ်ခန်းနားသောအဖြစ်များကို မမီမကမ်းရေးသားရန်အားထုတ်နေကြ သူများအဖို့ အတုယူဖွယ် ဖြစ် သည်။

အကဲဖြတ်သူတဦးအနေဖြင့် အားနည်းချက်ကို ထောက်ပြရန်တာဝန်ရှိသည့်အားလျှော်စွာ ၊ အဆိုပါဝတ္ထုတိုတွင် သားသမီးနှစ်ဦးကို မြန်မာပြည်ရှိမိဘများထံ ပြန်လည်ပို့ဆောင်ခဲ့သည်အချက်ကို ယခုထက်ပိုမိုပီပြင်စွာ စာတကြောင်း ၊ စာတပိုဒ် ဖြင့် ထည့်သွင်းဖော်ပြနိုင်ပါမူ ဤဝတ္ထုတိုသည် စင်းလုံးချောလာနိုင်သည် ဆိုချင်ပါသည်။ အောင်မြင်သောကလောင်တချောင်းအဖြစ်မျှော်လင့်မိသည်။
သတ်ပုံအမှားအချို့ရှိလင့်ကစား ခွင့်လွှတ်နိုင်ဖွယ်ရာဖြစ်ပါသည်။

ယခုအကဲဖြတ်ချက်ကိုရေးနေစဉ်မှာပင် .. (လောင်မား၊နီးလောင်ကုန်းလား) (နင်ငါ့ကို ရိုက်တယ်၊အေး .. ငါအခုရဲတိုင်မယ်၊ရဲကိုခေါ်ဖမ်းခိုင်းမယ်) ဟူသော ကလေးငယ်တို့၏ အော်ဟစ်သံကို ကြားယောင် မြင်ယောင်ဆဲဖြစ်ရသည်။ ဤသည်ပင်လျှင် ဤဝတ္ထု၏ အောင် မြင်သောအချက်ဟု ဆိုချင်ပါသည်။ (၁၈)မှတ် ပေးလိုပါသည်။

ဆရာ၊ဆရာမ များအားလုံးကို ထပ်မံကျေးဇူးတင်ရင်း အွန်လိုင်းရွှေဝတ္ထုတိုဆုပေးပွဲ အဖွဲ့ကြီး ဆက်လက် အောင်မြင်ပါစေ၊ အွန်လိုင်းက ကလောင်သစ်များစွာကိုလည်း ဆက်လက် မွေးဖွားနိုင်ပါစေလို့..

 လေးစားသောအားဖြင့်
 မြတ်မွန်