နွားအို

“မောနင်း”

“မောနင်းချိုလေး ”

ကုမ္ပဏီထဲ အဝင်မှာပင် ချိုလေးက လှမ်းနှုတ်ဆက်သဖြင့် ပြန်နှုတ်ဆက်လိုက်၏။

“နေကောင်းသွားပြီလား”

“ကောင်းကောင်းတော့မပျောက်သေးဘူးဟ။ လူကတော့နည်းနည်းနုံးနေသေးတယ်”နေမကောင်း၍ ခွင့်ယူထားရာမှ အလုပ်ပြန်တက်သည့် ကျွန်မကို လုပ်ဖော်ကိုင်ဘက် ဖြစ်သည့် ချိုလေးက သတင်းမေးခြင်းဖြစ်သည်။ ကျွန်မ၏ အလုပ်စားပွဲတွင် ပစ္စည်းများ နေရာချနေစဉ် ချိုလေးက အနားရောက်လာကာ အသာလက်ကုတ်သည်။ ဘာလဲ ဆိုသည့်သဘောဖြင့် ကျမက မေးဆတ်ပြလိုက်တော့

“လေးလေ အလုပ်ထွက်ပြီ သိလား”

“ဟင်... ဘာဖြစ်လို့လဲ။ ဟုတ်လို့လား။ မဖြစ်နိုင်တာ”

 “တကယ်ပြောတာပါဆို။”

“ဟယ် ဘယ်လိုဖြစ်တာလဲ။ စိတ်မကောင်းစရာ”

“အေးလေ။ နေအုံးဟာ။ အလုပ်အားမှ ပြောပြမယ်။ ”

အလုပ်တက် ခေါင်းလောင်းသံ မြည်နေသဖြင့် ချိုလေးလည်း သူ့နေရာသို့ ပြန်သွားသည်။ ကျန်ရစ်ခဲ့သည့် ကျွန်မမှာတော့ စာပွဲပေါ်က စာရွက်စာတမ်း တစ်ချို့ကို ရှင်းလင်းရင်း ချိုလေးပြောခဲ့သည့် လေးလေအလုပ်ထွက်ပြီဆိုသည့် သတင်းက အတွေးထဲဝင်လျှက်ရှိနေသည်။ ထိုသတင်းက မယုံနိုင်စရာဖြစ်သလို စိတ်မကောင်းစရာသတင်းလည်း ဖြစ်သည်။ လေးလေ၏ လုပ်သက်အရဆိုလျှင် ပင်စင်ယူရန် အချိန်သိပ်မလိုတော့။ နောက် နှစ် နှစ်ခန့်ဆိုလျှင် ပင်စင်ရတော့မည်။ ထို့ကြောင့် လေးလေ အလုပ်ထွက်သည်မှာ မယုံနိုင်စရာ ဖြစ်နေမိသည်။ ခွင့်ယူထားသည့်ရက်အတွင်းမှ အလုပ်ကြွေးများကို ရှင်းနေရင်းနှင့်ပင် လေးလေ၏ ပုံရိပ်တို့က ကျွန်မအတွေးထဲတွင် တဖျတ်ဖျတ် ပေါ်လာနေတော့သည်။

ကျွန်မ သည်ကုမ္ပဏီတွင် အလုပ်ဝင်စချိန်တွင် လေးလေအုပ်ချုပ်သည့် ဌာနတွင် လုပ်ရသည်။ သိကျွမ်းရသည့် လုပ်ဖော်ကိုင်ဖက်သစ်များက ကျွန်မကံကောင်းကြောင်း ပြောကြသည်။ တခြားဌာနမှ အလုပ်သမားများပင် လေးလေ၏ ဌာနတွင် လုပ်ချင်ကြသည်ဟု သူတို့ဆက်ပြောတော့ ထိုလေးလေဆိုသည့် အရာရှိကို စိတ်ဝင်စားသွားနေမိသည်။ သူကဘာလဲ။ ဘယ်လိုလူမျိုးလဲ။ ဘာတွေ တော်လို့ အလုပ်သမားများ နှစ်သက်ရသလဲ ဆိုပြီး ကျွန်မ တွေးဖြစ်ခဲ့သည်။ ထိုမေးခွန်းများ၏ အဖြေကို သိရဖို့ ကျွန်မ ကြာကြာ မစောင့်လိုက်ရ။ 

ပထမဦးဆုံးနေ့ အလုပ်ဝင်ချိန်၏ အဖြစ်အပျက်လေးတစ်ခုက စတင်လေသည်။ အလုပ်တက်ပြီး တစ်နာရီ ဝန်းကျင်ခန့်တွင် လေးလေဟု ဆိုသည့် ဌာနမှူး ကျွန်မအနားသို့ ရောက်လာခဲ့သည်။ အသက် ငါးဆယ် ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြည့်မိပြီး  ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ရှိသည့် တည်ကြည် ကြည်လင်သော မျက်နှာသွင်ပြင်နှင့်ဖြစ်သည်။ သူ့ကို မြင်လိုက်ရလျှင်ချက်ချင်း ဤသူသည် သဘောမနောကောင်း၍ စိတ်ထားဖြူစင်မည့်သူဟု မှတ်ချက်ချမိနိုင်သည်အထိ ခန့်မှန်းမိစေသော အပြုံးနှင့် ဖြစ်သည်။ အပြာနုရောင် ရှပ်အင်္ကျီ လက်ရှည်ဝတ်ထားသည့် လေးလေသည် ကျွန်မအနားသို့ ရောက်လာသဖြင့် မတ်တတ်ရပ်၍ နှုတ်ဆက်တော့ သူကနှစ်လိုဖွယ် ပြုံးပြကာ

“ကျွန်တော့်နာမည် ကျန်းလေးလေပါ။ ဒီက ဝန်ထမ်းတွေ အားလုံးကတော့ လေးလေ လို့ ခေါ်ကြပါတယ်။ အလုပ်နဲ့ ပါတ်သတ်တဲ့ အခက်အခဲတွေ ပြဿနာတွေတိုင်းကို ကျွန်တော့်ကို အချိန်မရွေး ပြောပါ။ အားလုံးအတူတကွနဲ့ အောင်မြင်ပြီးမြောက်အောင် ကြိုးစားကြတာပေါ့”

ခပ်ဖြေးဖြေး နှင့် မှန်မှန် ပြောသည့် သူ့စကားဆုံးတွင်တော့ ကျွန်မ အံ့သြလွန်းသဖြင့် ဘာပြန်ပြောရမှန်း ဝေခွဲမရ။ ခေါင်းတညိတ်ညိတ်ဖြင့်သာ ဟုတ်ကဲ့ခြင်း ထပ်ကုန်တော့သည်။ သူတို့နိုင်ငံသား မဟုတ်သည့်အပြင် သူ၏ လက်အောက်ငယ်သားလည်း ဖြစ်သည့်အပြင် သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်သည့် ကျွန်မကို အရေးတယူ လာရောက်နှတ်ဆက်သဖြင့် ပို၍ အံသြရပြန်သည်။

“ဟုတ်... ဟုတ်... ဟုတ်ကဲ့ပါ” 

“ဒီနေ့မှ အလုပ်စဝင်တာဆိုပေမယ့် ဘာမှ မစိုးရိမ်ပါနဲ့။ မကြာခင် လုပ်ရတာတွေအားလုံး ကောင်းကောင်း နားလည်သွားမှာပါ။ ”

“ဟုတ်ကဲ့။ ဟုတ်ကဲ့”ကျွန်မ ခေါင်းတညိတ်ညိတ် ဖြစ်နေချိန်မှာပင် လေးလေက နှစ်လိုဖွယ်ပြုံးပြကာ သူ့အခန်းထဲ ပြန်ဝင်သွားတော့သည်။ ကျွန်မမှာ အံ့သြစွာ ကျန်ရစ်ခဲ့၏။ ထင်မှတ်မထားသော အဖြစ်ပါ။ တကယ်ဆိုလျှင် လူသစ်တစ်ယောက်အနေနှင့် ဌာနမှူးရုံးခန်းထဲ သွား၍ သတင်းပို့ရမည်ထင်ပြီး ခေါ်ချိန်ကို စောင့်နေစဉ် သူကိုယ်တိုင်ရောက်ချလာကာ မိတ်ဆက်သည့် အဖြစ်မို့ အံ့အားသင့်နေမိခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်မနှင့် လေးလေ ပထမဆုံး မျက်နှာချင်းဆိုင် ဆုံတွေ့သည့် နွေးထွေးလွန်းသည့် ဖြစ်ရပ်ပင်။

လက်အောက်ငယ်သားများကို အလေးအနက်ထားပြီး ဆက်ဆံတတ်ပုံကို ပထမဆုံးတွေ့လိုက်ရသည့် အကြိမ်မှာပင် လေးလေဆိုသည့် လူကြီးကို သတိထားမိတော့သည်။ ထိုအဖြစ်အပျက်သည် ပထမဆုံး အလုပ်စဝင်သည့်နေ့၏ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံဖြစ်သော်လည်း ထိုနေ့၏ တစ်ခုတည်းသော အတွေ့အကြုံမဟုတ်သေးပါ။ နောက်ထပ် အဖြစ်တစ်ခု ကြုံရသေးသည်။ ထိုနေ့တွင် နေ့လည်စာ စားပြီး အလုပ်ပြန်တက်ချိန်တွင် ရုံးအကူကောင်လေးမှ ကျွန်မတို့ ဝန်ထမ်းများကို ကော်ဖီအေးဗူးများကို လိုက်လံဝေငှသည်။ ကော်ဖီဗူးပေါ်မှ တံဆိပ်မှာ နာမည်ရ ကော်ဖီဆိုင် တံဆိပ်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ တစ်ယောက်တစ်ဗူး ပေးသည်ကို စဉ်းစားမရသည့်အတွက် ကျွန်မစားပွဲခုံဘေးမှ ချိုလေးကို မေးရတော့သည်။

“ ဒါက ဘာလုပ်တာလဲ။ ထမင်းစားချိန်တိုင်း အလုပ်က တိုက်တာလား”

“ ဘယ်ကလာ အလုပ်က တိုက်မှာ။ သူဌေးက ဦးကပ်စီးဟဲ့။ ဒီနေ့ ငါတို့ သောက်ရတာ နင့်ကြောင့်”

“ ဟင် ငါ့ကြောင့် ။ ဟုတ်လား။ ဘာဖြစ်လို့လဲ ”

“လေးလေက လူသစ် တစ်ယောက် ဝင်လာတိုင်း အားလုံးနဲ့ မိတ်ဆက်ပေးရင်းနဲ့ ဒီလိုပဲ တခုခု ဝယ်ကျွေးတတ်တယ်ဟ။ ”

“ သူ့ ပိုက်ဆံနဲ့ ဝယ်တာလား” 

“အေးပေါ့ဟ။ သူဝယ်တိုက်တာပေါ့။ ဟော .. ဟိုမှာ လေးလေ ထွက်လာပြီ။”

ရုံးခန်းထဲမှ ထွက်လာသည့် လေးလေကို မြင်တော့ တခြားဝန်ထမ်းများကလည်း ကျွန်မခုံနားသို့ ရောက်လာကြ၏။ ထို့နောက် ကျွန်မကို မိတ်ဆက်သည့် ပွဲလေး စတင်သည်။ ရုံးဝန်ထမ်း တစ်ယောက်ချင်းစီ နာမည်ပြောပြ၍ ကျွန်မနှင့်မိတ်ဆက်ပေးခြင်းဖြစ်သည်။ လေးလေသည် သူ့ဌာနမှ ဝန်ထမ်းများကို ကိုင်တွယ်ပုံမှာ ရိုးရိုးရှင်းရှင်းနှင့် စိတ်နှလုံးသားထဲအထိ နစ်ဝင်စေသော အပြုမူများဖြစ်သည်။ ပထမဆုံးအလုပ်တက်ရသည့် နေ့မှာပင် ကျွန်မအနေနှင့် ဤဌာနတွင် အထီးကျန်မှုများ စိတ်အားငယ်မှုများ လုံးဝမရှိတော့ဘဲ ပျော်ရွှင်ဖွယ် လုပ်ငန်းခွင်ထဲ ရောက်ရှိပြီဟု စိတ်ချယုံကြည်မှုများ ဖြစ်လာရတော့သည်။ 

ထိုသို့စိတ်ခွန်အားရလာခြင်းမှာလည်း လေးလေ၏ ဝန်ထမ်းတိုင်းအပေါ် နွေးထွေးစွာဆက်ဆံတတ်မှုကြောင့်ဖြစ်မည်။ ကျွန်မသည် လေးလေ၏ လက်အောက်တွင် အလုပ်လုပ်ရမည်ဆိုချိန် ကံကောင်းကြောင်း ပြောကြခြင်း၏ အဓိပ္ပါယ်ကို ပထမဆုံးနေ့တွင်ပင် သိသွားရတော့သည်။ လေးလေကို ဝန်ထမ်းတိုင်း ချစ်ခင်ကြသည်မှာ မထူးဆန်း။ လေးလေက ဝန်ထမ်းတစ်ယောက်ချင်းစီ၏ မွေးနေ့များတွင်လည်း သတိတရဖြင့် ကိတ်မုန့်ဝယ်ကာ ရုံးခန်းထဲတွင် မွေးနေ့ကိတ်ခွဲ၍ ကျင်းပပေးစေသူလည်း ဖြစ်သည်။ သူ့လက်အောက်ရှိ အလုပ်သမားများမှာ ငယ်ပေါင်းကြီးဖော်သဖွယ် ရင်းနှီးကြ၍ အလုပ်ကိုမခိုမကပ် လုပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး တုဖက်ပြိုင်ခြင်းမရှိဘဲ လိုအပ်သည့် အကူအညီများကို အပြန်အလှန်ပေးကြ၍ ကျွန်မတို့ဌာနတွင် တနေ့စာအလုပ်များ မပြီးပြတ်သည်မှာ မရှိသလောက်ရှားပါးသည်။ 

အလုပ်သမားများအပေါ် ဂရုစိုက်သကဲ့သို့ လုပ်ငန်းခွင်နှင့် ပါတ်သတ်လျှင်လည်း လေးလေက ရှာမှရှားသည့် လူမျိုးဖြစ်မည်ဟု ကျွန်မ မှတ်ချက်ချမိသည်။ကုမ္ပဏီ၏ဝန်ထမ်းပိုင်း၊ စက်ပစ္စည်းပိုင်းမှစ၍ အဝင်အထွက် စာရင်းပိုင်းအစရှိသည့် ကဏ္ဍတိုင်းလိုလိုကို နားလည်တတ်ကျွမ်းသည့် သူလည်းဖြစ်သည်။ အလုပ်အကိုင် စေ့စပ်သေချာပြီး သူမသိ၊မတတ်သည်က မရှိသလောက်ပင်။ လေးလေဟုဆိုလိုက်လျှင် အလုပ်နှင့်လက် ပြတ်သည် မရှိသည့် လူကြီးတစ်ယောက်ဟု ဆိုရမည်။ လေးလေသည် တစ်ခြားဌာနမှူးများလို စာပွဲခုံတွင် အချိန်ပြည့်ထိုင်ကာ ကွန်ပြူတာ တစ်လုံးနှင့် အလုပ်ရှုပ် နေတတ်ခြင်းမရှိ။ ဝန်ထမ်းတစ်ယောက်စီ၏ အရည်အချင်းများနှင့် အလုပ်ခွင်တစ်ခုလုံး၏ လုပ်ဆောင်ချက် ကဏ္ဍများကိုလည်း အချိန်ရလျှင် ရသလို လေ့လာလေ့ရှိသည်။ ထိုကြောင့် လေးလေကို သူ့စာပွဲတွင် ထိုင်နေလျှက် တွေ့ရသည်မှာ ရှား၏။

တစ်နေ့လျှင် လူတစ်ယောက်၏ အလုပ်ချိန်မှာ ရှစ်နာရီဟု သတ်မှတ်ထားသော်လည်း လေးလေ၏ အလုပ်လုပ်ချိန်မှာ ရှစ်နာရီထက်ပိုသည်။ အလုပ်တက်ချိန်စောရုံသာမက အလုပ်ဆင်းချိန်ကြပြန်တော့ အားလုံးထက်နောက်ကျပြန်သည်။ ကျွန်မတို့ ဝန်ထမ်းတစ်ဦးစီ၏ တစ်နေ့တာ အလုပ်များ အမှားရှိမရှိ ပြန်စစ်ပြီးမှ ပြန်လေ့ရှိတာကြောင့် လေးလေ၏ အလုပ်ဆင်းချိန်တိုင်းက နောက်ကျမြဲဖြစ်သည်။ ထို့ပြင် အလုပ်တက်ချိန်တွင်လည်း အချိန်နောက်ကျပြီးမှ ရောက်သည်မှာလည်း မတွေ့ရသလောက်ပင်။

“ ဟိတ်...။အလုပ်တွေ များနေပြီလား”

နောက်ကျောမှ တစ်ချက်ပုတ်လိုက်၍ ကျွန်မ အတွေးတို့ ရပ်ဆိုင်းသွား၏။ အနားသို့ ချိုလေးရောက်လာခြင်းဖြစ်သည် ။

“အလုပ်ကြွေးတွေဆိုတော့ တဖြေးဖြေးရှင်းရမှာပေါ့။ လေးလေ ဘယ်လိုဖြစ်ရတာလဲ။ ငါ့လည်း ပြောပြပါအုံး။ အလုပ်သာလုပ်နေရတယ် စိတ်မကောင်းဘူးဟာ”

“ငါတို့အားလုံးလည်း စိတ်မကောင်းဖြစ်ကြရတာပါပဲဟာ။ ဖြစ်တာကသောကြာနေ့က အစည်းအဝေးမှာ လေးလေကိုနေရာသစ် ပြောင်းဖို့ပြောရင်းနဲ့ ပြဿနာတက်ကြတာ။ လေးလေကလည်း သူဟိုသွားဒီသွားရတာတွေများပြီပေါ့။ သတ်သတ်မှတ်မှတ်ပဲ လုပ်ချင်တယ် ဘာညာနဲ့ ပြန်ပြောရင်း ဖြစ်ကြတာ။ အစည်းအဝေးပြီးတော့ ဟိုက ရုံးခန်းထဲခေါ်ပြီး ဘာတွေ ပြောလိုက်လဲမှ မသိတာ။ လေးလေက အလုပ်ထွက်စာပါ ချက်ချင်း သွားတင်လိုက်ပါလေရော”

“အဲဒါတော့ မကောင်းပါဘူးဟာ။ သူ့မှာ ဟိုပြောင်းဒီပြောင်းနဲ့ ဘယ်နှစ်ခါ ရှိပြီလဲ”

ချိုလေးက ကျွန်မနားကပ်ကာလေသံလေးဖြင့် ခပ်တိုးတိုးပြောသည်။ 

“သက်သက်ညစ်တာပါဟာ။ ပင်စင်ယူခါနီးပြီလေ။ သိတယ်မဟုတ်လား။ ပေးရမယ့် ပင်စင်ကြေးက နည်းတာမဟုတ်ဘူး။ သူဌေးတွေများ အကျင့်ကိုက တော်တော် ယုတ်တယ်”

“ဟဲ့... ဟုတ် မဟုတ် မသေချာဘဲ လျှောက်ပြောမနေနဲ့လေ။ တော်ကြာ ကြားသွားမှ အလုပ်ဖြုတ်ခံနေရအုံးမယ်”

“သက်သေတော့ ဘယ်ရှိမလဲဟ။ ပညာရှိနည်းနဲ့ဒီလိုပဲလုပ်နေကျလေ နင်လည်း ကြားဖူးမှာပေါ့”

“အင်း...”
ကျွန်မ ခေါင်းကိုသာ ခပ်လေးလေး ညိတ်ပြလိုက်ရတော့သည်။ ချိုလေးကို တားသော်လည်း ကျွန်မကိုယ်တိုင်ပင် ထိုသို့ သံသယ ဝင်နေသည်မှာ ကြာခဲ့ပြီ။ ဤကဲ့သို့ အဖြစ်မျိုးကို ထိုင်ဝမ်နိုင်ငံသားများ မကြာခဏပြောကြသည်ကို ကြားဖူးသည်မှာ များလှပြီ။ ဝန်ထမ်းတစ်ဦး ပင်စင်ယူခါနီးတိုင်း ထိုသို့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တတ်ကြသည့် ကုမ္ပဏီများ ရှိသည်ကို ကြားဖူးသည်။ 

စည်းမျဉ်းဥပဒေများအရ ဝန်ထမ်းတစ်ဦး ပင်စင်ယူချိန်တွင် သူလုပ်ခဲ့သည့် လုပ်သက်ပေါ် မူတည်၍ ပင်စင်ကြေးများ တနင့်တပိုးရလေ့ရှိသည်။ ပင်စင်ယူပြီးချိန်တွင် နောင်ရေး စိတ်အေးစေရန် တလုံးတခဲထဲ ဆုကြေးပေးသည့် စနစ်ဖြစ်သည်။ ထိုဆုကြေးကို ဝန်ထမ်းတိုင်းက မျှော်လင့်အားထားကြသည်။ ထိုကဲ့သို့ တနင့်တပိုး မပေးရလေအောင် သက်တမ်းရင့် ဝန်ထမ်းများကို နေရာရွေ့ပြောင်းခြင်း၊ အလုပ်တာဝန် သတ်သတ်မှတ်မှတ်မပေးဘဲ နေရာအစုံလုပ်ခိုင်းခြင်း၊ ကိုယ့်လက်အောက်တွင် လုပ်ခဲ့ဖူးသူ၏ အကူအဖြစ် ရာထူးပြောင်းခြင်း စသည့် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာများ ဖန်တီးကြ၏။ တစ်ချို့ဝန်ထမ်းများမှာ တနှစ် ၊ နှစ်နှစ်ခန့်ကျန်သည့် ပင်စင်ယူခါနီး အချိန်ကို မျှော်၍ သည်းခံတတ်ကြသလို လေးလေကဲ့သို့ သည်းမခံနိုင်တော့သူများ ကိုယ့်သဘောနှင့်ကိုယ် နှုတ်ထွက်သွား၍ ပင်စင်ကြေး မရသွားသူများလည်း ရှိကြသည်။ ထိုအဖြစ်များကို ကြားရတိုင်း ကျွန်မဝမ်းနည်းမိသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျွန်မကိုယ်တိုင် ထိုအဖြစ်မျိုး ကြုံရလျှင် ခံနိုင်ရည် ရှိနိုင်ပါ့မလားဟု ကြိုတွေးမိသည်။ 

ချိုလေး၏ပြောပြချက်အရ ပြီးခဲ့သည့်အပတ်သောကြာနေ့က လေးလေကို အလုပ်နေရာ အသစ်သို့ ထပ်ပြောင်းရန် အထက်လူကြီးများက စီစဉ်သည်။ ထိုသို့ဆိုလျှင် ယခုတစ်ခေါက်နှင့်ဆိုလျှင် လေးလေ ဌာန ပြောင်းရသည်မှာ သုံးကြိမ်ရှိပြီ။လေးလေကို ထိုသို့ ဆက်ဆံသည်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စသည်ဟု ထင်မိသည်။ ပထမအကြိမ်က ထပ်မံတိုးချဲ့လိုက်သည့်ကုမ္ပဏီအသစ်တွင် ဝန်ထမ်းသစ်များကို သင်ကြား ပေးရန်နှင့် အုပ်ချုပ်ရန်ဟုဆိုကာ သွားရောက်လုပ်ကိုင်ခိုင်းသည်။ ထိုအလုပ်အသစ်သည် ကျွန်မတို့လက်ရှိကုမ္ပဏီနှင့် အတော်အသင့်ဝေးသဖြင့် အလုပ်ဆင်းအလုပ်တက် ယခင်ကထက် အချိန်ပိုပေးရသည်။ နေ့စဉ်အလုပ်တက်ရသည့် ခရီးချိန်၊ ယခင်ကထက် ပိုကြာသော်လည်း လေးလေက မငြီးငြူခဲ့။ သူ့တာဝန်ကျေအောင် လုပ်ပေးဖို့သာ စိတ်ထဲရှိပုံရသည်။

ထိုအလုပ်သစ်တွင် ငါးလခန့် လုပ်ပြီးသည့်နောက် လေးလေကို ကျွန်မတို့ဌာနသို့ ပြန်ပို့လိုက်ပြန်သည်။ လေးလေ လုပ်ခဲ့သည့်နေရာကိုတော့ လက်ထောက်အုပ်ချုပ်ရေးမှူးကို တာဝန်ယူစေ၏။ အကြောင်းပြချက်မှာ ထိုကုမ္ပဏီ ကောင်းစွာလည်ပတ်နိုင်ပြီဖြစ်သည် ဟုဆိုသည်။ လေးလေအနေနှင့် အလုပ်သစ်တွင် အထိုင်ကျရန် ကြိုးစားပြီးမှ ယခင်နေရာသို့ ပြန်ပို့ခံရခြင်းကို စိတ်ရှုပ်စရာဟုဆိုရမည်ဖြစ်သော်လည်း ကျွန်မတို့ဝန်ထမ်းများကတော့ လေးလေလက်အောက်တွင် ပြန်လုပ်ရမည်ဖြစ်၍ ထိုအပြောင်းအလဲကို ကျေနပ်ပျော်ရွှင် ကြရသည်။ ထိုအချိန်ထိလေးလေထံမှ ကောင်းသည်ဆိုးသည်ဟု မှတ်ချက်ချသံ မကြားခဲ့ရသေး။

လေးလေ ဌာနသို့ပြန်ရောက်ပြီး နှစ်လခန့်အကြာတွင် နောက်ထပ်နေရာသစ်တစ်ခုကို ပြောင်းရပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ကုမ္ပဏီတစ်ခုထဲရှိ ပစ္စည်းထုတ်လုပ်ရေး ဌာနဘက်သို့ဖြစ်သည်။ ယခင်အုပ်ချုပ်ရေးမှူးမှာ ပင်စင်ယူသွားသောကြောင့် လစ်လပ်သွားသည့်နေရာတွင် လေးလေကို တာဝန်ယူစေခြင်းဖြစ်သည်။ ထိုနေရာက လေးလေနှင့် မစိမ်းဟုဆိုလျှင်တောင် ကျွမ်းကျင်သည့်အပိုင်း မဟုတ်ပါ။ ထို့ကြောင့် လေးလေအနေနှင့် အသစ်ကပြန်စရသကဲ့သို့ လေ့လာနေရသည်ဟု လူချင်းဆုံမိချိန် ပြောပြသည်။သို့သော် ထိုဌာနသည်လည်း လေးလေအတွက် သစ်မရခင်ဝါးဘောင်ကွပ်ခံရသည့် နေရာမှန်း ခြောက်လခန့်အကြာတွင် သိခဲ့ရတော့သည်။ လတ်တလော အုပ်ချုပ်မည့်သူ မရှိသေးချိန်တွင် ယာယီအစားထိုး ထားခြင်းသာဖြစ်ကြောင်းပြောပြ၍ ယခင်နေရာဟောင်းသို့ ပြန်သွားစေသည်။ ထိုသို့ဖြင့် လေးလေမှာ သူ၏မူရင်း ဌာနဖြစ်သော ကျွန်မတို့ဆီသို့ ဒုတိယအကြိမ် ပြန်ရောက်လာရ ပြန်လေသည်။ ထို့နောက်ပိုင်းတော့ လေးလေတွင် အရင်လို တက်ကြွမှုမျိုး သိပ်မတွေ့ရတော့။လွန်ခဲ့သည့် လေးလခန့်က ကျွန်မတို့ဌာနသို့ လူသစ်တစ်ဦးဝင်လာ၏။ ထိုသူက သာမန် အလုပ်သမားမဟုတ်ဘဲ ကုမ္ပဏီရှယ်ယာရှင်တစ်ဦး၏ တူတော်သူဖြစ်သည်။ လေးလေ၏ အခန်းထဲတွင် နေရာချပေးကာ လေးလေထံမှ ပညာသင်ယူစေသည်။ ထိုစဉ်က လေးလေ ပြောဖူးသည်။

“ငါ့ကို ဘယ်လွှတ်အုံးမလဲမသိဘူး”

“မလွှတ်လောက်တော့ပါဘူးလေးလေရဲ့။ ဘာဖြစ်လို့လဲ”

“ပညာသင်တစ်ယောက် ရောက်နေပြီလေ။ တတ်သွားရင် ငါက တခြားနေရာ သွားရအုံးမယ့်ပုံပဲ။”

“မဟုတ်နိုင်လောက်ပါဘူး လေးလေရာ။ တွေးပြီး စိတ်ညစ်မနေနဲ့။”

“စိတ်ညစ်တာတော့ မဟုတ်ပါဘူး။ ဒီလိုပဲပေါ့ဟာ”လေးလေ၏ ခန့်မှန်းချက်သည် ပြီးခဲ့သည့် သောကြာနေ့အရောက်တွင် မှန်သွားတော့သည်။ ထိုနေ့၏ အစည်းအဝေးတွင် လေးလေနေရာကို ထိုရှယ်ယာရှင်တူဖြင့် အစားထိုးကြောင်း ၊ လေးလေကိုတော့ ယခင်က သွားခဲ့ဖူးသည့် ကုမ္ပဏီအသစ်၌ လက်ထောက်ဌာနမှူးအဖြစ် ပြောင်းရွှေ့ကြောင်း ညွှန်ကြားချက်ထွက်လာသည်။ တတိယအကြိမ်မြောက် နေရာပြောင်း ခံရသည့်အပြင် လက်ထောက်ဌာနမှူးအဖြစ်ပါ ရာထူးလျော့သွားရတာကြောင့် လေးလေအနေနှင့် သီးခံနိုင်င်စွမ်း ကုန်ဆုံးသွားဟန်တူသည်။ အပြန်အလှန်ပြောရင်းဖြင့် ပြဿနာပိုကြီးကာ အလုပ်ထွက်သည့် အခြေအနေထိ ရောက်သွားရခြင်း ဖြစ်သည်။ 

ချိုလေးစကားဆုံးတော့ ကျွန်မ သက်ပြင်းကိုခပ်လေးလေသာ ချလိုက်မိတော့သည်။ မည်သည့်စကားဆိုရမှန်းပင် မသိ။ “ ငါတို့တွေ တားကြပါသေးတယ်။ နောက်တစ်နှစ် နှစ်နှစ်ဆို ပင်စင်ရပြီပဲလို့ သည်းခံပြီး ဆက်လုပ်လိုက်ပါလို့ ပြောပါသေးတယ်။ ခုအဲလို ထွက်သွားတော့ ဘယ်လောက် နစ်နာသွားပြီလဲ”လေးလေတို့လို နှစ်ရှည်လုပ်သက်ရှိသည့် ဝန်းထမ်းများအတွက် ပင်စင်ကြေးမှာ အလွန်များသည်။ ထို့ကြောင့်ပင် တစ်ချို့သူဌေးများ၏ ပညာပြခြင်းနှင့် ကြုံရလေသည်လားဟု တွေးမိသည်။ ပင်စင်ရချိန်နီးလျှင် ဖိအားပိုးများတတ်သည်မှာတော့ အမှန်ပင်။ ပင်စင်ရချိန်နီးလေ ခေါင်းငုံ့ သည်းခံနေရလေဖြစ်၏။ နေရာအတည်တကျမရှိတော့ဘဲ အကူအနေအထားမျိုးထိ လုပ်ခိုင်းတတ်သဖြင့် သီးမခံနိုင်ဘဲ အလုပ်ထွက်ကုန်ကြသည့် ဝန်ထမ်းဟောင်းကြီးများလည်း ရှိခဲ့ဖူးသည်။ ထိုဖြစ်ပျက်များကို သိထားသော်လည်း ယခုလိုအကြောင်းစုံသိရသည့်အခါ ကျွန်မရင်ထဲတွင် ခင်မင် လေးစားဖွယ်ရာကောင်းသော လေးလေအတွက် စိတ်မကောင်းဖြစ်နေမိသည်။

“နေ့လည်ကျရင် လေးလေ သူ့ပစ္စည်းတွေ လာယူလိမ့်မယ်”

“ဟုတ်လား။ ငါတော့ လေးလေကို မြင်ရမှာ သနားနေတယ်ဟာ”

“ငါရောပဲ”

အလုပ်ချိန်တစ်မနက်လုံးတွင် လေးလေအကြောင်းစဉ်းစားမိရင်း အချိန်မည်သို့ကုန်မှန်းပင် မသိလိုက်။ နေ့ခင်းထမင်းစားပြီး ပြန်လာချိန်စက္ကူပုံးတစ်ခုကိုပိုက်၍ ကုမ္ပဏီထဲက ထွက်လာသည့်လေးလေကို တွေ့လိုက်ရ၏။ ရုံးတွင်ကျန်ခဲ့သည့်သူ့ပစ္စည်းများ လာသိမ်း ဆည်းခြင်းဖြစ်မည်။ ထိုမြင်ကွင်းကိုမြင်၍ စိတ်မကောင်းဖြစ်လွန်းလှသည်။ မည်သည့်စကားဖြင့် စတင်၍ နှုတ်ဆက်ရမည်ပင်မသိတော့ပေ။ ချိုလေးက ဦးဆောင်၍ နှုတ်ဆက်လိုက်သည်။

“ လေးလေ ”

“သြော် ..အေး သမီးတို့ ထမင်းစား ပြန်လာတာလား” ဟုချိုချိုသာသာပင် အပြုံးမပျက် နှုတ်ဆက်လာသည်။

“ဟုတ်ကဲ့ ” 

ထိုနောက် ဘာမှထပ်မပြောဖြစ်။ ကျွန်မတို့ ဘာဆက်ပြောရမှန်း မသိသည်ကို ရိပ်မိဟန်တူသည်။

“စိတ်မကောင်းမဖြစ်ကြနဲ့။ ဘဝဆိုတာ ဒီလိုပဲပေါ့ ”

“ဟုတ်ကဲ့”

“လေးလေ ကျန်မာရေး ဂရုစိုက်ပါနော် ”

“အေးအေး သမီးတို့လည်း ဂရုစိုက်ကြ။ ကဲ ကဲ သွားပြီ သမီးတို့ရေ ”လေးလေထွက်ခွါသွားသော်လည်း ကျွန်မတို့မှာ နေရာမှမရွေ့နိုင်သေး။ တဖြေးဖြေး ဝေးသွား သည့်မြင်ကွင်းကိုသာ တိတ်တဆိတ်ငေးကြည့်နေမိတော့သည်။ ကျွန်မနှင့်ချိုလေး တစ်ဦးကို တစ်ဦး ကြည့်မိ၏။ နှစ်ဦးစလုံး၏ မျက်ဝန်းအိမ်တွင် မျက်ရည်ကြည်များ တွဲခိုလျက် ရှိနေကြသည်။ တာဝန်ကျေလွန်းပြီး လက်အောက်ငယ်သားများအပေါ်နွေးထွေးစွာ ဆက်ဆံလေ့ရှိသော လုပ်သားကောင်းကြီးမှာ တသက်တာအသုံးပြုခဲ့သော တိုလီမုတ်စ ပစ္စည်းလေးများ ထည့်ထားသည့်စက္ကူပုံးကြီးကို ပွေ့ပိုက်လျက်မြင်ကွင်းထဲမှ တရွေ့ရွေ့ဝေးကွာသွားတော့သည်။

ဒီနေ့၏ ကျန်ရှိနေသေးသော နေ့တဝက်အလုပ်ချိန်တွင် ကျွန်မတို့ ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်ဟု ခံစားမိသည်။ တခြားဝန်ထမ်းများလည်း လေးလေအတွက် စိတ်မကောင်း ဖြစ်နေကြမည်ဟု ထင်သည်။ ကျွန်မကိုယ်တိုင်ပင် အလုပ်လုပ်နေရသည်မှာ စိတ်မပျော်လှ။ အတွေးများက ဟိုဟိုသည်သည် ရောက်လျက်ရှိသည်။ ဟိုသည်တွေးရင်းဖြင့် ကျွန်မငယ်ငယ်က အဖြစ်တစ်ခုကို ပြန်သတိရမိသည်။ရောသီကျောင်းပိတ်ချိန် အဘိုးနှင့်အဘွားရှိရာ ရွာသို့ သွားလည်ရင်း ထိုအဖြစ်လေးကို သိခဲ့ရသည်။ ယခင်နှစ်များက သွားလည်တိုင်း မြင်နေကျဖြစ်သည့် မြီးကောက် ဟုခေါ်သည့် နွားကြီးကို မတွေ့မိသဖြင့် အဘိုးကို မေးမိသည်။

“အဖိုး.. မြီးကောက်ကြီးရော”

အဖိုးတို့ ခြံဝိုင်းထဲမှ မကျည်းပင်တွင် ချည်ထားသော ခပ်တောင့်တောင့်နွားတစ်ကောင်ကို မြင်မိ၍ မြီးကောက်ကြီးကိုသတိရကာမေးမိခြင်းဖြစ်၏။ အဖိုးကမျက်နှာ ခပ်နွမ်းနွမ်းဖြင့် ဖြေသည်။

“မြီးကောက်ကြီးက အသက်ကြီးသွားပြီလေ။ ကောင်းကောင်းမလုပ်နိုင်တော့လို့ အလိုက်ပေးပြီး ဒီနွားနဲ့ လဲလိုက်ရတယ်။ ”

“အဘိုးကလည်း အလုပ်မလုပ်နိုင်မှတော့လည်းတဲ့သူကရော ဘယ်လိုခိုင်းမလဲ”

“တနည်းနည်းနဲ့ ခိုင်းမယ်ထင်ပါတယ်ကွယ်။ သွား.. သွား ..အဘွားကို သွားဝိုင်းကူချေ။”

အဘိုးက စကားဖြတ်၍ အဘွားထံ သွားခိုင်းသဖြင့် ကျွန်မလည်း မြီးကောက်ကြီးအကြောင်း ထပ်မေးဖို့ သတိမရတော့။ အသက်အရွယ်ရလာချိန်ရောက်မှ တနည်းနည်းဖြင့် ခိုင်းမည်ဆိုသည့် စကားအဓိပ္ပါယ်ကို နားလည်လာမိတော့၏။ အဘိုးအနေနှင့် အိုမင်းသွားသည့် နွားတစ်ကောင်အတွက် သံယောဇဉ်လက်ကျန်ကို ရင်းကာ အသုံးချလဲလှယ်ရက်သည်ကို အပြစ်ဟု မဆိုချင်သော်လည်း လေးလေအပေါ်ပြုမူခဲ့သည့် သူဌေးများ၏ လုပ်ရပ်ကိုတော့ စိတ်ပျက်ဒေါသထွက်မိပါသည်။ ဒါကလည်း ကျွန်မကိုယ်တိုင် လေးလေနှင့် ဘဝတူ အလုပ်သမား တစ်ယောက်ဖြစ်သည်ကြောင့်ပင်။ယခုလည်း လုပ်သားကောင်းကြီးလေးလေကို အိုပြီဟု သတ်မှတ်လိုက်ကြပြီ။ လေးလေကဲ့သို့ လုပ်ကိုင်နိုင်စွမ်းရှိပြီး မအိုသေးသည့် ကျွန်မတို့သည်လည်း အလဲလှယ်မခံရသေးခင် အစွမ်းရှိသ၍ ရုန်းကြရပါအုံးမည်။ ဒါကလည်း နိုင်ငံရပ်ခြား၏ ဘဝတွေဖြစ်မည်ထင်ပါသည်။ 

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

ကျွန်တော်က အိပ်မက်ကို လိုက်ရှာနေတဲ့သူ။ ရှာသာရှာနေတာ ခုချိန်ထိ အိပ်မက်ဆိုတာ မတွေ့ဖူးသေးဘူး။ အိပ်မက်က အလုံးလား၊ အဝိုင်းလား၊ အပြားလားလည်း ကျွန်တော်မသိဘူး။ အိပ်မက်ကို သိတဲ့ လူတစ်ချို့ကတော့ ပြောတယ်။ အိပ်မက်ဆိုတဲ့ အရာက တန်းခိုးစွမ်းအင်တွေ ရှိတယ်တဲ့ ။ အဲ့ဒီအိပ်မက်က လူစွမ်းကောင်းတောင်ဖြစ်စေနိုင်တယ်တဲ့။ ဖြစ်ချင်တာကို တောင့်တရုံပဲ အကုန်ဖြစ်စေတယ်ဆိုပဲ။ တောင့်တရုံနဲ့ ဖြစ်စေနိုင်တဲ့ အဲဒီအိပ်မက်ကို ကျွန်တော်မြင်ချင်၊ တွေ့ဖူးချင်တယ်။ တောင့်တရုံနဲ့ လူစွမ်းကောင်းဖြစ်မယ်ဆိုရင် ကျွန်တော်လည်း ဖြစ်ချင်တာပေါ့။ ဘာမှမလုပ်ရပဲ အိပ်မက်ရှိရုံနဲ့ အားလုံးဖြစ်မယ်ဆိုတော့ ဘယ်လို အစွမ်းမျိုးပါလိမ့်။ အိပ်မက်ကိုလိုချင်ရင် အမှောင်ထုထဲမှာ ရှာရမယ်ဆိုတဲ့ သဲလွန်စရတယ်။ ဒါနဲ့ပဲ အိပ်မက်ကို နဖူးတွေ့ဒူးတွေ့ ကြုံချင်တဲ့နေ့ကစပြီး အမှောင်ထုပေါင်းမြောက်မြားစွာကို ကျွန်တော်လျှောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ခုချိန်ထိတော့ မတွေ့သေးဘူး။ အဲဒီလောက် စွမ်းအားရှိတဲ့ အရာကို မရရအောင် ရှာမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပြီးပြီ။

တစ်နေ့တော့ ထုံးစံအတိုင်း အမှောင်ထုတစ်ခုကို တိုးဝင်လိုက်တဲ့ အခါမှာ လမ်းမတစ်ခုထက်ပေါ် ကျွန်တော် ရောက်နေခဲ့တယ်။ လမ်းလေးက မှုန်ပြပြ။ ကျွန်တော်ရှေ့ဆက်လျှောက်လာရင်း လမ်းဆုံလမ်းခွ တစ်ခုကို တွေ့လိုက်ရတယ်။ ကျွန်တော်ဘယ်လမ်းကို လိုက်ရမလဲ။ ညာဘက်လမ်းကို ပထမဦးဆုံးရွေးလိုက်တယ်။ လမ်းထဲဝင်စမှာပဲ ကျွန်တော်မမြင်ဖူးတဲ့ ခေတ်တစ်ခေတ်ကို ရောက်နေသလို ခံစားလိုက်မိတယ်။ လူတွေက စည်စည်ကားကား။ လူတိုင်းက ဝတ်ရုံတွေ ကိုယ်စီနဲ့ ။ လူတိုင်းကိုယ်စီမှာ မှုတ်ဆိတ်မွှေးရှည်ရှည်တွေရှိကြတယ်။ ခန္ဓာကိုယ်တွေက တောင့်တင်းခိုင်မာကြတယ်။ ကြွက်သားလုံးကြီးများနဲ့ ကျန်းမာသန်းစွမ်းကြပုံပေါက်တယ်။ တူညီတာက အားလုံးက တောက်တောက်ပပ။ ထိုလမ်းထဲမှာ စူးစမ်းရင်း လျှောက်လာနေတဲ့ ကျွန်တော့်ကို ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လူတွေကကွက်ကြည့်ကွက်ကြည့်နဲ့ ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင်လို အကဲခတ်နေကြတယ် ။ သူတို့ ကြည့်လည်းကြည့်ချင်စရာပါ။ ကျွန်တော့်ခန္ဓာကိုယ်ဟာ ပိန်လိန်ကျုံးလှီးနေပြီး လူတစ်ယောက်ရဲ့အသွင်တောင် ပျောက်ချင်နေပြီကိုး။ ကျွန်တော့်ကို သွားရင်းလာရင်း ကြည့်သွားရုံသက်သက်ပါပဲ လေ့လာစူးစမ်းနေဖို့ သူတို့မှာ အချိန်မရှိဘူး။ ကျွန်တော် သတိထားမိသလောက် ကလေးတွေက စလို့ လူကြီးလူငယ် အဘိုးကြီး၊အဖွားကြီးကအဆုံး ပတ်ဝန်းကျင်က လူတိုင်းကိုယ်စီ အလုပ်လုပ်နေကြတယ်။ လူတိုင်းနီးပါး မအားမလပ်နဲ့ ဘာတွေ များအလုပ်ရှုပ်နေကြတာလဲ ဆိုတာကို ကျွန်တော် သိချင်လာတယ်။ လူတစ်စု စုဝေးလုပ်ကိုင်နေတဲ့ နေရာကို လျှောက်သွားလိုက်ပြီး မေးလိုက်တယ်။

“ခင်ဗျားတို့ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ။ ဘာအတွက်လဲ ”

ကျွန်တော့်မေးခွန်းကို အားလုံးက မအားမလပ်နဲ့မို့ ဘယ်သူမှ ဂရုတစ်စိုက်ပြန်မဖြေကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သိချင်နေတယ်။

“ ဟေ့လူတွေ”

ကျွန်တော်ထပ်မေးဖို့ ပြင်တော့ လူတစ်ယောက်က လှည့်ကြည့်ပြီး တိုတိုတုတ်တုတ်ဖြေတယ်။

“ ငါတို့လုပ်နေတာ အနာဂတ်”
“ဘာလဲ အနာဂတ်”
“အနာဂတ်ဆိုတာ အနာဂတ်ပေါ့”
“ခင်ဗျားတို့ အနာဂတ်ကတန်ခိုး ရှိလို့လား”

“အေး ရှိတယ်။ မင်းမှာ အနာဂတ်တစ်ခုရှိလာပြီးရင် မင်းလိုချင်တဲ့ တန်းခိုးတွေလည်း ရှိလာမယ်။ တန်ခိုးတွေရှိလာပြီဆိုရင်တော့ လူစွမ်းကောင်းလည်း ဖြစ်နိုင်တယ်။ မင်းဖြစ်ချင်တာတွေ ဖြစ်နိုင်ပြီပေါ့ကွာ။ အဲတာကြောင့် ငါတို့ အခု လုပ်နေတာ အနာဂတ်အတွက်။ အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်ပေါ့ကွာ။ ”

“ကျွန်တော်သိတာကတော့ အိပ်မက်ပဲ။ အိပ်မက်ကမှ တန်းခိုးရှိတာ။ ခင်ဗျားတို့မှာ အိပ်မက်ရှိရင် ခုလိုပင်ပင်ပန်းပန်းတွေ လုပ်နေစရာတောင် မလိုဘူး။ အဲတာကြောင့် ကျွန်တော်သိထားတဲ့ အိပ်မက်က ပိုတန်းခိုးရှိတယ်။ ”

ကျွန်တော်ရဲ့ ပြောသံကိုကြားတော့ တစ်ချို့က ခေါင်းကို တစ်ပါတ်လည်ကာ ပြန်ကြည့်တယ်။ တစ်ယောက်က ကျွန်တော့် အင်္ကျီကော်လံကိုဆောင့်ဆွဲကာ

"အိပ်မက်ဆိုတာ ဘာလဲ"

ခပ်လှမ်းလှမ်းက တစ်ယောက်က လှမ်းအော်ပြောတယ်။

"အိပ်မက်က အကျိုးမြတ်ရှိလားဗျို့ "

တစ်ချို့က

"အိပ်မက်ကိုတွေ့ရင်ပြောပါ သိချင်လို့"

ဒီလိုမေးပုံထောက်ရင်တော့ သူတို့ဆီမှာ အိပ်မက်မရှိဘူးဆိုတာ သေချာသွားပြီ။ ကျွန်တော်က အိပ်မက်ကို ရှာဖွေနေတဲ့သူ။ သူတို့က အိပ်မက်ကို မသိတဲ့ အနာဂတ်ကို တည်ဆောက်နေတဲ့သူတွေ။ ကျွန်တော် လမ်းမှားဝင်ခဲ့ပုံပဲ။ အိပ်မက်ကို မသိတဲ့ လူတစ်စုကို ကျွန်တော် စွန့်ခွါရင်း လမ်းဆုံလမ်းခွဘက်ကို ပြန်လျှောက်လာချိန် နောက်ဘက်က လှမ်းပြောသံ တစ်သံ ကြားလိုက်ရတယ်။

“မင်းရှာနေတာ မတွေ့ရင် ဒီကို ပြန်လာနိုင်တယ်။ ငါတို့လိုလုပ်နိုင်ရင် မင်းလည်း ငါတို့နဲ့အတူ နေခွင့်ရပါတယ်။”

ကျွန်တော်ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့တယ်။ လောလောဆယ် အိပ်မက်ကိုတွေ့ဖို့ပဲ ကျွန်တော်စိတ်ဝင်စားတယ်။ လမ်းဆုံရောက်တော့ ဒုတိယမြောက်လမ်းထဲဝင်တယ်။ ဒီလမ်းက အိပ်မက်ကိုတွေ့နိုင်တဲ့ လမ်းဆိုတာ သေချာသွားပြီ။ မှောင်မှောင်မဲမဲလမ်းတစ်ခုမို့ စမ်းတစ်ဝါးဝါးနဲ့ အမှောင်ထုတစ်ခုကို ဖြတ်လျှောက်လာခဲ့တယ်။ မှောင်မိုက်ပြီး ဝေဝါးနေတဲ့လမ်းမို့ လျှောက်ရတာ ကြောက်ဖို့တော့ကောင်းတယ်။ အရင်ကလည်းအိပ်မက်ကိုရှာဖွေဖို့ အမှောင်လမ်းတွေကို လျှောက်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီလမ်းလောက် မှောင်မိုက်တာမရှိဘူး။ ဒါဆိုရင်တော့ သေချာပြီ။ အိပ်မက်ကိုတွေ့ရတော့မယ့်လမ်းပဲ။ ဒီလမ်းကမှ သူရှာနေတဲ့ အိပ်မက်ကို တွေ့နိုင်မှာ။

ဘယ်လို အိပ်မက်ဘဲ ဖြစ်ဖြစ်အိပ်မက်နဲ့ ကျွန်တော်တွေ့ချင်တယ်။ အိပ်မက်ကို တွေ့အောင်ရှာရမယ်။ အိပ်မက်ကိုပိုင်တဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့ရင် အိပ်မက်နည်းနည်းလောက်တောင်းကြည့်မယ်။ ဒါမှမဟုတ် ငှားသင့်ရင် ငှားကြည့်မယ်။ လမ်းတွေ တစ်ခုပြီး တစ်ခုကိုကျော်ဖြတ်လာပေမယ့် အိမ်စုတ်၊ တဲစုတ်လေးတချို့ကို ကွက်တိကွက်ကြားတွေ့တယ်။ တစ်ချက်တစ်ချက် အမှောင်ထုထဲက ရှိုက်သံသဲ့သဲ့ကိုကြားရပြန်တယ်။ တစ်ချို့နေရာတွေမှာ အရိုးစုတချို့ကို တွေ့ရတယ်။ ဘယ်လိုလမ်းပါလိမ့်။ စုတ်ချာလွန်းလှတယ်။ စောစောကရောက်ခဲ့တဲ့ လမ်းနဲ့တော့ အတော့်ကို ကွားခြားနေတာတော့ အမှန်ပဲ။

ရှေ့ဆက်လျှောက်လာရင်း သစ်ပင်ကြီးအောက်မှာ မီးခိုးငွေ့တစ်ထောင်းထောင်းနဲ့ ဆေးလိပ်ထိုင်ဖွာနေတဲ့ လူတစ်စုကို တွေ့လိုက်တယ်။ ကျွန်တော်ဝမ်းသာအားရ လှမ်းလျှောက်သွားလိုက်တယ်။ ကျွန်တော့်လိုပဲ ပိန်လှီခြောက်ကပ်နေတဲ့ ခန္ဓာကိုယ်တွေနဲ့ လူတစ်စုက ကျွန်တော့်ကိုတွေ့တော့ နှတ်ဆက်ပြုံးပြကြတယ်။ သူတို့ကတော့ ကျွန်တော့်ကို အရေးတယူနှုတ်ဆက်ဖော်ရပါတယ်။ သူတို့ဆီက အိပ်မက်နည်းနည်းတောင်းမှပဲလို့ တွေးထားတဲ့ ကျွန်တော့်အတွေးက သူတို့ကိုကြည့်ပြီး တွေဝေသွားတယ်။ ခွန်အားမရှိပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူတို့ဆီမှာရော အိပ်မက်ရှိနိုင်ပါ့မလား။ နည်းနည်းတောင်းဖို့ နေနေသာသာ ငှားဖို့တောင်ရှိမယ်မထင်ပါဘူး။

“ခင်ဗျားတို့ ဘာထိုင်လုပ်နေတာလဲ”
“ငါတို့အိပ်မက် ရှာနေတာ။ မောပြီးပင်ပန်းလွန်းလို့ ခဏနားနေတာ”

ကျွန်တော်ထင်တဲ့အတိုင်းပဲ သူတို့လည်း ကျွန်တော့်လို အိပ်မက်ရှာနေတဲ့ လူတွေ။ သူတို့ဘေးနားမှာ ကျွန်တော်လည်း ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်တယ်။ သူတို့လိုပဲကျွန်တော်လည်းရှာရတာ အားကုန်လှပြီ။ ကျွန်တော်ရှာဖွေနေတဲ့ အိပ်မက်က ခုချိန်ထိ မတွေ့သေးဘူး။ အချိန်တွေလည်း တော်တော်ကုန်လာပြီ။ နှစ်ပေါင်းများစွာတောင် ရှိလာပြီထင်ပါရဲ့။ လူတစ်ကိုယ်လုံးလည်း လူရုပ်ပင်မပေါက်ချင်တော့။ ငတ်တစ်လှည့် ပြတ်တစ်လှည့်မို့ ကျွန်တော့်မှာ ခွန်အားတွေ ချိနဲ့စပြုနေတာကို သတိထားမိတယ်။

ဝမ်းထဲက ဆာလောင်မှုက အိပ်မက်ဆိုတာ တစ်ကယ်ရောရှိရဲ့လားလို့ တစ်ဖြေးဖြေး တွေဝေလာစေတယ်။ အာခေါင်းထဲမှာ ခြောက်ကပ်ပြီး လည်းချောင်းထဲမှာ ပူလောင်လာတယ်။ ရှေ့ဆက်သွားဖို့လမ်းတွေကို ခွန်အားမရှိတော့ဘူးလို့ တွေးမိတယ်။ ဒီလိုသာဆိုရင် အိပ်မက်ကို မတွေ့ခင် ကျွန်တော် သေသွားနိုင်တယ်။ လမ်းမှာတွေ့ခဲ့တဲ့ အရိုးစုတွေလိုပဲ အထီးကျန်ဆန်ဆန် လဲလျောင်းသွားရနိုင်တယ်။ ကျွန်တော်ဘက်ဆက်လုပ်ရင် ကောင်းမလဲ။ လက်ကျန်အင်အားနဲ့ အိပ်မက်ကို ရှေ့ဆက်ရှာမလား။ အနာဂတ်ပုံဖော်နေတယ်ဆိုတဲ့ ဟိုလူစုဆီ ပြန်သွားမလား။ ကျွန်တော် ဆုံးဖြတ်ပြီး သစ်ပင်အောက်က ထွက်လာခဲ့တယ်။ အိပ်မက်ဆိုတာကို ခဏမေ့ပြီးခုလက်ရှိရဲ့ ဆာလောင်မှုကို ဖြေရှင်းရမယ်။ လာရာလမ်းကို ပြန်လျှောက်တော့ ကျွန်တော့်စိတ်ထင်လို့လားပဲ မသိဘူး။ လာတုန်းကလောက် မမှောင်တော့သလိုပဲ။ လမ်းတွေက မှောင်ရာကနေ တဖြေးဖြေးလင်းလာတယ်။ မှုန်မှိုင်းရာကနေ တောက်ပလာတယ်။ ကျွန်တော် ဆက်လျှောက်လာတယ်။ နောက်ဆုံးတွေ့တဲ့ အလင်းထဲ တိုးဝင်လိုက်တော့တယ်။

ကျွန်တော်မျက်လုံးပွင့်လာတဲ့အချိန် မြင်ကွင်းက ကျွန်တော့်အိပ်ခန်းဖြစ်နေတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်မိလိုက်တော့ လက်ရှိ ကမ္ဘာလောက။ ပြီးတော့ ကျွန်တော့် အခန်းငယ်။ ရှေ့မှာတော့ ဖတ်လက်စ စာအုပ်ကပွင့်လျက်။ ကျွန်တော် စာဖတ်ရင်းငိုက်မြည်းသွားပုံပါပဲ။ ဖတ်လက်စစာအုပ်ကို ဘေးတွန်းဖယ်လိုက်တယ်။ စာအုပ်နာမည်က “အိပ်မက်ကမ္ဘာငယ်”။ အိပ်မက်ထဲမှာ အိပ်မက်အကြောင်းကို သိခွင့်ရခဲ့ပြီ။ အိပ်မက်နဲ့ အနာဂတ် ဘယ်ဟာလိုက်ရှာသင့်လည်း သိခဲ့ရပြီ။ အိပ်မက်ထဲမှာ ကျွန်တော့်ကို လှမ်းပြောလိုက်တဲ့စကားကို ဖြတ်ခနဲပြန်ကြားတယ်။ “အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်” တဲ့။ ဟုတ်တာပေါ့။ ဆန္ဒတွေအကောင်အထည်ပေါ်ဖို့အတွက် တကယ်လိုအပ်တာက အနာဂတ်ကို ထုဆစ်ခြင်းပါပဲ။


~~~~~~~~~~~~~~~~~~~~~~~~
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

အချစ်ဆိုတာ အသံမဲ့ ဘာသာစကား

“ကလင်.... ကလင်....”
“ကလင်.... ကလင်....”

ဧည့်ခန်းထဲမှ မြည်နေသည့် ဖုန်းမြည်သံသည် နှင်းအတွက် ညည့်နက်သန်းခေါင်မှာ ကြားရသည့် ငှက်ဆိုးထိုးသံ တစ်ခုနှင့်တူပါသည်။ ထိုအသံကြားရလျှင် နှင်းကြေကွဲရသည်။ ထိုဖုန်းသံသည် နှင်းကို လှောင်ပြောင်ပျက်ရယ်ပြုနေသည်ဟုလည်းထင်မိသည်။ ဖြစ်နိုင်လျှင် နှင်း မည်သည့်အသံကိုမျှ မကြားချင်ပါ။ မကြားဝံ့ပါ။ အကြောက်ဆုံးအသံကတော့ လူတစ်ဦးတစ်ယောက် လာရောက်စကားပြောမည့် စကားသံကိုပင် ဖြစ်၏။ ထို့ပြင်ဖုန်းအဝင် ခေါ်ဆိုသံကိုလည်း ကြောက်သည်။ နှင်းအတွက် အရေးတကြီး အရာများထဲမှ ဖုန်းခေါ်ဆိုသံသည် လွန်ခဲ့သည့် တစ်ပါတ်ခန့်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီးပြီ။
ယခုလို အိမ်တွင်မည်သူမှ မရှိသည့်အချိန် ဖုန်းသံမြည်နေခြင်းသည် နှင်းအတွက် စိတ်ဆင်းရဲစရာကောင်းသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။ သည့်ထက်ပို၍ ကြေကွဲစရာကောင်းသည်မှာ ယခုဖုန်းမြည်သံသည် နန္ဒ ခေါ်သည့် ဖုန်းသံဖြစ်သောကြောင့်ပင်။ ဖုန်းနံပါတ်ကို သွားမကြည့်သော်လည်း အဆက်မပြတ်မြည့်နေသည့် ဖုန်းသံသည် နန္ဒခေါ်သည်မှ လွဲ၍ တခြားမဖြစ်နိုင်ကြောင်း နှင်း ကောင်းကောင်းသိသည်။ နန္ဒခေါ်သည့် ဖုန်းမြည်သံကို ငေးကြည့်နေရသည်မှာ နှင်းရင်တွေ ပူလောင်လွန်းလှ၏။ နန္ဒ ဆိုတာ နှင်းသိပ်ချစ်ရသည့် ချစ်သူဖြစ်သည်။

တော်ပါတော့။ မလာပါနဲ့တော့။ တောင်းပန်ပါတယ် ဆက်မမြည်ပါနဲ့တော့...။
ဖုန်းမြည်သံနှင့်အပြိုင် နှင်း ဆုတောင်းနေမိသည်။ ထို့နောက်ခဏအကြာတွင် ဖုန်းမြည်သံရပ်တန့်သွားသည်။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ပူပူနွေးနွေး အရည်ကြည်တစ်ခု၏ အထိအတွေ့ကြောင့် နှင်းမျက်နှာပြင်တွင် စီကျနေသော မျက်ရည်တစ်ချို့ကို ပွတ်သပ်ဖယ်ရှားလိုက်သည်။ ဖြစ်နိုင်လျှင် တစ်ချို့သော အတိတ်တွေကိုလည်း ပွတ်သပ်ဖယ်ရှားလို့ရလျှင် ဖယ်ရှားလိုက်ချင်ပါ၏။

။.......................။

နှင်းတစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်လျှက်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး သစ်ရွက်တစ်ရွက်လို လေထဲတွင် လွင့်ပျံနေသလို ခံစားမိသည်။ လက်နှစ်ဘက်ကို အားပြု၍လှုပ်ကြည့်သည်။ လက်နှစ်ဘက်လုံးက အင်အားချိနဲ့စွာဖြင့် လှုပ်ရှား၍ မရမှန်းသတိပြုမိသည်။ ထို့နောက် မျက်စိကိုအားယူကာ ဖွင့်ဖို့ ကြိုးစားကြည့်မိပြန်သည်။ ခပ်စူးစူး အလင်းတန်းတစ်ခု မျက်စိထဲကို တိုးဝင်လာတာကြောင့် ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား၏။ မျက်လုံးကို ချက်ချင်း ပြန်ပိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်အခြေအနေကို နားစွံ့နေမိသည်။ စက်ပစ္စည်းတစ်ခုခု၏ တီ တီ တီဆိုသည့် အသံက နာရီသံလို စည်းချက်ညီစွာ တစ်ချက်ခြင်းမြည်နေသည်။ နှင်းဘယ်ကိုရောက်နေတာပါလိမ့်ဟုလည်း အဖြေရှာသော်လည်း စဉ်းစား၍မရသေးပါ။ ထို့နောက် တံခါး ဖွင့်သံနှင့်အတူ ဝင်လာသည့် ခြေသံတစ်ခုကိုကြားရတာကြောင့် နှင်းပါးစပ်က အကူအညီတောင်းဖို့ ကြိုးစားသည်။ နှတ်ခမ်းကို အားယူကာ ဖွင့်ဟပြောလိုက်သော်လည်း မည်သည့် အသံမျှ ထွက်မလာသည်ကို သတိပြုမိလိုက်သည်။ ထိုခြေသံပိုင်ရှင်သည် နှင်းအနားသို့ ရောက်လာ၏။

“သမီး ..သမီး..သတိရပြီလား။ ”
“.....”
“သမီးလေး ငြိမ်ငြိမ်လေးနေ..ဘာမှမပြောနဲ့။ မေမေ..မေမေလေ မေမေ အနားမှာရှိတယ်။ ”
မေမေ့ အသံ။ မေမေရေ မေမေလို့ ခေါ်နေပေမယ့် နှင်းထံမှ စကားသံများမထွက်လာဘဲ မေမေ့စကားသံတစ်ခုကိုသာ ကြားနေရသည်။

ဒုတိယအကြိမ် မျက်လုံးအစုံကို ဖွင့်ဖို့ကြိုးစားကြည့်သည်။ ဒီတစ်ကြိမ်တော့ အလင်းတန်းတစ်ခုက ဆီးကြိုမနေတော့။ အပေါ်ဆီးမှ ငုံ့ကြည့်နေသည့် မေမေ့မျက်နှာ၊ ထို့နောက်အဖြူရောင်မျက်နှာကျက်၊ ဘေးနားတွင် စက်ပစ္စည်းပေါင်းများစွာ ရှိနေသည့် အခန်းထဲမှ ကုတင်တစ်ခုပေါ်တွင် ရောက်ရှိနေခြင်းဖြစ်သည်။

“ သမီး..သမီး ဒါဏ်ရာတွေ ရထားတယ်။ ငြိမ်ငြိမ်လေးနေနော်။ သမီးရယ် ဖြစ်ရလေကွယ်။ ”

မေမေသည် ဝမ်းနည်းကြေကွဲစွာ ရှိုက်ကြီးတစ်ငင်ငိုကြွေးနေသည်။ ပါးစပ်ကလည်း သမီး သမီးဟု ရေရွတ်လျှက် ငိုကြွေးနေသော မေမေ့ကိုကြည့်ပြီး နှင်းသနားမိသည်။ မေမေဒီလောက်ငိုနေပုံထောက်ရင်တော့ နှင်းအကြီးအကျယ် ဒါဏ်ရာရထားပြီလို့ထင်မိသည်။ နှင်းရှေ့တွင်မခံစားနိုင်လွန်းသည့်မေမေသည် အခန်းအပြင်ဘက်သို့ ပြေးထွက်သွားသည်။

နှင်းဘာကြောင့်ဒီကိုရောက်နေတာလဲ၊ နောက်ဆုံးဘယ်မှာ ရှိနေတာလဲ ဆိုသည်ကို အပြင်းအထန် ပြန်စဉ်းစားသည်။ နှင်းမှတ်မိသည်မှာ သင်ဇာနှင့် နှင်းတို့ ကားတစ်စီးပေါ်တွင် နောက်ဆုံးအတူရှိခဲ့သည်ကိုသာ မှတ်မိသည်။

ထိုနေ့က သင်္ကြန်အကျနေ့ဖြစ်သည်။ သင်ဇာနှင့် နှင်းတို့ ရေပက်ခံထွက်ကြရင်း ထမင်းစားနားချိန်ရောက်တော့ နှင်း ကိုယ်ပူချင်သလိုလို ဖြစ်လာ၍ တက္ကစီတစ်စီးကို လှမ်းတားပြီး အိမ်ကိုစောစော ပြန်လာခဲ့သည်။ ကားထဲကိုဝင်ဝင်ချင်း ပြင်းရှရှအနံ့တစ်ခုကို ရသဖြင့် မှန်တံခါးလေးကို ချထားပြီး ပြင်ပလေအေးလေးတွေကို ရှူရှိုက်နေရသည်။ မျက်လုံးကို မှိတ်ကာ မှိန်းပြီး လိုက်လာစဉ် ကားသမားဦးလေးကြီး၏ ထိတ်လန့်တကြား အော်သံကို ကြားလိုက်ရ၏။ နှင်း မျက်လုံးဖွင့်ကြည့်စဉ် သင်္ကြန်ကားတစ်စီးသည် နှင်းတို့စီးလာသည့် ကားဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်ကိုသာ နောက်ဆုံးမှတ်မိလိုက်သည်။ ထို့နောက် နှင်းဘာမှမသိတော့။

။.......................။

ဆရာဝန်၏ ဆေးစစ်ချက်အရ ပြင်းထန်သည့် ကားတိုက်မှုကြောင့် နှင်းဦးနှောင့်ကို ထိခိုက်သွားသည်ဟုဆိုသည်။ ဆေးရုံပေါ်တွင် ရက်ပေါင်းများစွာ ကုသပြီးနောက် နောက်ဆုံးရလဒ်မှာ နှင်း သည်တစ်သက်လုံး စကားပြောနိုင်တော့မည်မဟုတ်။ နှင်းဆွံ့အသွားခဲ့ရပြီ။ နှင်းအဖြစ်ကြောင့် တစ်မိသားစုလုံး နှင်းအတွက်ကြေကွဲ ဝမ်းနည်းကြရသည်။ ဖေဖေနှင့်မေမေက နှင်းအနားတွင် မခွာတမ်းနေရင်း နှင်းကို အားပေးရှာသည်။ နှင်းကတော့ ဆရာဝန်၏ ဆေးစစ်ချက်ကို မယုံကြည်နိုင်လွန်းသဖြင့် ခေါင်းတွေကိုသာ အဆက်မပျက်ခါယမ်းရင်း အော်ဟစ်ငိုကြွေးနေမိသည်။

“သမီးလေး အားမငယ်နဲ့။ ဖေဖေတို့ သမီးကို တစ်သက်လုံးစောင့်ရှောက်မယ်။ ”
“လောလောဆယ် သမီးပြောချင်တာကို စာနဲ့ရေးပြော။ ဖြစ်ချင်တာတွေပြောနော်။ ဖေဖေတို့ အကုန်ဖြည့်ဆည်းပေးမယ်”
ဖေဖေ့က နှင်းဘေးနားတွင် အချိန်ပြည့်အားပေးလျှက်ရှိသည်။ နှင်းကတော့ဖေဖေ့၏ အားပေးမှုကြားက ချစ်သူနန္ဒကို အပြင်းအထန်သတိရနေမိသည်။ နှင်းနှင့်နန္ဒတို့ထားခဲ့သည့် ကတိတွေအတွက် နန္ဒကို ဘယ်လို ရင်ဆိုင်ရမလဲ။
ထိုသို့ဖြင့် နှင်းဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်လာချိန် အရာရာက နှင်းအတွက် အရင်အတိုင်းပင်။ အိမ်ကို ပြန်ရောက်သည့် အချိန်မှစ၍ နှင်း အိမ်ထဲမှ အိမ်ပြင်မထွက်တော့။ သူငယ်ချင်းများနှင့် ပြောဆိုရမည့် ဒုက္ခမှ ဝေးသွားသော်လည်း နှင်းကို နှိပ်စက်နေသည့် အရာမှာ ဖုန်းသံဖြစ်သည်။ ဖုန်းသံကြားလျှင် နန္ဒကို ပြေးမြင်မိသည်။ နှင်းဆေးရုံတက်နေသည့် သည်ရက်ပိုင်းအတွင်း နှင်းကို ဆက်သွယ်မရ၍ နန္ဒတစ်ယောက် စိတ်ပူနေလိမ့်မည်လို့ ထင်သည်။
တရက်တော့ မြည်နေသည့် ဖုန်းကို နှင်းနာကျင်စွာ ကောက်ကိုင်လိုက်ပါသည်။
“ ဟယ်လို ဟယ်လို ဟယ်လို နှင်းလား နှင်းလား နှင်း..နှင်း ။ နှင်းကို ကိုယ်အရမ်းစိတ်ပူနေတယ်။ နှင်းနေမကောင်းဘူးလား။ နှင်းကိုယ့်ကို စကားပြန်ပြောပါအုံးကွာ။ နှင်း ကိုယ်ပြောနေတာကို ကြားလား။ ဟယ်လို ဟယ်လို ....နှင်း..နှင်း..”
နန္ဒ၏ အသံသည် တစ်ခုခုကို စိတ်ပူပြီး ယောက်ယက်ခက်နေသည့်လေသံမျိုးဖြစ်သည်။ တစ်ရက်မှ ဖုန်းပြောမပျက်ခဲ့သည့် နှင်းတို့ချစ်သူ နှစ်ဦးတွင် သည်တစ်လအတွင်း နှင်းကို ဆက်သွယ်မရသည့်အခါ နှင်းကို စိတ်ပူပြီး မည်မျှအထိ နေမထိထိုင်မသာဖြစ်နေမလဲ နှင်းတွေးမြင်ကြည့်နိုင်ပါသည်။ နှင်းဘာကြောင့် သူ့ကို အဆက်အသွယ်ဖြတ်ထားရတာလဲဆိုတာလည်း သူအပြင်းအထန် တွေးနေလိမ့်မည်။ ဒါမှမဟုတ် နှင်းအိမ်မှာ အိမ်တွင်းရေး ကိစ္စတစ်ခုခုဖြစ်နေလို့များလား၊ နှင်းဆီကို နေ့တိုင်းဖုန်းဆက်နေတာကို နှင်းမိဘတွေက မကြိုက်လို့ ဖုန်းကို သိမ်းထားလိုက်သလားဟု သူတွေးကောင်းတွေးနေမည်။ သူနိုင်ငံခြားသွားခါနီး သူပြန်လာလျှင် နှင်းကိုလက်ထပ်မည်ဟု ခွင့်တောင်းခဲ့သည်။ နှင်းဘက်ကလည်း သဘောတူခဲ့သည်။ ယခုတော့ နှင်းဘက်မှပေးထားခဲ့သည့် ကတိတွေကို သစ္စာဖောက်ဖျက်ပြီဟု ထင်နေနိုင်သည်။ အဆိုးဆုံးအနေနှင့် နှင်း ချစ်သူအသစ်တွေ့ပြီဟုလည်း တွေးထင်နာကျင်နေနိုင်သည်။ ထိုအရာတွေ တစ်ခုမျှ မဟုတ်ကြောင်း နှင်း ရှင်းပြနှစ်သိမ့်ပေးချင်သော်လည်း နှင်းဘက်မှ ထွက်လာမည့် စကားသံဟု မည်သို့မှ မခေါ်ဆိုနိင်သည့် လုံးလုံးထွေးထွေး အသံကို ချစ်သူနန္ဒ မကြားစေချင်ပါ။ တစ်ဘက်မှ နန္ဒ၏ တစ်ဆာဆာ အော်ခေါ်နေသည့်အသံကို ကြားနေရသည်။ ထိုအသံကို နှင်းဆက်လက်ကြားနိုင်စွမ်းမရှိတော့ သဖြင့် ဖုန်းခွက်ကို အသာအယာ ပြန်ချလိုက်ရသည်။ ထို့နောက် ရှိုက်ကြီးတငင်ငိုကြွေးမိသည်။
နန္ဒရေ နှင်းကိုခွင့်လွတ်ပါ...။
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မေမေက နှင်း၏ နောက်ကျောကို ပွပ်သတ်ပေးပြီး နှစ်သိမ့်တော့မှ မေမေရောက်နေမှန်း သတိထားမိတာ့သည်။ နှင်းကြေကွဲဝမ်းနည်းနေနေရတာကို မြင်တိုင်း မေမေတို့လည်းစိတ်ဒုက္ခရောက်ကြမည်။ နှင်းမိဘတွေကို စိတ်ဒုက္ခရောက်စေမည့် အဖြစ်မျိုးမဖြစ်စေချင်ပါ။
“မောင်နန္ဒလား သမီး။ သမီးအကြောင်း မောင်နန္ဒကို ပြောပြလိုက်ရမလား။ ဒါမှမဟုတ် မေမေဘာပြောပေးရမလဲ ”
နှင်းခေါင်းတွေကိုသာ ခါယမ်းနေမိသည်။ နှင်းသည်လို ဒုက္ခိတဘဝကို ရောက်သွားခြင်းကို နန္ဒမသိစေရပါ။ နှင်းလို ချို့ယွင်းချက်ရှိသွားသည့် လူတစ်ယောက်အတွက် နှင်းတို့နှစ်ယောက်ထားခဲ့သည့် ကတိသစ္စာများနှင့် ချီနှောင်မထားချင်တော့။ သူ့လို နိုင်ငံခြားမှာ ပညာသွားသင်ပြီး တက်လမ်းရှိသည့် လူတစ်ယောက်၏ ချစ်သူသည် စွံ့အနေသူတစ်ယောက်ဆိုပြီး ပတ်ဝန်းကျင်က ဝေဖန်သံတွေ သူ့ကို မကြားစေချင်ပါ။ မခံစားစေချင်ပါ။ မထိုက်တန်တော့ပါ။ ထို့နောက်နှင်းဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါသည်။

။.......................။

နှင်းကိုယ်တိုင် သူ့ကို အဆက်အသွယ်ဖြတ်သည့်စာတစ်စောင်ကိုရေးသည်။ နှင်း၏အခြေအနေကို နန္ဒကိုမပြောရန် နှင်း၏ မိဘများနှင့် သူငယ်ချင်းများကို တောင်းဆိုထားသည်။ နှင်းကြောင့် နန္ဒကို အချိန်တွေမကုန်စေချင်ပါ။ နန္ဒရဲ့ဘဝလေးကို သာယာလှပစေချင်သည်။ နှင်းကိုကြည့်ပြီး နန္ဒကြေကွဲရမယ့်အဖြစ်ကို မဖြစ်စေချင်ပါ။
နှင်းပို့လိုက်သည့် စာကို နန္ဒလက်ခံရရှိပြီးနောက် နန္ဒကနှင်းဆီကို စာတွေတစ်စောင်ပြီးတစ်စောင်ပုံမှန်ပို့ပေးခဲ့သည်။ အစပိုင်းလာသည့် စာတွေကို နှင်းဖတ်ဖြစ်သည်။ နှင်းကိုအကြာကြီးခွဲထားသဖြင့် သူ့ကို နှင်းစိတ်ဆိုးနေသည်ဟု ထင်နေတုန်း။ နှင်းဘက်က ဖြစ်နေသည့် စိတ်ခံစားချက်နှင့်အခြေအနေကို သူ့ကို ပြောပြပေးရန် တောင်းဆိုသည့် စာများသာ ဆက်တိုက်ရောက်လာသည်။ နောက်တစ်နှစ်ဆိုလျှင် သူကျောင်းပြီး၍ ဘွဲ့ရတော့မည်ဖြစ်သဖြင့် အားလုံးပြီးသည်နှင့် နှင်းဆီကို အပြေးပြန်လာမည်ဆိုသည့် စာများ အဆက်မပျက် ပို့ပေးခဲ့သည်။ နှင်းမကိုင်မှန်းသိသိနှင့် ညစဉ်ဖုန်းဆက်နေဆဲ။ စာတွေမြင်တိုင်း၊ဖုန်းသံမြည်တိုင်း နှင်းတုန့်ပြန်နိုင်သည်က ရင်ထဲမှနာကျင်မှုနှင့် မျက်ရည်များသာ။ နှင်းအတွက်ဝမ်းနည်းတိုင်း အဖော်ပြုစရာမျက်ရည်များသာရှိသည်။

ထို့နောက် ဖေဖေက နှင်းစိတ်ဆင်းရဲနေသည်ကို မကြည့်ရက်တော့သဖြင့် ပတ်ဝန်းကျင်အသစ်တွင် အတိတ်ကိုမေ့ပျောက်ပြီး နှင်းပျော်ရွှင်လာစေရန် အိမ်ပြောင်းဖို့စီစဉ်ပါတော့သည်။ နှင်းကိုပတ်ဝန်းကျင်သစ်၊ စိတ်သစ်၊ လူသစ်ဖြင့် ဘဝသစ်ကိုရစေချင်သည်။ နှင်းဘက်က နန္ဒကို လက်မတွဲတော့ရန် ဆုံးဖြတ်ထားသည်ဆိုပါက မေ့ပစ်ဖို့ ကြိုးစားပါဟု တိုက်တွန်းကြသည်။
အိမ်မပြောင်းခင် တစ်ပါတ်လောက်က နှင်းအိမ်ပြောင်းတော့မည်ဖြစ်သဖြင့် နှင်းဆီကို စာမရေးတော့ရန် နောက်ဆုံးအကြိမ်အဖြစ် စာတစ်စောင်ရေးပို့လိုက်သည်။ ဖုန်းနံပါတ်ပါပြောင်းထားပြီး အိမ်လိပ်စာ မပေးထားသဖြင့် အိမ်အသစ်ရောက်ပြီးနောက်ပိုင်း နန္ဒနှင့်အဆက်အသွယ် ပြတ်တောက်သွားသည်။ ဖုန်းမြည်သံများနှင့် နန္ဒဆီက စာများ မမြင်၊မတွေ့ရတော့သဖြင့် နှင်းစိတ်တွေ သက်သာရာရလာသည်။ အတိတ်ကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်စပြုလာကာ လက်ရှိဘဝတွင် နေသားတကျဖြစ်လာသည်။
အိမ်တွင်လည်း ဆွံ့အနားမကြားသူများ အသုံးပြုသည့် လက်ဖြင့်ပြောသည့် လက်ဘာသာစကားကို ဆရာမခေါ်ပြီး နှင်းတို့တစ်မိသားစုလုံးသင်ကြသည်။ တစ်မိသားစုလုံး လက်ဖြင့်ဘာသာစကားကို တတ်မြောက်လာပြီးနောက် အိမ်တွင်းဆက်သွက်မှု အဓိက ဘာသာစကားဖြစ်လာတော့သည်။ မိသားစု၏အားပေးမှုကြောင့်ပဲ ပတ်ဝန်းကျင်သစ်တွင်ပျော်ရွှင်စပြုလာသည်။ တစ်ခါတစ်ရံမှာတော့ နန္ဒကိုအိပ်မက်မက်ပြီး လန့်နိုးလာရသည်။ ထိုအချိန်မျိုးတွင် နန္ဒကို မြင်တွေ့ချင်လွန်းလှ၏။

။.......................။

တစ်နေ့ သင်ဇာတစ်ယောက် နှင်းနေထိုင်သည့် အိမ်အသစ်လေးသို့လာရောက်လည်ပတ်သည်။ နှင်းတို့ မတွေ့ဖြစ်ကြသည်မှာ ကြာပြီဖြစ်သောကြောင့် ပြောစရာ မကုန်နိုင်။ သင်ဇာပြောသမျှကို နှင်းက နားထောင်းပေးပြီး နှင်းပြောချင်တာကိုတော့ စာရွက်လွတ်လေးတစ်ခုနှင့် ချရေးပြရင်း နှင်းနှင့်သင်ဇာတို့ စကားတွေဖောင်ဖွဲ့ကြ၏ ။
“နှင်း နင်မကြားချင်လည်း နင့်ကိုပြောဖို့ လိုမယ်ထင်လို့ နန္ဒအကြောင်းပြောပြမယ်ဟာ။ သူအခု ပြန်ရောက်လာပြီသိလား။ နင့်ကို အသည်းအသန်လိုက်ရှာနေတယ်။ ပြီးတော့ ငါ့ကိုလည်း လာလာမေးတယ်။ ငါမသိဘူးဘဲ ဖြေထားတယ် ”
သင်ဇာကရုတ်တရက် နန္ဒအကြောင်းပြောတော့ နှင်းရင်တွေ နွေးသွားသည်။ မေ့ဖို့ရန်ကြိုးစားနေလျှက် မေ့လို့မရသေးပဲ ရင်ထဲတွင် အမြဲသတိရနေမိသည့် ချစ်သူ ပြန်လာပြီဆိုသည့် အသိသည် တည်ငြိမ်နေသည့်နှင်းစိတ်တွေကိုလှုပ်ရှားသွားစေသည်။ ဘာကြောင့် ပြန်လာရတာလဲဆိုသည့် အတွေးများကိုလည်း တဆက်တည်း အဖြေရှာနေမိသည်။ ကျောင်းပြီးရန် တစ်နှစ်သာ ကျန်တော့သည်ဟုနန္ဒရေးခဲ့သည့်စာကို နှင်းအမှတ်ရသွား၏။ ချက်ချင်းပဲ စာရွက်ပေါ်တွင် သိချင်သည့် မေးခွန်းတစ်ချို့ကို အမြန်ရေးခြစ်လိုက်ပြီး သင်ဇာရှေ့သို့ထိုးပေးလိုက်သည်။
“ ဘာလို့ပြန်လာရတာလဲ ။ သူကျောင်းက ဘယ်လိုလုပ်မလဲ။”
“အေး။ ကျောင်းဆက်မတက်တော့ဘူးလို့ပြောတယ်။ သူပြန်ပြန်ရောက်ရောက်ချင်းနေ့ကလည်း ငါ့ကိုလာရှာတယ်။ နင့်အိမ်လိပ်စာကိုတောင်းတယ် ”
အိမ်လိပ်စာဆိုသည့် စကားကြောင့် စာရွက်ပေါ်တွင် စာကြောင်းတစ်ချို့ကို ထပ်မံရေးခြစ်လိုက်ပြန်သည် ။ လက်နှစ်ဘက်ကိုခါယမ်းလျှက် နှင်းတောင်းဆိုမိပါသည်။
“မပေးနဲ့နော်။ ခုချိန်က သူသွေးပူနေတုန်းအချိန်မို့လို့။ ကြာရင်တော့ သူငါ့ကိုမေ့သွားမှာပါ ။ ”
“အေးပါ။ ငါမပြောပါဘူး။ ဒါပေမယ့် ငါနင်တို့နှစ်ယောက်လုံးကို သနားတယ်ဟာ။ ”
သင်ဇာက နှင်းကို သနားတယ်လို့ပြောသည့် စကားကို နှင်း ခါခါးသီးသီး ငြင်းမိသည်။ ဖြစ်နိုင်လျှင် ဘယ်သူသနားတာကိုမှ မလိုချင်ပါ။ အထူးသဖြင့် နန္ဒက နှင်းကို သနားပြီ လက်ထပ်မှာကို ပို၍တောင် လက်မခံချင်။
နှင်းအိမ်သစ်ကိုပြောင်းလာသည်မှာ နှစ်လရှိပြီ။ နှင်းတို့ အိမ်မပြောင်းခင်ကတည်းက နှင်းအကြောင်း ဘာတစ်ခုမှ နန္ဒကို မပြောဖို့ သင်ဇာကို တားမြစ်ခဲ့သည်။ ယခုလည်း ထပ်မံသတိပေးလိုက်သည့်အပြင် နန္ဒ နှင်းကိုမေ့အောင်လည်း သင်ဇာကိုတိုက်တွန်းစေခဲ့သည်။ သင်ဇာကတော့ အပြစ်မရှိသည့် နန္ဒကိုရှောင်နေသည့်အတွက် နှင်းကို မကျေနပ်ချင်။ သင်ဇာပြန်သွားပြီးနောက် နှင်းစိတ်တွေ မကြည်လင်တော့။ နန္ဒပြန်လာပြီ၊ မြန်မာပြည်တွင် နန္ဒရှိနေသည်ဆိုသည့် အသိတွေက နှင်းကို ပြန်နှိပ်စက်လာပြန်ပါသည်။ နန္ဒကိုတွေ့လျှင် ကျောင်းပြန်တက်ရန် သင်ဇာကတစ်ဆင့်ပြောချင်နေမိသည်။
မကြာခဏ နှင်းနှင့်သင်ဇာတွေ့ဖြစ်ကြသည့်အချိန်တွင် နန္ဒအကြောင်းမေးမိသည်။ သင်ဇာက နန္ဒနှင့်သူအဆက်အသွယ်မရှိတော့ဟုဆိုသည်။ သည်နောက်ပိုင်း နှင်းလည်းမမေးမိတော့။ သင်ဇာလည်း အလာနည်းသွားသည်။ နန္ဒနှင့်ပတ်သက်ပြီး နှင်းကို သင်ဇာစိတ်ဆိုးနေပြီလားဟုလည်း တွေးထင်နေမိသည်။ ယခုဆိုလျှင်သင်ဇာရောက်မလာတော့သည်မှာ လေးငါးလတောင်ရှိပြီ။ သင်ဇာမလာသဖြင့် နှင်းလည်း နန္ဒအကြောင်း မသိရတော့ သဖြင့် တခါတရံသတိရလွမ်းဆွတ်မိ၊ စိတ်ပူမိသည်။ သင်ဇာလာမှသာ နန္ဒအကြောင်းကို နှင်းသိရမှာဖြစ်သည်။ နန္ဒဘာလုပ်နေလဲဆိုသည့် သတင်းလေးတွေ နှင်းမက်မက်မောမော ကြားချင်နေမိသည်။ သင်ဇာကို ဖုန်းဆက်ဖို့ရန် နှင်းဘက်က မဖြစ်နိုင်။ အိမ်လိုက်သွားဖို့ဆိုတာလည်း နှင်းအိမ်ပြင် မထွက်တာကြာပြီ။ ဘာမှမတတ်နိုင်သည့်အဆုံး နှင်းလုပ်နိုင်သည်မှာ သင်ဇာတစ်ယောက် နှင်းအိမ်ဘက်ကို လာပါစေ ဟုသာ ဆုတောင်းနေမိသည်။

။.......................။

တစ်နေ့တွင် သင်ဇာတစ်ယောက်နှင်းဆီကိုရောက်လာသည်။ နှင်းဝမ်းသာလွန်းသဖြင့် သင်ဇာကိုပြေးဖက်မိသည်။ အကြာကြီးရှိပြီ ဘာလို့မလာတာလဲ နှင်းလက်ဟန်ခြေဟန်ဖြင့်သာ သင်ဇာကို မနားတမ်းမေးနေမိသည်။
“အေးပါ အေးပါ ထားပါတော့။ ငါမအားလို့ပါဟယ်။ ခွင့်လွတ်ပါ သူငယ်ချင်းလေးရယ်။ အဲတာတွေထားအုံး ဒီမှာ အရေးကြီးတာပြမလို့။ ရော့....”
သင်ဇာက လက်ထဲမှ စာအိတ်တစ်ခုကို ကိုင်လျှက် နှင်းကိုလှမ်းပေးသည် ။ ဖိတ်စာတစ်ခုမှန်းခန့်မှန်းမိသည့်နှင်းက နားမလည်စွာ တစ်ချက်ကြည့်မိသည်။ ထိုဖိတ်စာဖြင့် သင်ဇာကို ထိုးပြသည်။ နင့်မင်္ဂလာဆောင်လား ဆိုသည့် ဆိုလိုဟန်ကို နားလည်၍ သင်ဇာက ဟက်ဟက်ပက်ပက်ရီသည်။

“ငါ့ဟာ မဟုတ်ဘူး။ နန္ဒဖိတ်စာ ”

မမျှော်လင့်မ
ထင်မှတ်ထားမိသည့် စကားတစ်ခွန်ကို သင်ဇာက ရုတ်တရက် ဖွင့်ပြောချလိုက်တော့ နှင်း၏ လက်ဖျားခြေဖျားများ ချက်ချင်းအေးစက်သွားရသည်။ အဖြူရောင် ဖိတ်စာလေးက ရက်စက်စွာ လှပလွန်းပါသည်။ နှင်းကို နန္ဒ တော်တော်စိတ်နာသွားပြီထင်ပါ၏။ နန္ဒပြန်လာသည်မှာ ခြောက်လပင် မရှိသေး။ မင်္ဂလာဖိတ်စာ နှင်းလက်ထဲကိုရောက်လာပြီ။ ဘာပဲဖြစ်ဖြစ် နန္ဒရွေးချယ်လိုက်သည့်လမ်းက မှန်သည်ဟုလည်း နှင်းယူဆမိပါသည်။ သင်ဇာက ဖွင့်ကြည့်ပါဆိုသည့် အမူအရာဖြင့် မေးဆတ်ပြသည်။ ကြေကွဲစွာဖြင့် နန္ဒ၏မင်္ဂလာဖိတ်စာကို တစ်ဖြေးဖြေးဖွင့်ဟကြည့်မိသည်။ မျှော်လင့်ထားလျှက်နှင့် သတို့သားနေရာတွင် နန္ဒနာမည်ကို မြင်တော့ နှင်းရင်ထဲစူးခနဲ နာကျင်သွားရသည်။ ခုတော့ တသက်တာဝေးရပြီပေါ့လေ။
သတို့သမီးနာမည်ကို မြင်တော့ နှင့် ကိုယ့်မျက်လုံးများကိုပင် ကိုယ်မယုံနိုင်။ နှင်းဘာကိုမှ နားမလည်တော့။ သင်ဇာကိုတစ်ချက်ကြည့်လိုက်သည်။ သင်ဇာကနှင်းကို ဝမ်းသာအားရ တင်းကျပ်စွာ ဖက်လာ၏။ သတို့သမီးနာမည်နေရာမှာ ရှိသည်က နှင်း ၏ နာမည်ဖြစ်နေသည်။
“အဲတာတွေ အားလုံး နန္ဒစီစဉ်တာ။ နန္ဒပါလာတယ်။ ဟိုမှာ”
သင်ဇာညွန်ပြသည့်နေရာကို နှင်းလှမ်းကြည့်မိသည်။ နှင်း၏အိမ်ထဲသို့ မဝင်လာပဲ တံခါးဝတွင် ရပ်နေသည့် နန္ဒကိုတွေ့လိုက်ရသည်။ လက်ထဲတွင် ပန်းစည်းတစ်စည်းကို ပိုက်ထားသေး၏။ နှစ်နှစ်နီးပါးခွဲနေရသည့် ချစ်သူကို နှင်းအားရဝမ်းသာစွာပြေးကြိုချင်မိပါသည်။ နန္ဒက အံသြစွာကြည့်နေသည့် နှင်းဆီကို တည်တည်ငြိမ်ငြိမ်မျက်နှာထားဖြင့် လျှောက်လာသည်။ မျက်နှာချင်းဆိုင်အနေအထားရောက်တော့ နှင်းကို သေသေချာချာကြည့်သည်။ အဲဒီနောက် နှင်းဆံပင်တွေကို ခပ်ဖွဖွလေး ပွတ်သတ်ပေးသည်။ လက်ဟန်ဖြင့် နှင်းကို စကားစပြောသည်။ ပါးစပ်ကနေ စကားလုံး တစ်ခွန်းမှ မဆိုပဲ လက်ဘာသာစကားဖြင့်သာ ပြောဆိုနေသည်ကို နှင်းတွေ့ရသဖြင့် နှင်းတုန်လှုပ်သွားမိသည်။

“နှင်း နေ ကောင်း လား”
“နှင်းပိန်သွားလိုက်တာ ။ ခုနှင်းအနားကို ကိုယ်ပြန်ရောက်လာပြီ။ ”
“နှင်း ဘယ်ကိုပဲ ရှောင်ပုန်းပုန်း ကိုယ်ရအောင် လိုက်ရှာမှာပဲ ”
“ကိုယ့်ကိုလက်ထပ်ခွင့်ပေးမယ်မဟုတ်လား။ ”
လက်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေသည့် သူ့လက်ချောင်းတွေက နှင်းကို အံ့အားသင့်လွန်းစေသည်။ အို.. သူ ဒီဘာသာစကားကို ဘယ်အချိန်က တတ်သွားပါလိမ့်။ နှင်းရင်ခုန်သံတွေ တဒိန်းဒိန်းမြည်ဟီးနေ၏။ ဝမ်းသာလွန်း၍ မျက်ဝန်းတစ်ခုလုံး မျက်ရည်များ လိမ့်ဆင်းလာသည်။ နှင်းရဲ့ လက်ချောင်လေးများ လှုပ်ရှားလာကာ ပြန်မေးလိုက်သည်။
“ဘယ်အချိန်က သင်လိုက်တာလဲဟင်”
ဒီတခါတော့ နန္ဒက လက်ဖြင့်မဖြေတော့။ နှင်းမေးခွန်းကို နှုတ်ကပြန်ဖြေသည်။
“နှင်းအဆက်အသွယ်ဖြတ်သွားတော့ ကိုယ်ကျောင်းတက်တာကို ရပ်ခဲ့ပြီး ဒီကို ပြန်လာခဲ့တယ်။ သင်ဇာကို မရမက မေးလို့ နှင်းရဲ့ အဖြစ်အပျက်နဲ့ နှင်းကိုယ့်ကို ရှောင်နေတဲ့ အကြောင်းတွေ သိခဲ့ရတယ်လေ။ နှင်းက ကိုယ်နဲ့ အခြေအနေမတူလို့ အတွေ့မခံချင်တော့တာကို ကိုယ်သိလိုက်ရတော့ ကိုယ် ဒီ လက်ဘာသာစကားကို သွားသင်ရတာပေါ့။ ခုဆို ကိုယ်ကျွမ်းကျွမ်းကျင်ကျင် တတ်ခဲ့ပြီလေ။ နှင်းနဲ့ ပြောဆို ဆက်သွယ်ဖို့ အဆင်ပြေပြီမဟုတ်လား”
နှင်း မျက်ရည်များဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ တစ်ယောက်ကတစ်ယောက်ကို မြတ်နိုးတယ်ဆိုတာ စကားသံတွေနဲ့ ဖော်ပြနေဖို့တစ်ခုထဲ မဟုတ်ပါဘူးနှင်းရယ်။ တစ်ယောက်ရင်ထဲ တစ်ယောက်မြင်နိင်အောင် ကြည့်ဖို့အဓိကပါ။ နှင်းဆီက စကားသံတွေ ကြားဖို့ထက် နှင်းကိုယ့်အနားမှာ ရှိဖို့ပဲ ကိုယ်ပိုလိုအပ်တာပါ။ ကိုယ်ပြောတာ နားလည်တယ်နော်”

ဒီတခါတော့ နှင်း ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ နှင်း အပေါ် ဒီလောက် ချစ်တတ်လွန်းသူကို နှင်းကိုယ်တိုင်လည်း အဆုံးရှုံးမခံနိုင်တော့ပါ။ နန္ဒပြောသလို နှင်း ပြောချင်သမျှကို သူနားလည်ပြီဆိုရင် နှင်းတို့ကြားမှာ ခြားနားခြင်းတွေ သိပ်မရှိတော့ဟု ထင်ပါသည်။
နန္ဒက လက်ဘာသာ စကားဖြင့် လှမ်းပြောသည်။ သူပြောသည့် အဓိပ္ပါယ်က နှင်းကို ရင်ခုန်ရစေလွန်းပါသည်။ နှင်းလည်း သူ့မေးခွန်းကို ဖြေလိုက်၏။ နှင်းအဖြေကို မြင်တော့ နန္ဒ ပျော်ရွှင်စွာဖြင့် နှင်းကို ပွေ့ချီ၏။ သင်ဇာက နားမလည်နိင်သေး။
“ ဘာတွေပြောကြတာလဲ။ ငါ့ကိုလည်း ပြောပြကြအုံးလေ”
နန္ဒက နှင်းကို ပွေ့ချီလျက်နှင့်ပင် ပြန်ဖြေသည်။
“ငါက သူ့ကို မေးလိုက်တယ်။ နှင်းကို ငါလက်ထပ်ပါရစေလို့။ အဲဒီတော့ သူကလည်း ပြန်ဖြေတယ်လေ။ သဘောတူပါတယ်တဲ့။ ”
ခုမှ အကြောင်းစုံ နားလည်သွားသည့် သင်ဇာက ဝမ်းသာလွန်းစွာဖြင့် နှင်းလက်နှစ်ဘက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
“ဝမ်းသာလိုက်တာဟယ်။ ဒီလောက်ချစ်ကြတဲ့ ချစ်သူတွေ မဝေးကြရတော့ဘူး။ ငါ အရမ်း ဝမ်းသာတာပဲ။”
နှင်းကိုယ်တိုင်လည်း မယုံနိင်လောက်အောင် ဝမ်းသာပျော်ရွှင်လွန်းပါသည်။ ဒီတစ်ကြိမ်တော့ နှင်းတို့ အမှန်တကယ် ပေါင်းစည်းရတော့မည်။ နန္ဒပြောသည့် စကားလေးကို သိပ်သဘောကျပါသည်။ သိပ်မှန်သည်ဟုလည်း ထင်ပါသည်။
တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးတယ်ဆိုတာ စကားသံတွေနဲ့ ဖော်ပြနေဖို့တစ်ခုထဲ မဟုတ်ပါဘူး။ တစ်ယောက်ရင်ထဲ တစ်ယောက်မြင်နိင်အောင် ကြည့်ဖို့အဓိကပါ .. တဲ့လေ။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်