ရေကြည်ချမ်းမြ
အခန်း(၁) “ထမင်းစားကြမယ်ဟေ့..” အဖွဲ့ခေါင်းဆောင်၏ ခေါ်သံကြားတော့ အုပ်စိုးတစ်ယောက် ဆောင်းထားသော ဦးထုပ်ကိုချွတ်ပြီး ထမင်းစားရန် လက်သွားဆေးသည်။ ရေထိသဖြင့် လက်ဖဝါးနှင့် လက်ကောက်ဝတ်မှ စပ်ဖျင်းဖျင်း ဖြစ်သွား၏။ ငုံကြည့်လိုက်မိသည့်အခါ သွေးအနည်းငယ် စို့နေသော ပွန်းပဲ့၊ ဒါဏ်ရာတစ်ချို့ကို တွေ့ရသည်။ ထိုထိခိုက်ရှနာများမှ ရေထိသဖြင့် စပ်ဖျင်းဖျင်း ဖြစ်သွားခြင်းဖြစ်သည်။ သိပ်တော့ မထူးဆန်းလှပါ။ ဤအလုပ် စဝင်သည့်နေ့မှ ယနေ့အထိ ငါးရက်အတွင်းတွင် ယခုကဲ့သို့ ထိခိုက် ရှနာများ မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ဒဏ်ရာ အကြီးအသေးသာ ကွာခြားသော်လည်း ဘဝတူ အလုပ်သမားတိုင်း အနည်းနှင့်အများတော့ ထိခိုက်ရှနာ ကြုံကြရစမြဲ ဖြစ်သည်။ တစ်ယောက်တစ်ဗူး ခွဲတမ်းရသော နေ့လည်စာထမင်းဗူးကို စားပြီးသည့်နောက် နေရာလွတ် တစ်ခုတွင် ကျောခင်းလိုက်ပါသည်။ ကြမ်းပြင်ပေါ် ခင်းထားသော ကတ်ထူ စက္ကူပေါ်တွင် ပက်လက်လှဲလိုက်တော့မှ အုပ်စိုး၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲနေမှန်း သတိပြုမိတော့သည်။ အလုပ်စဝင်သည့် နေ့ကတည်းက ဤနေ့ထက်တိုင် ထမင်းစားပြီးချိန် ခဏနားတိုင်း နာကျင်ကိုက်ခဲသော ဝေဒနာသည် တိုးဝင်လာစမြဲဖြစ်သည်။