"ဒေါက်...ဒေါက်...ဒေါက်..ထတော့ သမီးရေ..၇ နာရီထိုးပြီးနော်"
အခန်းအပြင်က ညင်သာနူးညံတဲ့ အသံလေးနှင့် အတူ မနက်မိုးလင်းတိုင်း ပထမဆုံးမြည်တဲ့ မေမေ(မားမား)ဆိုတဲ့ ကျွန်မရဲ့ နိုးစက်လေးပါ။ မေမေရဲ့ တံခါးခေါက်သံနှင့် အတူ ကျွန်မအိပ်နေရာမှ အသံလာရာကို အာရုံရောက် သွားမိပါသည်။ ပထမဆုံးခေါက်သံ ဆိုတော့ မနက်၇နာရီပေါ့။ ရသေးတယ် ဆက်အိပ်လိုက်အုံးမယ်။ ကျွန်မရဲ့ ထုံးစံပေါ့ အိပ်ရာက မထချင်သေးပါ။ ရတဲ့ ၅မိနစ် ၁၀ မိနစ်ကို ပေကပ်စွာ အိပ်နေမည်။ မေမေကတော့ ထုံးစံအတိုင်း မနက်၆နာရီဆို နိုးနေမည်။ သူမရဲ့ အပေါင်းဖော်များနှင့် လမ်းတစ်ပါတ်လျှောက်မည်။ မနက်တိုင်း အလကားပေးနေတဲ့ သတင်းစာကို မြေအောက်ရထား ရှိတဲ့ ဘူတာဂိတ်မှာ သွားယူမည်။ ပြီးရင် အိမ်ပြန်လာပြီး သူမရဲ့ ချစ်လှစွာသော သမီးလေး ငပျင်းကို နှိုးမည်။ ကျွန်မစားဖို့ မနက်စာကို မေမေက ပြင်ဆင်နေမည်။ ကော်ဖီခွက်ကို အသံခပ်ပြင်ပြင်းနဲ့ ခေါက်ပြီးမွှေနေမည်။ ကျွန်မ မကြားကြားအောင် လုပ်နေခြင်းပါ။ ကျွန်မ အခန်းတံခါး ပိတ်တဲ့ နေ့တွေဆိုရင်တော့ အခန်းပြင်ကနေ နှိုးတဲ့ နည်းထဲက တစ်နည်းပါ။ အခန်းတံခါး မပိတ်မိတဲ့ အချိန်တွေ ဆိုရင်တော့ အခန်းထဲ ဝင်လာပြီး ကျွန်မရဲ့မျက်နှာကို ကလိမည်။ ဒါမှမဟုတ်ရင် ပွစိပွစိ နဲ့ နားနားမှာ ကပ်ပြီး ကျွန်မကို နားငြီးအောင်လုပ်မည်။ မေမေရဲ့ မနက်တိုင်း ကလိနေတဲ့ နိုးနည်းလေးတွေပါ။
"ဒေါက်....ဒေါက်...ဒေါက် ၇နာရီခွဲပြီး ထတော့လေ..အလုပ်နောက်ကျတော့မှာဘဲ "
ဒုတိယ အကြိမ်မြောက် နိုးခြင်းပါ။ ဒုတိယ အကြိမ်ဆိုရင်တော့ မေမေက ကျွန်မ တံခါးမဖွင့်မချင်း ခေါက်နေတော့မည်။ ကျွန်မ မထချင်ထချင်နှင့် အခန်းတံခါးကို ထဖွင့်ကာ ကုတင်ရှိရာသို့ ပြန်လျှောက်ပြီး ရတဲ့ တစ်မိနစ် နှစ်မိနစ်ကို ပြန်အိပ်နေမိသည်။ မေမေကတော့
"စနေ တနင်္ဂနွေမှ အိပ်ရေးဝဝ အိပ်ပါသမီးရယ် ထတော့..ညက ဘယ်အချိန်အိပ်လဲ စောစောအိပ်ပါဆို မအိပ်ဘူးထင်တယ်။ "
မေမေက ကျွန်မကို ဘာဘဲလုပ်လုပ် ဘယ်တော့မှ မဆူသလို ကျွန်မကို အမြဲတမ်း သူမရဲ့ အပြုံးတွေနဲ့သာ
ကျွန်မရင်ကိုအေးစေသည်။ မေမေက အပြုံးတွေ သာမက ကျွန်မ ဘာပြောပြော အမြဲတမ်းရယ်နေတတ်သည်။ အရယ်သန်လွန်းတဲ့ မေမေကို ကျွန်မ အမြဲတမ်း ရီစရာပြောသလို မေမေနဲ့ဆိုရင် ကျွန်မ အလိုလိုနေရင် မျက်နှာပြောင်နေတတ်ပါသည်။
"ကဲထပါတော့"
ဆောင်းတွင်းအေးအေးမှာ မေမေက စောင်ကို ဆွဲလှမ်းကာ ကျွန်မလက်ကို အတင်းဆွဲပါတော့သည်။ မျက်စိမဖွင့်သေးတဲ့ ကျွန်မကို ရေချိုးခန်းထဲသို့ အတင်းတွန်း လွတ်ပါသည်။ နံနက်စာ စားရင်နဲ့ ထိုင်စောင့်နေတဲ့ မေမေက သနပ်ခါးခါး ပါးပါးလေးကို လိမ်းထားပါသည်။ တိုင်းတစ်ပါးမှာ နေနေပေမည့် မေမေက သနပ်ခါးဘဲ လိမ်းလေ့ရှိသည်။ အခန်းထဲက အလုပ်သွားရန် ပြင်ဆင်ပြီး ထွက်လာတဲ့ ကျွန်မကို မေမေက ပြုံးရင်
"ကောင်မလေး ညဘက် ညဘက် စောစော မအိပ်ဘူးနော်လို့ "
သူမရဲ့ နံနက်တိုင်း နှတ်ဆက်စကားပါ။ မေမေရဲ့ နံနက်စာကို စားရင်း ကော်ဖီကို ရေသောက်သလို မော့လိုက်ပြီး ကျွန်မရဲ့ ထမင်းဘူး ကိုယူကာ ကျွန်မ အလုပ်ကိုပြေးရပါတော့သည်။ မေမေကတော့ တံခါးနားထိ လိုက်ပို့ရင်း ဆိုင်ကယ် ဖြေးဖြေးမောင်းဖို့ ဆိုင်ကယ်စီးရင်း ဘုရားစာဆိုဖို့ အနားကနေ တတွတ်တွတ် မှာနေမည်။ မေမေရှိနေလို့သာ ကျွန်မရဲ့ နံနက်ခင်းတွေက ကြည်နူးစရာလေးတွေနဲ့ နံနက်တိုင်းမှာ အင်းအားတွေရှိလို့နေသည်။ ကျွန်မ ဘဝမှာ မေမေက ကျွန်မရဲ့ အားဆေးတစ်ခွက်ပါဘဲ။ မေမေဆိုတဲ့ အမြဲတမ်း အရောင် မပြောင်းလဲတဲ့ ရင်ခွင်တစ်ခု ရှိနေလို့တာ ကျွန်မရဲ့ စိတ်က အမှိုက်တွေကို မေမေရင်ခွင်ထဲမှာဘဲ စွန့်ပြစ်နေရတာပါ။ ဝမ်းနည်မိတဲ့အခါတိုင်း ဒီရင်ခွင်ကသာ စိတ်ရဲ့ဖြေရာ ဝမ်နည်းမှုတွေ ပြေပြောက်စေတဲ့ အေးချမ်းတဲ့ ရင်ခွင်။ တကယ်လို့သာ မေမေဆိုတဲ့ အမြဲတမ်းနွေးထွေးနေတဲ့ ရင်ခွင်တစ်စုံသာ မရှိခဲ့တော့ရင် ...............။
PS: မွန့်ပိုစ်လေးတွေကို လာလာဖတ်ပေးတဲ့ သူငယ်ချင်းလေး တွေကလဲ မွန်ရဲ့ အားရှိစေတဲ့ ရင်ခွင်တစ်စုံပါဘဲ။ ကျေးဇူးတင်ပါတယ်ရှင်။
( မြတ်မွန်)