ချစ်ခြင်းနဲ့မေတ္တာ

ချစ်ခြင်းနဲ့မေတ္တာ တူမလိုလိုနဲ့ သိပ်ကိုကွဲပြားပါတယ်။ မေတ္တာဆိုတာ အေးမြတယ်။ သန့်ရှင်းတယ် ။ သူတစ်ပါးအကျိုးကိုဆောင်တယ်။ ချစ်ခြင်းက အတ္တဆန်တယ်။ စိတ်ရဲ့သာယာမှုကို လိုက်ပြီး ရယူလိုစိတ်ဆိုတဲ့ အတ္တတွေပါလာတယ်။ လူတယောက်တွင် အတ္တဆန်လာသောအခါ မေတ္တာ စိတ်များခေါင်းပါးလာတက်တယ်တဲ့။

မေတ္တာစိတ်၊ ဂရုဏာစိတ်၊ မုဒိတာစိတ်၊ ဥပက္ခာစိတ် ၊ ခွင့်လွတ်တက်သည့်စိတ်၊ သည်းခံတက်သည့်စိတ်၊ ချစ်ခြင်း၊ သနားခြင်း၊ ပေးကမ်းစွန့်ကျဲလိုခြင်း၊
သူတပါးအပေါ်နားလည်ခွင့်တက်ခြင်း ဆိုတာ စိတ်ကောင်း စိတ်မြတ် တွေဖြစ်တယ်။ မေတ္တာစိတ်နဲ့ ချစ်တက်လာရင် သူတစ်ပါးကို ကောင်းစားစေချင်တယ်၊ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ချင်တဲ့ စိတ်တွေ ကင်းစေတယ်၊ သူတစ်ပါးပျော်ရွှင်နေရင်ပဲဖြစ်ဖြစ် ကောင်းစားနေရင်ပဲ ဖြစ်ဖြစ် မုဒိတာပွါးကာ ကိုယ်ပါ သူရဲ့ အပျော်တွေ ကူးစက်လာစေတယ်။ မေတ္တာရဲ့ အေးမြတဲ့ သဘောလို့ ဆိုနိုင်တယ်။

ချစ်ခြင်း ဆိုတာက အတ္တပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက် တစ်ခြားလူတစ်ယောက်နဲ့ ချစ်ကြိုက်သွားတဲ့အခါ ရင်မှာ ပူလောင်စွာ မီးတစ်ဟုန်းဟုန်းတောက်နေသကဲ့သို့ ခံစားရတော့တယ်။ တစ်နည်းအားဖြင့် ဆိုရင်တော့ အသည်းကွဲခြင်းပေါ့။ မေတ္တာမှာ အသည်းကွဲခြင်းဆိုတာ မရှိ။ ထို့ကြောင့် ချစ်ခြင်းကို မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ဖို့လိုတယ်။ မေတ္တာနဲ့ ချစ်တဲ့အခါ သီတာရေစင်ကို သောက်သုံးလိုပဲ နှစ်ဦးနှစ်ဘက်လုံးကို အေးမြစေပါတယ်။

ဘုရားစာအုပ်တခုတွင် ဖတ်ဖူးတာလေးကို တင်ပြချင်ပါတယ်။ (မေတ္တာတွင် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာ ဟူ၍ သုံးမျိုးရှိသည်။ သူတပါးအကျိုးကို ချမ်းသာအောင် ၊စိတ်ပါလက်ပါ၊ ကြည့်ဖြူစွာ ကူညီခြင်း ၊သူတပါးစိတ်ဆင်းရဲအောင်မလုပ်ခြင်း ၊မထိပါး၊မစော်ကားခြင်းလည်း၊ ကာယကံ မေတ္တာ မည်၏။ သူတပါးအပေါ် ညှာတာစွာ ချစ်ခင်ကြည်အေးဖွယ် စကားကိုသာ မြွတ်ဆို သုံးဆွဲခြင်း ၊နှုတ်ဖြင့်မထိခိုက်စေခြင်းများကို ဝစီကံ မေတ္တာ ဖြစ်သည်။ မှန်ကန်သော စိတ်ဖြင့် သူတပါးကို ကျန်းမာချမ်းသာစေခြင်း အတွင်းစိတ် သဘောများကို မနောကံ စိတ်ဟု ခေါ်သည်။)

လူအများနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါ မေတ္တာစိတ်ကလေးက ပေါင်းကူးတံတားလိုပဲ နှစ်ဦးနှစ်ဘက်ကို တရားသဖြင့် မျှမျှတတ စဉ်းစားပေါင်းသင်း ဆက်ဆံစေတဲ့ အခြေခံ စိတ်ကလေးပါပဲ။ မေတ္တာစိတ်ကလေး ကိန်းအောင်းနေတဲ့ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကလေးတွေကလည်း သူတစ်တပါးကို ကိုယ်ချင်းစာ ကူညီတက်တဲ့ လုပ်ဆောင်ချက်ကလေးတွေဖြစ်တယ်။ တနည်းအားဖြင့် ပရိဟိတ လုပ်ငန်းလေးတွေလို့ ဆိုနိုင်တယ်။

မေတ္တာစိတ်ရှိမှ လူအချင်းချင်း ဘဝတူ၊ အဆင့်တူတယ်ဆိုတဲ့ အသိ၊ လူအချင်းချင်း ကိုယ်ချင်းစာတယ်ဆိုတဲ့ အသိ၊ လူအခွင့်ရေးများလဲ တန်းတူ ရှိသင့်တယ်ဆိုတဲ့ အသိလေးတွေ ဖြစ်လာတယ်။
ထို့ကြောင့် ရယူလိုခြင်းဆိုတဲ့ အတ္တကိုဖယ် မေတ္တာနဲ့ ချစ်ခင်နိုင်ပါစေ။ ကိုယ့်အပေါ် မကောင်းလည်း မေတ္တာတရားလေးနဲ့ ချစ်တက်နိုင်ပါစေ။

Ps;ကိုယ်တိုင်ရော ကျင့်ကြံ့နိုင်လို့လား မေးစရာ ဖြစ်လာနိုင်ပါတယ်။ ကိုယ်တိုင်လည်း အသိကလေးနဲ့ ယှဉ်၍ သတိလေးနဲ့ ကြိုးစား ကျင့်ကြံ နေတုန်းပါလို့ ဝင်ခံပါရစေ။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

စေလိုရာစေ


photo : google
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

မျှော်လင့်ချက်

သူမနာမည်ကို အင်းအင်း လို့ခေါ်ပါတယ်။ အင်းအင်းကို မွေးပြီး သိပ်မကြာခင်မှာပဲ သူမဖေဖေက သူမနဲ့ သူမမေမေကို ခွဲခွာသွားခဲ့တယ်။ သူမ မေမေက ဆက်လက် ကျွေးမွေး စောင့်ရှောက် လာခဲ့တယ်။ သူမ ၃နှစ်ပြည့်တဲ့ နှစ်မှာပဲ သူမမေမေက သူမကို တိုးတိုးတိတ်တိတ် ခွဲခွါသွားခဲ့တယ်။ သူမခမျာ ငယ်လွန်းသေး၍ ဘာမှ မသိရှာဘူးပေါ့။ သူမ မေမေ မရှိတော့နောက် သူမသည် မိဘမဲ့ ကလေးကျောင်းမှာကြီးပြင်းခဲ့ရတယ်။

သူမက စိတ်ဓာတ်မကျပဲ ဆက်လက် ရှင်သန်နိုင်စွမ်း ရှိခဲ့ပါတယ်။ အဲဒါကတော့ သူမ မေမေထားခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပါ။ စာလေးကတော့

{သမီလေး မေမေမရှိတဲ့ အချိန် လောကကြီးရဲ့ အလယ်မှာ ကိုယ်အားကိုကိုယ်ပြီး ဆက်လက်ရှင်သန်သွားပါ။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားပါ။ အရာရာကို ကိုယ်အားကို ကိုယ်ပြီး စိတ်ဓာတ်မြင့်မြတ်တဲ့ မိန်ကလေးတယောက် ဖြစ်အောင် ကြိုးစားပါ။ ကိုယ်ကိုထိန်သိမ်းစောင့်ရှောက်ပါ။ သမီး ၁၄နှစ်ပြည့်တဲ့နေ့ မေမေ လာကြည့်မယ်} လို့ရေးခဲ့တယ်။ ပြီးတော့ ချစ်စရာကောင်းတဲ့ ဝက်ဝံရုပ်လေး တစ်ရုပ် သူမအတွက် လက်ဆောင်ပေးခဲ့တယ်။ အရုပ်လေးရဲ့ ဗိုက်ကလေးထဲမှာတော့ စာလေးတစောင်ရှိတယ်။

{သမီလေးကို မေမေ ချစ်ပါတယ်။ သမီးလေး လောကကြီးထဲမှာ သတ္တိရှိရှိ ရှင်သန်သွားပါ}

သူမ ဝမ်းနည်စရာ ကြုံလာရတိုင်း ၊ သူမ မေမေ ကို သတိရတိုင်း ၊ အရုပ်ကလေးကိုပဲ ရင်ဖွင့်လေ့ရှိတယ်။

တစ်နှစ်ပြီးလို့ တစ်နှစ် အချိန်တွေကြာမြင့် လာသည်နှင့်အမျှ အင်းအင်း တစ်ယောက် တဖြည်းဖြည်း သိတက်တဲ့ အရွယ် ရောက်လာတယ်။ အရွယ်ရောက်လာတာ နှင့်အမျှ လူ့ဘဝဆိုတာ မွေးတစ်နေ့ သေတစ်နေ့ ဆိုသလို နေ့မြင် ညပြောက် ဆိုတဲ့ သဘောတရားတွေကို နားလည် သဘောပေါက်လာတယ်။ သူမရဲ့ စိတ်ထဲမှာတော့ မေမေ မသေ သေးဘူးလို့ ယုံကြည်နေတုန်းပဲ။ အင်းအင်းရဲ့ စိတ်ထဲမှာ မေမေ သူကို မညာလောက်ပါဘူး လို့ သူမလက်ခံထားတယ်။ သူမ မေမေ ပြန်လာကြည့်မဲ့ နေ့ကိုပဲ ဆက်လက် မျှော်လင့်နေသေးတယ်။

သူမ ၁၄နှစ်ပြည့်တဲ့နေ့  သူမ မေမေ ရောက်မလာပါ။ သူမ စိတ်ဓာတ်မကျခဲ့ပါဘူး။ သူမမေမေကို ၁၄ နှစ် ပြည့်တဲ့နှစ် တနှစ်လုံး စောင့်နေခဲ့ပါတယ်။ ၁၄နှစ် တစ်နှစ်လုံး ၊ ၁၅နှစ် ၊ ပြီးတော့ ၁၆နှစ် ရောက်မလာခဲ့ပါ။ ဒီလိုနဲ့ပဲ အသက် ၂၀ ရှိသွားခဲ့တယ် သူမမေမေကတော့ သူမဆီကို ရောက်မလာခဲ့ပါ ။

နောက်ဆုံးတော့ အင်းအင်းသည် မိဘမဲ့ကျောင်းကလေးကို စွန့်ခွါပြီး လောကကြီးအလယ်တွင် တယောက်ထည်း ရုန်းကန်ကြိုစားရင်း ရှင်သန်ခဲ့တယ်။ အလုပ်တခု ရှာတယ်။ လခ သိပ်မများပေမယ့် သူမအတွက် လုံလောက်ရုံလေးနှင့် ပိုလျှံသည့် ပိုက်ဆံလေးတွေကို စုစောင်းထားခဲ့တယ်။ ဒီလိုနှင့် စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေ အတော်အသင့် ရှိလာတယ်။ စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ သူမ စက်ဘီးလေးတစ်စီး ဝယ်လိုက်တယ်။

တစ်နေ့တော့ အဲဒီစက်ဘီးလေးနဲ့ သူမရဲ့ အချစ်ဆုံး အရုပ်ကလေးကို ခေါ်ဆောင်ပြီး သူမ မေမေ အိမ်ရှိရာကို ပြန်ခဲ့တယ်။ စက်ဘီလေးကို နင်းလာခဲ့တာ ၅နာရီလောက် ကြာတော့ သူမနေတဲ့ နေရာလေးကို ရောက်လာခဲ့တယ်။ သူမငယ်ငယ်လေးကတည်းက ပျော်ရွှင်ခဲ့ရတဲ့ နေရာလေး။ သူမ မျှော်လင့်နေခဲ့တဲ့ သူမသိပ်ချစ်သော ဟောင်းနွမ်းနေပြီဖြစ်တဲ့ သူမမေမေရဲ့ အိမ်ကလေး။ နှစ်ရှည်လများ လွမ်းခဲ့ရတဲ့ ပတ်ဝန်ကျင်လေး သူမရောက်လာခဲ့တယ်။ သူမ ယုံကြည် နေတယ် ။ သူမမေမေနှင့် တွေ့ ရတော့မယ်။

သူမ စက်ဘီးပေါ်ကဆင်းပြီး စက်ဘီးကို ခြံဝမှာ ရပ်လိုက်တယ်။ ခြံထဲကို ဝင်ဖို့ ဟန်ပြင်တုန်း မိန်မကြီးတစ်ယောက် ထွက်လာတယ်။ အသံခပ်ကျယ်ကျယ် ပါးစပ်ခပ်ကြမ်းကြမ်း မိန်းမကြီးတစ်ယောက် ။ သူမကို ဒေါသ တစ်ကြီးနှင့် ပြောတယ်။

"ဟေ့ သူများ အိမ်ရှေ့မှာ စက်ဘီး လာမရပ်နဲ့ သွား.... သွား..."

သူမ မယုံကြည်နိုင်အောင် ဖြစ်ခဲ့တယ်။ အဲဒီမိန်းမကြီးက ဒီအိမ်လေးရဲ့ အရှင်သခင်တဲ့။ သူမ စောင့်စားခဲ့ ရတဲ့ မျှော်လင့်ချက်များကတော့ တစ်ခဏ အတွင်းမှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူမ မေမေကို စိတ်မဆိုးပါဘူး။ သူမ မေမေက သူမကို လူလောကအလယ်မှာ ရှင်သန်နိုင်အောင် သင်ပေးသွားခဲ့တာပဲလို့ မှတ်ယူလိုက်တယ်။ အင်းအင်း တစ်ယောက် အရာရာကို နားလည် သဘောပေါက် လိုက်ပါတော့တယ်။


လူတိုင်းလူတိုင်းသည် မျှော်လင့်ချက် ကိုယ်စီရှိကြသည်။ မျှော်လင့်ချက်တွေနဲ့ မျှော်လင့်ရင်း ရှင်သန်နေကြသည်။


ချစ်ခင်လေးစားစွာဖြင့်

မြတ်မွန်


မြေခတဲ့မျက်ရည်

စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုပြီး
ဟစ်ကြွေးတက်တဲ့ ဖေဖေ.......
လောကဓံကိုကြံကြံခံ
အနိုင်မခံ အရှူံးမပေး
လွယ်လွယ်နဲ့
မျက်ရည်မကျတက် တဲ့ဖေဖေ.....။

သတိရခြင်း လွမ်းဆွတ်ခြင်းတဲ့
ရင်မှာ ပူလောင်စွာ
လောင်မြိုက်လို့
ဖေဖေ့ မျက်ရည်မြေကျခဲ့ရတယ်....။

ချစ်ခင်နှစ်သက်တဲ့
လူတွေနဲ့ ခွဲခွါနေရတဲ့ ဒုက္ခ
လောကကြီးရယ်..
အရင်ဘဝက ကုသိုလ်ကံကို
ပြန်ကြည့်လို့ရမယ့်
မှန်တစ်ချပ်လောက်လိုချင်မိ....။
မြတ်မွန်

ps; ဖေဖေနဲ့ ဖုန်းပြောပြီး ရေးချလိုက်တဲ့ ကဗျာတစ်ပုဒ်ပါ။