ဆွံ့အသွားသော ဆည်းလည်းသံ


သောကြာနေ့ ညနေတိုင်း အလုပ်ဆင်းချိန်ရောက်လျင် ကျွန်မတို့သူငယ်ချင်းတွေစုပြီး ညဈေးတစ်ခုခုကို သွားလေ့ရှိသည်။ ဝယ်တာ မဝယ်တာထက် သူငယ်ချင်းတွေ စုပြီး ဈေးပါတ်ရတာကို တပါတ်စာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်နည်း တစ်မျိုးလို့ ခံယူထားကြသည်။ သောကြာ ၊ စနေ ညတွေတိုင်း ညဈေး တွင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတတ်သည်မှာလည်း ကျွန်မ တို့လိုပဲ တခြားသူတွေလည်း ခံယူထားဟန်တူသည်။ အမြဲလိုလို သွားဖြစ်သည့် ညဈေးလေးတစ်ဈေးတစ်ခုတွင် စားနေကျ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ရှိသည်။
လမ်းဘေးလေးမှာ ကပ်ဖွင့်ထားတဲ့ ဆိုင်လေးမို့ အမြဲလိုလို ဆိုင်အပြင်မှာ လူတွေ ရပ်စောင့် ရတတ်ပေမယ့် တကယ်တော့ ဆိုင်ရှင် လင်မယားက ဖော်ဖော်ရွေရွေ သိပ်မရှိကြသလို ဆက်ဆံရေးလည်း ညံဖျင်းလှသည်။ ဆိုင်ရှင် လင်မယားက စကားကို ချိုချိုသာသာ မပြောတတ်ပေမယ့် ခေါက်ဆွဲ အရသာကတော့ ကောင်းသည်မို့ ဆက်ဆံရေး ညံ့တာကို လျစ်လျူရှု ပြီး ခေါက်ဆွဲ ဆိုင်လေးမှာ လူတွေက စည်ကားနေလေ့ရှိသည်။
အဖေအမေက ဆက်ဆံရေး ညံဖျင်းသလောက် သူတို့မှာ မိန်မိန် ဆိုသည့် ချစ်စရာ သမီးငယ်လေးတစ်ယောက် ရှိသည်။ ဆံပင်ရှည်ရှည် အသားဖြူဖြူ တီတီတာတာ ပြောပြီး ပြေးလွားနေတတ်သည့် ကလေးမလေးကို ချစ်လွန်းသဖြင့် ကျွန်မ သွားစားသည့် အခါတိုင်း သူမနှင့် အတူ ဆော့လေ့ရှိသည်။ ဘယ်နှစ် နှစ် ရှိပြီမေးတိုင်း လက်ကလေး၂ချောင်း ထောင်ပြပြီး ၃နှစ်လို့ ပြောတတ်ပုံကို သဘောကျလွန်းသဖြင့် ထိုမေးခွန်းကို ခဏခဏ မေးပြီး ပြုံးရယ် ဖြစ်သည်။
သူ ကြိုက်သည့် ကာတွန်းကားလေးတွေကို ပြောပြလေ့ရှိတာကြောင့် ကျွန်မ ထိုဆိုင်ရောက်တိုင်း မိန်မိန်မှာ အနားမှ မခွာတမ်း ကပ်နေတတ်သည်။ နောက်ပိုင်း ထိုကလေးမလေးနှင့် ပိုခင်တွယ် လာသဖြင့် သူနေသည့် မူကြိုကျောင်းလေးကို အားလပ်ရက်နှင့် တိုက်ဆိုင်တိုင်း ကျွန်မ လိုက်ပို့ပေးဖြစ်သည်။ သွေးမတော် သားမစပ်ဘဲ ချစ်ခင်တွယ်တာမိတဲ့ ကျွန်မတို့ ၂ယောက်ရဲ့ သံယောဇဉ်ကို မိန်မိန် မိဘနှင့် မူကြိုကျောင်းက ဆရာမတွေပင် အံသြကြောင်း ပြောပြကြသည်။
ခေါက်ဆွဲ စားပြီးလို့ ပိုက်ဆံရှင်းတိုင်း “မမ ပြန်တော့မှာလား ခဏလောက်နေပါအုံးလား” လို့ ပြောတတ်သဖြင့် ကျွန်မ စိတ်မကောင်း ဖြစ်ရမြဲ ဖြစ်သည်။ ကလေးအတွက် ကစားဖော် မရှိသလို စိတ်မရှည်တတ် ဒေါသထွက်လွယ်ကာ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံ တတ်သည့် မိဘတွေကြောင့် သူ့အပေါ် နုနုညံ့ညံ့ ဆက်ဆံပေးသူကို ခင်တွယ်နေမှန်း သတိပြုမိသည်။ သူမအတွက် ဆော့စရာ အဖော် မရှိတော့ လာစားသမျှ သူတွေက သူမအတွက် ဆော့စရာ အဖော်များ ဖြစ်လို့နေသည်။
တနေ့သော သောကြာနေ့ တစ်ည ကျွန်မတို့ သူငယ်ချင်းတွေ အဲဒီဈေးကို ရောက်ရင်း ခေါက်ဆွဲဆိုင်လေးမှာ စားဖြစ်ကြသည်။ ထိုအချိန်တွင် ကလေးရဲ့ မေမေက ကလေးမလေးကို ထမင်းကျွေးနေတာ တွေ့ရသည်။ ငြိမ်ငြိမ်မနေတတ်သည့် အရွယ်မို့ သူမ မေမေက သိပ်စိတ်မရှည်လှ။ ပြေးလွားဆော့ကစားနေတဲ့ မိန်မိန်ကို ဆောင့်ဆွဲလိုက် လက်ကလည်း ရိုက်လိုက် ထမင်းကျွေးလိုက် လုပ်နေတာကို ကြည့်ပြီး ကျွန်မ စိတ်မကောင်း ဖြစ်မိပေမယ့် မသိမသာဘဲ ကြည့်နေရသည်။
အဖေအမေက စီးပွါးရေးက တစ်ဘက်မို့ ကလေးအပေါ်မှာ အာရုံမရှိ စိတ်မရှည်ကြဘူး ထင်ပါရဲ့။ တကြိမ်တွင်တော့ ကလေးမလေးက ထမင်းတစ်လုပ်ကို စားပြီး ဆိုင်ပြင်ကို ရုတ်တရက်ပြေးထွက်သွားသည်။ ဆိုင်ရှေ့လမ်းမပေါ်က မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စင်းက ကလေးမလေး ပြေးထွက်လာတာကို မြင်ပြီး အထိတ်တလန့် ဘရိတ်ကို ဆောင့်အုပ်လိုက်သည်။ ဆိုင်ကယ်သမားလည်း ဟန်ချက်ပျက်ပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကြသွားသည်။ လှုပ်လှုပ်ရှားရှား အခြေအနေနှင့် ဆိုင်ကယ်ရဲ့ ဘရိတ်အုပ်သံကြောင့် အနီးအနားရှိသူတွေ ထိတ်လန့်သွားကြသည်။ ကျွန်မလည်း ကလေးကို တိုက်မိပြီ အထင်နဲ့ မျက်လုံးကို လက်နှစ်ဘက်နဲ့အုပ်ပြီး အော်လိုက်မိသည်။
ကလေးမလေးရဲ့ မေမေလည်း ပါးစပ်က ဆဲဆို ရေရွတ်လိုက်ပြီး ကလေးမလေးကို ပွေ့ချီလိုက်သည်။ ကံကောင်းထောက်မစွာ ဆိုင်ကယ်နှင့် မတိုက်မိပေမယ့် ဆိုင်ကယ်ရှေ့တွင် ချော်လဲသွားသည့် အရှိန်ကြောင့် မိန်မိန်ရဲ့ လက်တွေ ခြေထောက်တွေ အနည်းငယ် ပွန်းပဲ့ သွားခဲ့သည်။ သူ့မေမေလည်း ဒေါသတကြီးနဲ့ ကလေးကို ဆွဲထူပြီး ရိုက်ပါတော့သည်။ ကြုံခဲ့တဲ့ အဖြစ်တွေကြောင့် ကလေးက လန့်သွားဟန်တူသည်။ မျက်ရည်လည်းမကျ ငိုလည်း မငိုတော့ပဲ မျက်လုံးအဝိုင်းသားနဲ့ သူမ မေမေကို ကြည့်နေတော့သည်။ ကျွန်မလည်း မနေနိင်တော့ သဖြင့် “ကလေးက လန့်သွားတယ် ထင်တယ်။ ဖတ်ထားလိုက်ပါ အမကြီးရယ်” လို့ ဝင်ပြောပြီး ကျွန်မလည်း ကလေးကို သနားပြီး ဖတ်ထားလိုက်မိသည်။ ကလေးက မလှုပ်မယှက် ငြိမ်သက်သွားတာကိုတော့ ကျွန်မ ခံစားလိုက်မိသည်။
အဲဒီနေ့နောက်ပိုင်းမှာ ကျမတို့ထပ်ရောက်ဖြစ်ပေမယ့် မိန်မိန်ကတော့ အရင်လို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ပြေးလွှားနေတာမျိုး မရှိတော့ပေ။ ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်နေသည်ကိုသာ တွေ့ရသည်။ ကလေးရဲ့ ထိတ်လန့်သည့်အရှိန် မပြေသေး သည်လို့သာ တွေးလိုက်မိသည်။ အသိဥာဏ်နည်းသေးသည့် ကလေးတစ်ယောက်ရဲ့ အမှားအတွက် အသိဥာဏ် ပိုရှိသည့် မိဘ လုပ်သူရဲ့ မှားယွင်းသော တုန့်ပြန်မှုကြောင့် ဒီလိုဖြစ်သွားမှန်း ခန့်မှန်းမိသည်။ တကယ်ဆိုရင် ကလေး ထိတ်လန့်နေချိန်မှာ ဖေးဖေးမမ ရှိပေးခဲ့လျင် ပုံမှန် ပြန်ဖြစ်သွားနိင်ပေမယ့် ဒေါသတကြီး ရိုက်နှက်ခဲ့သဖြင့် ပိုဆိုးသွားတာဖြစ်မည်။ ကလေးက အရင်နှင့်မတူဘဲ တိတ်ဆိတ်နေပုံကို မိဘဖြစ်သူများကတော့ အလုပ်ရှုပ် ခုမှသက်သာပြီများတွေးနေကြမလား မသိပါ။
အဲဒီနောက်ပိုင်းတော့ ကျွန်မလည်း အလုပ်နေရာ အပြောင်းအရွေ့ကြောင့် သူငယ်ချင်းတွေနှင့် အရင်လို မဆုံတွေ့ရတော့သဖြင့် အဲဒီဈေးလေးကို ထပ်မရောက်ဖြစ်တာ ကြာသွားခဲ့သည်။ ကျောင်းတွေ ဖွင့်ချိန် ကျောပိုးအိတ်လေးတွေ လွယ်ထားတဲ့ ကလေးတွေကို မြင်တိုင်း ခင်တွယ်မိတဲ့ မိန်မိန်ကို အမှတ်တမဲ့ သတိရမိပြန်ပါသည်။ အရင်က ကျောင်းဖွင့်ချိန်ဆိုရင် သူမအတွက် အဝတ်အစားလေးတွေ လက်ဆောင် ဝယ်ပေးဖူးခဲ့သည်။ အခုလည်း ကျောင်းဖွင့်ချိန်တွေမို့ လမ်းမပေါ်က ကလေးလေးတွေကို ကြည့်ပြီး ကိစ္စတခုဖြင့် သွားရင် လမ်းကြုံသည်နှင့် မိန်မိန် ရှိသည့် မူကြိုကျောင်းလေးဘက်ကို ဦးတည်လိုက်သည်။ ကျောင်းဝင်းလေးထဲကို ဝင်ပြီး သူမရဲ့ ဆရာမကို ရှာတွေ့ဖြစ်သည်။

“မတွေ့တာ ကြာပြီနော်။”
“ဟုတ်ကဲ့ မိန်မိန်ကို လာကြည့်တာ။ သူဒီနေ့ကျောင်းတက်လား ဆရာမ။”
“ဟင် ကလေးမလေးက ကျောင်းပြောင်းသွားပြီလေ။ မသိဘူးလား။”
“ဟင့်အင်း မသိလိုက်ဘူး။ သူတို့ ဆိုင်ဘက်ကို မရောက်တာ ကြာနေပြီ
ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းသားလေးတွေ မြင်လို့ သတိရလို့ လိုက်လာတာ။”

“အင်း ထိုင်ပါအုံး။”
“ဟုတ်ကဲ့။”
“ကလေးက စကားတစ်လုံးမှ မပြောတော့လို့။”
“ဟင်...ဘယ်လို ဆရာမ”
“ဟုတ်တယ်။ ကလေးက စကားကို မပြောတော့တာ။ အရင်က ပြေးပြေးလွားလွားဆော့တတ်တဲ့ ကလေးငြိမ်ငြိမ်သက်သက်လေးနဲ့ ချောင်လေးတစ်ချောင်မှာ ထိုင်ပြီးပဲ ဆော့နေတတ်တော့ ကျွန်မလည်း အတော်လေးအံ့သြမိတယ်။ တစ်ပါတ်လောက် တိတိ အဲလို ဖြစ်နေတာ ဒါနဲ့ နောက်ဆုံးတော့ ကျွန်မလည်း သူအဖေအမေကို ခေါ်တွေ့လိုက်တယ်။ ကလေးကို အိမ်မှာ မရိုက်ပါနဲ့ ။ အချိန်ရရင် ကလေးအတွက် အချိန်နဲနဲလေးပေးပြီး အဖော်လုပ်ပေးပါလို့ ခေါ်ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာလည်း ကလေးက ပုံမှန်ပြန်မဖြစ်လာလို့ ကျောင်းပြောင်းလိုက်ရတယ်လေ။”
“ဖြစ်ရလေ ဆရာမရယ်။”
“ဒါက သူပြောင်းသွားတဲ့ ကျောင်းရဲ့ လိပ်စာပါ။”
ဆရာမ လက်ထဲက လိပ်စာကတ်လေးကို ယူပြီး ကျွန်မ ရင်ထဲမှာ စကားလုံးများ ဆွံအ သွားခဲ့ရသည်။ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ကလေးမလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်မြင်ယောင်မိသည်။ မူကြိုဆရာမ ပေးတဲ့ လိပ်စာလေးအတိုင်း ကလေးမလေး ရှိနေမယ့် ကျောင်းလေးကို ကျွန်မ ရောက်သွားခဲ့သည်။ ကျောင်းဝင်းလေးက တိတ်ဆိတ်နေ၏။ ကျောင်းဝင်းထဲကိုဝင်လိုက် သည်နှင့် အေးချမ်းသည့် ခံစားချက်ကို လှိုက်လှဲလှဲ ခံစားမိပါသည်။ ကျွန်မကို တွေ့သည့် ကလေးလူတိုင်းက ခေါင်းကိုငုံ့ပြီး နှုတ်ဆက်သည့် အနေနှင့် ဦးညွတ်ကြပါသည်။ ကျောင်းဝင်းထဲက လမ်းလေးအတိုင်း ဝင်လာရင်းက နက်ပြာရောင် ဝတ်ထားတဲ့ ဆရာမတစ်ယောက်ကို မေးလိုက်မိတော့ ကလေးမလေးရှိမယ့်အဆောင် ဘက်ကို လိုက်ပို့သည်။ ထမင်းစားချိန်မို့ ကလေးများ ပြေးပြေးလွှားလွှား ဆော့ကစားနေတာကို တွေ့ရသည်။ ဒါပေမယ့် ဆူဆူညံညံ မရှိလှ။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ်...။
“ကလေးမလေး ဒီကျောင်းကို ရောက်တာ ကြာပြီလားဆရာမ။”
“၂ လ ကျော်လောက်ရှိပြီ။ သူနဲ့ဘာတော်လဲ”
“အင်း ဘယ်လိုပြောရမလဲ သူနဲ့သူငယ်ချင်းပါ ဆရာမ ”
“ ဟိုမှာ မိန်မိန် က ”
“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာမ။”
“ဒီကလေးက လိမ္မာပါတယ်။ တစ်ယောက်ထဲပဲ အမြဲနေလေ့ရှိတယ်။ သူပေါင်းတာ သူထက်အသက်ကြီးတဲ့ ကောင်ကလေးတစ်ယောက်ကိုပဲ သူပေါင်းတယ်။ ပြီးတော့ သူသွားလေရာ ယူယူသွားတတ်တဲ့ ကြောင်ကလေးတစ်ကောင် ရှိတယ်။ လမ်းမှာ ကောက်ရတာလို့ ပြောတယ်။ ကျောင်းက တိုက်တဲ့ နို့တို့ အချိုရည် တို့ကို အဲဒီ ကြောင်ကလေးကိုပဲ တိုက်တယ်။ အစားအသောက်ဆိုရင်လည်း ကြောင်ကလေးကိုကျွေးပြီး ကျန်တာကိုမှ သူစားတယ်။ တချိန်လုံးလည်း အဲဒီကြောင်ကိုပဲ ပွေ့ပွေ့ပိုက်ပိုက်နဲ့ နေတတ်တယ်”
ဆရာမရဲ့ ညွန်ပြရာကို ကြည့်မိလိုက်သည်။ အနည်းငယ် ပိန်သွယ်သွားဟန် ရှိသည့် မိန်မိန် ကို တွေ့ရသည်။ ကလေးမလေးရဲ့ မျက်နှာလေးက အပြုံးတွေကို မတွေ့ရပေမယ့် အရင်ကထက် ချစ်စရာ ကောင်းနေသလိုပါပဲ။ မိန်မိန် ကတော့ ကျွန်မကို သတိမပြုမိသေးပါ။ စက္ကူဗူးလေးကို ဖောက်ကာ ကြောင်စားသည့် ပန်ကန်လေးထဲ နွားနို့ တွေကို သွန်ထည့်လိုက်ပြီး ကြောင်ကလေးရဲ့ ကျောကို ပွတ်သပ်ပေးနေတာကို တွေ့လိုက်ရသည်။ သူဘေးနားမှာ ရပ်နေတဲ့ သူထက်အသက်ကြီးသည့် ကောင်ကလေးက သူမကို လက်ဟန်ခြေဟန်ဖြင့် စကားတွေ ပြောနေတာကို တွေ့ရသည်။
ကလေးမလေးက လက်သီးလေးနှစ်ဘက်ကိုဆုပ် လက်မလေး နှစ်ချောင်းကို ကွေးပြပြီး ဆွံ့အ နားမကြား သင်္ကေတ ဖြင့် ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်မထိန်းနိင်သဖြင့် ကျွန်မ မျက်နာကို လက်ဝါး နှစ်ဖက်ဖြင့် အုပ်ကာ သည်းသည်း ထန်ထန် ငိုကြွေးလိုက်မိပါတော့သည်။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
photo: google

Comments

Crystal said…
ရင်ထဲရှိတဲ့အတိုင်းပြောရရင်တော့ ခံစားရတယ်....
လိုအပ်နေတာ မေတ္တာတရားပေါ့
စိတ်မကောင်း ဖြစ်မိတယ်။
မွန်ရေ....ဖတ်ပြီး စိတ်မကောင်းဖြစ်သွားမိတယ် အဲဒီအရွယ်လေးနဲ့ မတန်တဲ့ ခံစားချက်တွေကို ကလေးမလေး ခံစားခဲ့ရရှာတယ်။ မိဘတွေရဲ့ နားမလည်မှု့ပဲ ဆိုရတော့မှာပေါ့။ မွန်ရေးထားတာလေးက ဖတ်လို့ကောင်းပ :)

ခင်တဲ့(ချိုကျ)
ကျနော့်ဘဝမှာ ရင်ထဲက ရှိတဲ့ အတိုင်း ပြောဆို နေထိုင် စေခဲ့တဲ့ မိဘဝတွေကို တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုပဲ အားလုံးကိုလည်း အသိ ၊ အမြင် ၊ အတွေးလေးတွေ ချုပ်နှောင်ထားမှု ဆိုပြီး မဖြစ်စေချင်ဘူး။ အခု မွန်ရေးထားတာလေး တကယ်ကောင်းတယ်ဗျာ။ ကလေးတွေ ဆိုရင် ပိုပြီးတော့ သတိထားရတယ်။
မွန်ရေ....ဖတ်လို့လည်းကောင်းသလို စိတ်မကောင်းလည်း ဖြစ်ရတယ်။ ဂျင်းလည်း အဲလိုမိဘမျိုးတွေ တွေ့ဘူးတယ်။ တွေ့ဘူးသမျှမှာလဲ မိဘက စီးပွားရေးအဆင်မပြေမှုတွေကြောင့် သားသမီးအပေါ်မှာ ဒီလိုမျိုးဂရုမစိုက်နိုင်၊ စိတ်မရှည်နိုင်ဖြစ်တာတွေများတယ်။ ဒါပေမယ့်လည်း ဆိုင်တော့မဆိုင်လောက်ဘူးထင်ပါတယ်လေ...။ အဓိကကတော့ ပင်ကိုယ်စိတ်ဓါတ်ကပဲ အရေးကြီးတယ်ထင်တာပါပဲ။ ဆင်းရဲတာချမ်းသာတာထက် လူပေါ်မှာပဲ မူတည်လောက်ပါတယ်။
ဟင်းးးးးးးးးးးးးးးးးးးးး (သက်ပြင်းချသွားတယ်)

ချစ်တဲ့
အမရေ..ဖတ်လို့လည်းကောင်းသလို..
မိဘရဲ့လွဲမှားမူ့အောက်မှာစွံအသွားတဲ့
ကလေးငယ်တစ်ယောက်အတွက်စိတ်မကောင်း
ဖြစ်ရတယ်။


ခင်မင်စွါဖြင့်
ခိုင်နုငယ်
ခေးကို said…
ဖတ်လို့ ကောင်းလိုက်တာ....မိဘတွေနဲ့ မိဘဖြစ်လာမဲ့သူတွေအတွက် တကယ်ကို အကျိုးရှိစေပါတယ် ..
မမမြတ်မွန် ကစာရေးကောင်းတယ်နော် မိဘတွေရဲ့ အားနက်ချက်ကြောင့် ဒုက္ခဖြစ်သွား ရတဲ့ ကလေးတွေကို အရမ်းသနားတာပဲ ။ရေးထားတာလေးကို ဖတ်ရတော့ ကိုယ်တိုင်တွေ့နေရသလိုခံစားရပါတယ်။ အရေးသားလေးတွေကို အတုယူသွားပါတယ်နော်။
sosegado said…
ဖတ်ပြီးတကယ်စိတ်မကောင်းဖြစ်မိပါတယ်၊ မိန်မိန်တစ်ယောက် ပျော်ရွှင်ကြည်နူးမှု့တွေ ပြန်လည်ရရှိပါစေလို့ ဆုတောင်းပေးပါသည်။
အမွန်ရေ...ရင်ထဲမှာ မကောင်းလိုက်တာနော်..
နှိုင်းက ကလေးတွေနဲ့ ပတ်သတ်လာရင်...
အဲဒီလိုမိဘတွေပြုလုပ်တတ်တဲ့အမူကျင့်တွေကိုမကြိုက်လို့
မနေနိုင်ပဲ ၀င်ဝင်ပြောရတာ..ငပွကြီးပဲ
ဘာမှမသိနားမလည်တဲ့ ကလေးလေးတွေက
ဖြူစင်ပြီး အပြစ်ကင်းကြပါတယ်လေ...။ :(
ဒါကို တစ်ချို့တွေ နားမလည်ကြဘူး..ဟင်းးးးးးးးးးးး :(
SHWE ZIN U said…
ညီမ ရေ

စိတ်မကောင်းလိုက်တာ ဒီလို မိဘ များကို သိတ်စိတ်ပျက်တယ် ဘယ်လိုမှ အသိဥာဏ်မရှိ သနားလိုက်တာ ကလေးလေးကို
ကလေးမလေး သနားစရာပဲနော်..။
စိတ်မကောင်းဖြစ်ရပါတယ်။
ဖတ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်.. ညီမက စာရေးသိပ်ကောင်းတာဘဲ.. စိတ်မကောင်းစွာဖတ်ရင်းနဲ့ကို မျှောပါသွားတယ်.. တကယ့်အဖြစ်အပျက်ဆိုတာလည်း နားလည်ခံစားမိတယ်..
မိဘတွေရဲ့ ဂရုစိုက်မှုအားနည်းလို့ရယ် အသိတရား အားနည်းလို့ရယ်ကြောင့် ဖြစ်သွားရတာပါ.. ကလေးဘ၀မှာ မိဘတွေရဲ့ ချစ်ခင်ယုယမှုဆိုတာ သိပ်ကို လိုအပ်ပါတယ်..
ကလေးမလေး အမြန်ဆုံးပုံမှန်အခြေအနေပြန်ရောက်ပါစေလို့ အဝေးက ဆုတောင်းပေးလိုက်ပါတယ်ညီမရေ
ရင်ထဲမှာ နင့်နေအောင် ခံစားသွားရတယ် .. မွန် ...
တကယ်ဆို မိဘတွေ မှားလိုက်တာဗျာ ...
ငယ်ရွယ်နုပျိုတဲ့ ကလေးရဲ့ အသိစိတ်မှာ ကြောက်ရွံထိတ်လန့်သွားအောင် ရိုက်သွင်းပေးခဲ့ကြတာပဲ ...
ကလေးတွေကို လိုအပ်တာထက် ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတော့ သဘောမကျဘူး။
နုနယ်တဲ့ နှလုံးသားလေးတွေက သေရာပါ အောင် စွဲသွားတတ်တယ်။

ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါပဲ
blackroze said…
အမွန်ရေ..ကျမလေဖတ်ပြီးတော့စိတ်မကောင်းဘူး
အပြင်မှာအဲလိုကလေးတွေဘယ်လောက်များ
ရှိနေမလဲမသိဘူးနော်....
noblemoe said…
ရင်ထဲမကောင်းလိုက်တာ မမွန်ရယ်။
အနော် said…
ဟာ.. ရင်ထဲ ဖတ်ပီးပီးချင်း ဟာသွားတာပဲ အမရယ်..
ကလေးတွေဟာ သိပ်အပြစ်ကင်းပါတယ်..
အလိုမကျတဲ့ လူကြီးတွေကြောင့် ကလေးတွေဟာ အရောင်တွေ ပုံစံတွေ ပြောင်းလာတာပါ..
အခု အခန်းနားနီးမှာလဲ ကလေးတစ်ယောက် တစ်ချိန်လုံး သူ့အမေက ဟဲ့ဟဲ့နဲ့ မောင်းနေတာ နွားကလေးလိုပါပဲ.. ကလေးက တဖြည်းဖြည်း လူဆိုးကလေး ဖြစ်ဖြစ်လာနေတယ်..
ဒီလိုအဖြစ်မျိုးတွေ တတ်နိုင်သမျှ နည်းကြပါစေ :(
Anonymous said…
ဖြစ်တတ်ပါတယ်လေ၊ ဒါဟာ ငါတို့အတွက် ဘ၀သင်ခန်စာ မှတ်သားစရာတွေထဲက တစ်ခုပေါ့။ တို့တတွေ အမြဲအားပေးတတ်တဲ့လူတွေဖြစ်အောင် ကြိုးစားရမယ်၊ တပါးသူကို မနိမ့်ချတတ်တဲ့ လူတွေမဖြစ်အောင် ကြိုးစားရမယ်လေ။ ။

ခင်မင်မှုများဖြင့်
စိုင်း
ဇော် said…
အမမပြောပါနဲ့.. သမီးလဲ အရမ်းငိုချင်လာတယ်... စိတ်ထဲမှာ နင့်နေတာပဲဗျာ.. အဲ့ကလေးက ကိုယ်တိုင်လို ခံစားလိုက်မိတယ်.. =(
Anonymous said…
不管看幾次都覺得好感人
><(淚奔)
Anonymous said…
ကလေးတွေကို ဂရုစိုက်မှု မှန်ကန်အောင် လုပ်နိုင်မှ အနာဂတ်ကိုချစ်ရာရောက်မှာ မသိတဲ့လူတွေများလာသလားလို့။စာတွေ မဖတ်၊ဆင်ခြင်မှုအားနည်း၊ဒီလိုဖြစ်နေတာလား။ငြိမ်းချမ်းမှု များ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းစိုးဦး
Morena said…
စိတ်မကောင်းလိုက်တာ
အရောက်အပေါက် နည်းနေတာ ခုမှ ဖုတ်ပူမီတိုက် လာဖတ်ဖြစ်တယ် မွန်ရေ ..
မိန်မိန်လေး အတွက် စိတ်မကောင်းပါဘူး...
ကလေးငယ်လေးတွေ ရဲ့ ယုံကြည့်မှု၊ ခွန်အား၊ အသိဥာဏ်တွေဟာ မိဘတွေရဲ့ မေတ္တာပေးမှု၊ နွေးထွေးမှု၊ အုပ်ချုပ်မှု တွေပေါ်မှာ မူတည်ပါတယ်။ လွဲချော်နေခဲ့ရင် ကလေးငယ်တွေရဲ့ ဘ၀လမ်းကြောင်းဟာ မဲမှောင်သွား တာထက် ဆိုးပါတယ် ..
ကမ္ဘာပေါ်က သက်ရှိသတ္တ၀ါတိုင်း မိဘရဲ့ ယုယနွေးထွေး စောင့်ရှောက်မှုကို အပြည့်အ၀ ရနိုင်ကြပါစေ ...
Shwe Thiri Khit said…
:-(
ခံစားရတယ် အရမ်းး

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

ဘယ်တော့မှ မမေ့ပါဘူး