ႏြားအို
“မောနင်း”
“မောနင်းချိုလေး ”
ကုမ္ပဏီထဲ အဝင်မှာပင် ချိုလေးက လှမ်းနှုတ်ဆက်သဖြင့် ပြန်နှုတ်ဆက်လိုက်၏။
“နေကောင်းသွားပြီလား”
“ကောင်းကောင်းတော့မပျောက်သေးဘူးဟ။ လူကတော့နည်းနည်းနုံးနေသေးတယ်”နေမကောင်း၍ ခွင့်ယူထားရာမှ အလုပ်ပြန်တက်သည့် ကျွန်မကို လုပ်ဖော်ကိုင်ဘက် ဖြစ်သည့် ချိုလေးက သတင်းမေးခြင်းဖြစ်သည်။ ကျွန်မ၏ အလုပ်စားပွဲတွင် ပစ္စည်းများ နေရာချနေစဉ် ချိုလေးက အနားရောက်လာကာ အသာလက်ကုတ်သည်။ ဘာလဲ ဆိုသည့်သဘောဖြင့် ကျမက မေးဆတ်ပြလိုက်တော့
“လေးလေ အလုပ်ထွက်ပြီ သိလား”
“ဟင်... ဘာဖြစ်လို့လဲ။ ဟုတ်လို့လား။ မဖြစ်နိုင်တာ”
“တကယ်ပြောတာပါဆို။”
“ဟယ် ဘယ်လိုဖြစ်တာလဲ။ စိတ်မကောင်းစရာ”
“အေးလေ။ နေအုံးဟာ။ အလုပ်အားမှ ပြောပြမယ်။ ”
အလုပ်တက် ခေါင်းလောင်းသံ မြည်နေသဖြင့် ချိုလေးလည်း သူ့နေရာသို့ ပြန်သွားသည်။ ကျန်ရစ်ခဲ့သည့် ကျွန်မမှာတော့ စာပွဲပေါ်က စာရွက်စာတမ်း တစ်ချို့ကို ရှင်းလင်းရင်း ချိုလေးပြောခဲ့သည့် လေးလေအလုပ်ထွက်ပြီဆိုသည့် သတင်းက အတွေးထဲဝင်လျှက်ရှိနေသည်။ ထိုသတင်းက မယုံနိုင်စရာဖြစ်သလို စိတ်မကောင်းစရာသတင်းလည်း ဖြစ်သည်။ လေးလေ၏ လုပ်သက်အရဆိုလျှင် ပင်စင်ယူရန် အချိန်သိပ်မလိုတော့။ နောက် နှစ် နှစ်ခန့်ဆိုလျှင် ပင်စင်ရတော့မည်။ ထို့ကြောင့် လေးလေ အလုပ်ထွက်သည်မှာ မယုံနိုင်စရာ ဖြစ်နေမိသည်။ ခွင့်ယူထားသည့်ရက်အတွင်းမှ အလုပ်ကြွေးများကို ရှင်းနေရင်းနှင့်ပင် လေးလေ၏ ပုံရိပ်တို့က ကျွန်မအတွေးထဲတွင် တဖျတ်ဖျတ် ပေါ်လာနေတော့သည်။
ကျွန်မ သည်ကုမ္ပဏီတွင် အလုပ်ဝင်စချိန်တွင် လေးလေအုပ်ချုပ်သည့် ဌာနတွင် လုပ်ရသည်။ သိကျွမ်းရသည့် လုပ်ဖော်ကိုင်ဖက်သစ်များက ကျွန်မကံကောင်းကြောင်း ပြောကြသည်။ တခြားဌာနမှ အလုပ်သမားများပင် လေးလေ၏ ဌာနတွင် လုပ်ချင်ကြသည်ဟု သူတို့ဆက်ပြောတော့ ထိုလေးလေဆိုသည့် အရာရှိကို စိတ်ဝင်စားသွားနေမိသည်။ သူကဘာလဲ။ ဘယ်လိုလူမျိုးလဲ။ ဘာတွေ တော်လို့ အလုပ်သမားများ နှစ်သက်ရသလဲ ဆိုပြီး ကျွန်မ တွေးဖြစ်ခဲ့သည်။ ထိုမေးခွန်းများ၏ အဖြေကို သိရဖို့ ကျွန်မ ကြာကြာ မစောင့်လိုက်ရ။
ပထမဦးဆုံးနေ့ အလုပ်ဝင်ချိန်၏ အဖြစ်အပျက်လေးတစ်ခုက စတင်လေသည်။ အလုပ်တက်ပြီး တစ်နာရီ ဝန်းကျင်ခန့်တွင် လေးလေဟု ဆိုသည့် ဌာနမှူး ကျွန်မအနားသို့ ရောက်လာခဲ့သည်။ အသက် ငါးဆယ် ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြည့်မိပြီး ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ရှိသည့် တည်ကြည် ကြည်လင်သော မျက်နှာသွင်ပြင်နှင့်ဖြစ်သည်။ သူ့ကို မြင်လိုက်ရလျှင်ချက်ချင်း ဤသူသည် သဘောမနောကောင်း၍ စိတ်ထားဖြူစင်မည့်သူဟု မှတ်ချက်ချမိနိုင််သည်အထိ ခန့်မှန်းမိစေသော အပြုံးနှင့် ဖြစ်သည်။ အပြာနုရောင် ရှပ်အင်္ကျီ လက်ရှည်ဝတ်ထားသည့် လေးလေသည် ကျွန်မအနားသို့ ရောက်လာသဖြင့် မတ်တတ်ရပ်၍ နှုတ်ဆက်တော့ သူကနှစ်လိုဖွယ် ပြုံးပြကာ
“ကျွန်တော့်နာမည် ကျန်းလေးလေပါ။ ဒီက ဝန်ထမ်းတွေ အားလုံးကတော့ လေးလေ လို့ ခေါ်ကြပါတယ်။ အလုပ်နဲ့ ပါတ်သတ်တဲ့ အခက်အခဲတွေ ပြဿနာတွေတိုင်းကို ကျွန်တော့်ကို အချိန်မရွေး ပြောပါ။ အားလုံးအတူတကွနဲ့ အောင်မြင်ပြီးမြောက်အောင် ကြိုးစားကြတာပေါ့”
ခပ်ဖြေးဖြေး နှင့် မှန်မှန် ပြောသည့် သူ့စကားဆုံးတွင်တော့ ကျွန်မ အံ့သြလွန်းသဖြင့် ဘာပြန်ပြောရမှန်း ဝေခွဲမရ။ ခေါင်းတညိတ်ညိတ်ဖြင့်သာ ဟုတ်ကဲ့ခြင်း ထပ်ကုန်တော့သည်။ သူတို့နိုင်ငံသား မဟုတ်သည့်အပြင် သူ၏ လက်အောက်ငယ်သားလည်း ဖြစ်သည့်အပြင် သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်သည့် ကျွန်မကို အရေးတယူ လာရောက်နှတ်ဆက်သဖြင့် ပို၍ အံသြရပြန်သည်။
“ဟုတ်... ဟုတ်... ဟုတ်ကဲ့ပါ”
“ဒီနေ့မှ အလုပ်စဝင်တာဆိုပေမယ့် ဘာမှ မစိုးရိမ်ပါနဲ့။ မကြာခင် လုပ်ရတာတွေအားလုံး ကောင်းကောင်း နားလည်သွားမှာပါ။ ”
“ဟုတ်ကဲ့။ ဟုတ်ကဲ့”ကျွန်မ ခေါင်းတညိတ်ညိတ် ဖြစ်နေချိန်မှာပင် လေးလေက နှစ်လိုဖွယ်ပြုံးပြကာ သူ့အခန်းထဲ ပြန်ဝင်သွားတော့သည်။ ကျွန်မမှာ အ့ံသြစွာ ကျန်ရစ်ခဲ့၏။ ထင်မှတ်မထားသော အဖြစ်ပါ။ တကယ်ဆိုလျှင် လူသစ်တစ်ယောက်အနေနှင့် ဌာနမှူးရုံးခန်းထဲ သွား၍ သတင်းပို့ရမည်ထင်ပြီး ခေါ်ချိန်ကို စောင့်နေစဉ် သူကိုယ်တိုင်ရောက်ချလာကာ မိတ်ဆက်သည့် အဖြစ်မို့ အံ့အားသင့်နေမိခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်မနှင့် လေးလေ ပထမဆုံး မျက်နှာချင်းဆိုင် ဆုံတွေ့သည့် နွေးထွေးလွန်းသည့် ဖြစ်ရပ်ပင်။
လက်အောက်ငယ်သားများကို အလေးအနက်ထားပြီး ဆက်ဆံတတ်ပုံကို ပထမဆုံးတွေ့လိုက်ရသည့် အကြိမ်မှာပင် လေးလေဆိုသည့် လူကြီးကို သတိထားမိတော့့သည်။ ထိုအဖြစ်အပျက်သည် ပထမဆုံး အလုပ်စဝင်သည့်နေ့၏ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံဖြစ်သော်လည်း ထိုနေ့၏ တစ်ခုတည်းသော အတွေ့အကြုံမဟုတ်သေးပါ။ နောက်ထပ် အဖြစ်တစ်ခု ကြုံရသေးသည်။ ထိုနေ့တွင် နေ့လည်စာ စားပြီး အလုပ်ပြန်တက်ချိန်တွင် ရုံးအကူကောင်လေးမှ ကျွန်မတို့ ဝန်ထမ်းများကို ကော်ဖီအေးဗူးများကို လိုက်လံဝေငှသည်။ ကော်ဖီဗူးပေါ်မှ တံဆိပ်မှာ နာမည်ရ ကော်ဖီဆိုင် တံဆိပ်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ တစ်ယောက်တစ်ဗူး ပေးသည်ကို စဉ်းစားမရသည့်အတွက် ကျွန်မစားပွဲခုံဘေးမှ ချိုလေးကို မေးရတော့သည်။
“ ဒါက ဘာလုပ်တာလဲ။ ထမင်းစားချိန်တိုင်း အလုပ်က တိုက်တာလား”
“ ဘယ်ကလာ အလုပ်က တိုက်မှာ။ သူဌေးက ဦးကပ်စီးဟဲ့။ ဒီနေ့ ငါတို့ သောက်ရတာ နင့်ကြောင့်”
“ ဟင် ငါ့ကြောင့် ။ ဟုတ်လား။ ဘာဖြစ်လို့လဲ ”
“လေးလေက လူသစ် တစ်ယောက် ဝင်လာတိုင်း အားလုံးနဲ့ မိတ်ဆက်ပေးရင်းနဲ့ ဒီလိုပဲ တခုခု ဝယ်ကျွေးတတ်တယ်ဟ။ ”
“ သူ့ ပိုက်ဆံနဲ့ ဝယ်တာလား”
“အေးပေါ့ဟ။ သူဝယ်တိုက်တာပေါ့။ ဟော .. ဟိုမှာ လေးလေ ထွက်လာပြီ။”
ရုံးခန်းထဲမှ ထွက်လာသည့် လေးလေကို မြင်တော့ တခြားဝန်ထမ်းများကလည်း ကျွန်မခုံနားသို့ ရောက်လာကြ၏။ ထို့နောက် ကျွန်မကို မိတ်ဆက်သည့် ပွဲလေး စတင်သည်။ ရုံးဝန်ထမ်း တစ်ယောက်ချင်းစီ နာမည်ပြောပြ၍ ကျွန်မနှင့်မိတ်ဆက်ပေးခြင်းဖြစ်သည်။ လေးလေသည် သူ့ဌာနမှ ဝန်ထမ်းများကို ကိုင်တွယ်ပုံမှာ ရိုးရိုးရှင်းရှင်းနှင့် စိတ်နှလုံးသားထဲအထိ နစ်ဝင်စေသော အပြုမူများဖြစ်သည်။ ပထမဆုံးအလုပ်တက်ရသည့် နေ့မှာပင် ကျွန်မအနေနှင့် ဤဌာနတွင် အထီးကျန်မှုများ စိတ်အားငယ်မှုများ လုံးဝမရှိတော့ဘဲ ပျော်ရွှင်ဖွယ် လုပ်ငန်းခွင်ထဲ ရောက်ရှိပြီဟု စိတ်ချယုံကြည်မှုများ ဖြစ်လာရတော့သည်။
ထိုသို့စိတ်ခွန်အားရလာခြင်းမှာလည်း လေးလေ၏ ဝန်ထမ်းတိုင်းအပေါ် နွေးထွေးစွာဆက်ဆံတတ်မှုကြောင့်ဖြစ်မည်။ ကျွန်မသည် လေးလေ၏ လက်အောက်တွင် အလုပ်လုပ်ရမည်ဆိုချိန် ကံကောင်းကြောင်း ပြောကြခြင်း၏ အဓိပ္ပါယ်ကို ပထမဆုံးနေ့တွင်ပင် သိသွားရတော့သည်။ လေးလေကို ဝန်ထမ်းတိုင်း ချစ်ခင်ကြသည်မှာ မထူးဆန်း။ လေးလေက ဝန်ထမ်းတစ်ယောက်ချင်းစီ၏ မွေးနေ့များတွင်လည်း သတိတရဖြင့် ကိတ်မုန့်ဝယ်ကာ ရုံးခန်းထဲတွင် မွေးနေ့ကိတ်ခွဲ၍ ကျင်းပပေးစေသူလည်း ဖြစ်သည်။ သူ့လက်အောက်ရှိ အလုပ်သမားများမှာ ငယ်ပေါင်းကြီးဖော်သဖွယ် ရင်းနှီးကြ၍ အလုပ်ကိုမခိုမကပ် လုပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး တုဖက်ပြိုင်ခြင်းမရှိဘဲ လိုအပ်သည့် အကူအညီများကို အပြန်အလှန်ပေးကြ၍ ကျွန်မတို့ဌာနတွင် တနေ့စာအလုပ်များ မပြီးပြတ်သည်မှာ မရှိသလောက်ရှားပါးသည်။
အလုပ်သမားများအပေါ် ဂရုစိုက်သကဲ့သို့ လုပ်ငန်းခွင်နှင့် ပါတ်သတ်လျှင်လည်း လေးလေက ရှာမှရှားသည့် လူမျိုးဖြစ်မည်ဟု ကျွန်မ မှတ်ချက်ချမိသည်။ကုမ္ပဏီ၏ဝန်ထမ်းပိုင်း၊ စက်ပစ္စည်းပိုင်းမှစ၍ အဝင်အထွက် စာရင်းပိုင်းအစရှိသည့် ကဏ္ဍတိုင်းလိုလိုကို နားလည်တတ်ကျွမ်းသည့် သူလည်းဖြစ်သည်။ အလုပ်အကိုင် စေ့စပ်သေချာပြီး သူမသိ၊မတတ်သည်က မရှိသလောက်ပင်။ လေးလေဟုဆိုလိုက်လျှင် အလုပ်နှင့်လက် ပြတ်သည် မရှိသည့် လူကြီးတစ်ယောက်ဟု ဆိုရမည်။ လေးလေသည် တစ်ခြားဌာနမှူးများလို စာပွဲခုံတွင် အချိန်ပြည့်ထိုင်ကာ ကွန်ပြူတာ တစ်လုံးနှင့် အလုပ်ရှုပ် နေတတ်ခြင်းမရှိ။ ဝန်ထမ်းတစ်ယောက်စီ၏ အရည်အချင်းများနှင့် အလုပ်ခွင်တစ်ခုလုံး၏ လုပ်ဆောင်ချက် ကဏ္ဍများကိုလည်း အချိန်ရလျှင် ရသလို လေ့လာလေ့ရှိသည်။ ထိုကြောင့် လေးလေကို သူ့စာပွဲတွင် ထိုင်နေလျှက် တွေ့ရသည်မှာ ရှား၏။
တစ်နေ့လျှင် လူတစ်ယောက်၏ အလုပ်ချိန်မှာ ရှစ်နာရီဟု သတ်မှတ်ထားသော်လည်း လေးလေ၏ အလုပ်လုပ်ချိန်မှာ ရှစ်နာရီထက်ပိုသည်။ အလုပ်တက်ချိန်စောရုံသာမက အလုပ်ဆင်းချိန်ကြပြန်တော့ အားလုံးထက်နောက်ကျပြန်သည်။ ကျွန်မတို့ ဝန်ထမ်းတစ်ဦးစီ၏ တစ်နေ့တာ အလုပ်များ အမှားရှိမရှိ ပြန်စစ်ပြီးမှ ပြန်လေ့ရှိတာကြောင့် လေးလေ၏ အလုပ်ဆင်းချိန်တိုင်းက နောက်ကျမြဲဖြစ်သည်။ ထို့ပြင် အလုပ်တက်ချိန်တွင်လည်း အချိန်နောက်ကျပြီးမှ ရောက်သည်မှာလည်း မတွေ့ရသလောက်ပင်။
“ ဟိတ်...။အလုပ်တွေ များနေပြီလား”
နောက်ကျောမှ တစ်ချက်ပုတ်လိုက်၍ ကျွန်မ အတွေးတို့ ရပ်ဆိုင်းသွား၏။ အနားသို့ ချိုလေးရောက်လာခြင်းဖြစ်သည် ။
“အလုပ်ကြွေးတွေဆိုတော့ တဖြေးဖြေးရှင်းရမှာပေါ့။ လေးလေ ဘယ်လိုဖြစ်ရတာလဲ။ ငါ့လည်း ပြောပြပါအုံး။ အလုပ်သာလုပ်နေရတယ် စိတ်မကောင်းဘူးဟာ”
“ငါတို့အားလုံးလည်း စိတ်မကောင်းဖြစ်ကြရတာပါပဲဟာ။ ဖြစ်တာကသောကြာနေ့က အစည်းအဝေးမှာ လေးလေကိုနေရာသစ် ပြောင်းဖို့ပြောရင်းနဲ့ ပြဿနာတက်ကြတာ။ လေးလေကလည်း သူဟိုသွားဒီသွားရတာတွေများပြီပေါ့။ သတ်သတ်မှတ်မှတ်ပဲ လုပ်ချင်တယ် ဘာညာနဲ့ ပြန်ပြောရင်း ဖြစ်ကြတာ။ အစည်းအဝေးပြီးတော့ ဟိုက ရုံးခန်းထဲခေါ်ပြီး ဘာတွေ ပြောလိုက်လဲမှ မသိတာ။ လေးလေက အလုပ်ထွက်စာပါ ချက်ချင်း သွားတင်လိုက်ပါလေရော”
“အဲဒါတော့ မကောင်းပါဘူးဟာ။ သူ့မှာ ဟိုပြောင်းဒီပြောင်းနဲ့ ဘယ်နှစ်ခါ ရှိပြီလဲ”
ချိုလေးက ကျွန်မနားကပ်ကာလေသံလေးဖြင့် ခပ်တိုးတိုးပြောသည်။
“သက်သက်ညစ်တာပါဟာ။ ပင်စင်ယူခါနီးပြီလေ။ သိတယ်မဟုတ်လား။ ပေးရမယ့် ပင်စင်ကြေးက နည်းတာမဟုတ်ဘူး။ သူဌေးတွေများ အကျင့်ကိုက တော်တော် ယုတ်တယ်”
“ဟဲ့... ဟုတ် မဟုတ် မသေချာဘဲ လျှောက်ပြောမနေနဲ့လေ။ တော်ကြာ ကြားသွားမှ အလုပ်ဖြုတ်ခံနေရအုံးမယ်”
“သက်သေတော့ ဘယ်ရှိမလဲဟ။ ပညာရှိနည်းနဲ့ဒီလိုပဲလုပ်နေကျလေ နင်လည်း ကြားဖူးမှာပေါ့”
“အင်း...”
ကျွန်မ ခေါင်းကိုသာ ခပ်လေးလေး ညိတ်ပြလိုက်ရတော့သည်။ ချိုလေးကို တားသော်လည်း ကျွန်မကိုယ်တိုင်ပင် ထိုသို့ သံသယ ဝင်နေသည်မှာ ကြာခဲ့ပြီ။ ဤကဲ့သို့ အဖြစ်မျိုးကို ထိုင်ဝမ်နိုင်ငံသားများ မကြာခဏပြောကြသည်ကို ကြားဖူးသည်မှာ များလှပြီ။ ဝန်ထမ်းတစ်ဦး ပင်စင်ယူခါနီးတိုင်း ထိုသို့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တတ်ကြသည့် ကုမ္ပဏီများ ရှိသည်ကို ကြားဖူးသည်။
စည်းမျဉ်းဥပဒေများအရ ဝန်ထမ်းတစ်ဦး ပင်စင်ယူချိန်တွင် သူလုပ်ခဲ့သည့် လုပ်သက်ပေါ် မူတည်၍ ပင်စင်ကြေးများ တနင့်တပိုးရလေ့ရှိသည်။ ပင်စင်ယူပြီးချိန်တွင် နောင်ရေး စိတ်အေးစေရန် တလုံးတခဲထဲ ဆုကြေးပေးသည့် စနစ်ဖြစ်သည်။ ထိုဆုကြေးကို ဝန်ထမ်းတိုင်းက မျှော်လင့်အားထားကြသည်။ ထိုကဲ့သို့ တနင့်တပိုး မပေးရလေအောင် သက်တမ်းရင့် ဝန်ထမ်းများကို နေရာရွေ့ပြောင်းခြင်း၊ အလုပ်တာဝန် သတ်သတ်မှတ်မှတ်မပေးဘဲ နေရာအစုံလုပ်ခိုင်းခြင်း၊ ကိုယ့်လက်အောက်တွင် လုပ်ခဲ့ဖူးသူ၏ အကူအဖြစ် ရာထူးပြောင်းခြင်း စသည့် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာများ ဖန်တီးကြ၏။ တစ်ချို့ဝန်ထမ်းများမှာ တနှစ် ၊ နှစ်နှစ်ခန့်ကျန်သည့် ပင်စင်ယူခါနီး အချိန်ကို မျှော်၍ သည်းခံတတ်ကြသလို လေးလေကဲ့သို့ သည်းမခံနိုင်တော့သူများ ကိုယ့်သဘောနှင့်ကိုယ် နှုတ်ထွက်သွား၍ ပင်စင်ကြေး မရသွားသူများလည်း ရှိကြသည်။ ထိုအဖြစ်များကို ကြားရတိုင်း ကျွန်မဝမ်းနည်းမိသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျွန်မကိုယ်တိုင် ထိုအဖြစ်မျိုး ကြုံရလျှင် ခံနိုင်ရည် ရှိနိုင်ပါ့မလားဟု ကြိုတွေးမိသည်။
ချိုလေး၏ပြောပြချက်အရ ပြီးခဲ့သည့်အပတ်သောကြာနေ့က လေးလေကို အလုပ်နေရာ အသစ်သို့ ထပ်ပြောင်းရန် အထက်လူကြီးများက စီစဉ်သည်။ ထိုသို့ဆိုလျှင် ယခုတစ်ခေါက်နှင့်ဆိုလျှင် လေးလေ ဌာန ပြောင်းရသည်မှာ သုံးကြိမ်ရှိပြီ။လေးလေကို ထိုသို့ ဆက်ဆံသည်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စသည်ဟု ထင်မိသည်။ ပထမအကြိမ်က ထပ်မံတိုးချဲ့လိုက်သည့်ကုမ္ပဏီအသစ်တွင် ဝန်ထမ်းသစ်များကို သင်ကြား ပေးရန်နှင့် အုပ်ချုပ်ရန်ဟုဆိုကာ သွားရောက်လုပ်ကိုင်ခိုင်းသည်။ ထိုအလုပ်အသစ်သည် ကျွန်မတို့လက်ရှိကုမ္ပဏီနှင့် အတော်အသင့်ဝေးသဖြင့် အလုပ်ဆင်းအလုပ်တက် ယခင်ကထက် အချိန်ပိုပေးရသည်။ နေ့စဉ်အလုပ်တက်ရသည့်် ခရီးချိန်၊ ယခင်ကထက် ပိုကြာသော်လည်း လေးလေက မငြီးငြူခဲ့။ သူ့တာဝန်ကျေအောင် လုပ်ပေးဖို့သာ စိတ်ထဲရှိပုံရသည်။
ထိုအလုပ်သစ်တွင် ငါးလခန့် လုပ်ပြီးသည့်နောက် လေးလေကို ကျွန်မတို့ဌာနသို့ ပြန်ပို့လိုက်ပြန်သည်။ လေးလေ လုပ်ခဲ့သည့်နေရာကိုတော့ လက်ထောက်အုပ်ချုပ်ရေးမှူးကို တာဝန်ယူစေ၏။ အကြောင်းပြချက်မှာ ထိုကုမ္ပဏီ ကောင်းစွာလည်ပတ်နိုင်ပြီဖြစ်သည် ဟုဆိုသည်။ လေးလေအနေနှင့် အလုပ်သစ်တွင် အထိုင်ကျရန် ကြိုးစားပြီးမှ ယခင်နေရာသို့ ပြန်ပို့ခံရခြင်းကို စိတ်ရှုပ်စရာဟုဆိုရမည်ဖြစ်သော်လည်း ကျွန်မတို့ဝန်ထမ်းများကတော့ လေးလေလက်အောက်တွင် ပြန်လုပ်ရမည်ဖြစ်၍ ထိုအပြောင်းအလဲကို ကျေနပ်ပျော်ရွှင် ကြရသည်။ ထိုအချိန်ထိလေးလေထံမှ ကောင်းသည်ဆိုးသည်ဟု မှတ်ချက်ချသံ မကြားခဲ့ရသေး။
လေးလေ ဌာနသို့ပြန်ရောက်ပြီး နှစ်လခန့်အကြာတွင် နောက်ထပ်နေရာသစ်တစ်ခုကို ပြောင်းရပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ကုမ္ပဏီတစ်ခုထဲရှိ ပစ္စည်းထုတ်လုပ်ရေး ဌာနဘက်သို့ဖြစ်သည်။ ယခင်အုပ်ချုပ်ရေးမှူးမှာ ပင်စင်ယူသွားသောကြောင့် လစ်လပ်သွားသည့်နေရာတွင် လေးလေကို တာဝန်ယူစေခြင်းဖြစ်သည်။ ထိုနေရာက လေးလေနှင့် မစိမ်းဟုဆိုလျှင်တောင် ကျွမ်းကျင်သည့်အပိုင်း မဟုတ်ပါ။ ထို့ကြောင့် လေးလေအနေနှင့် အသစ်ကပြန်စရသကဲ့သို့ လေ့လာနေရသည်ဟု လူချင်းဆုံမိချိန် ပြောပြသည်။သို့သော် ထိုဌာနသည်လည်း လေးလေအတွက် သစ်မရခင်ဝါးဘောင်ကွပ်ခံရသည့် နေရာမှန်း ခြောက်လခန့်အကြာတွင် သိခဲ့ရတော့သည်။ လတ်တလော အုပ်ချုပ်မည့်သူ မရှိသေးချိန်တွင် ယာယီအစားထိုး ထားခြင်းသာဖြစ်ကြောင်းပြောပြ၍ ယခင်နေရာဟောင်းသို့ ပြန်သွားစေသည်။ ထိုသို့ဖြင့် လေးလေမှာ သူ၏မူရင်း ဌာနဖြစ်သော ကျွန်မတို့ဆီသို့ ဒုတိယအကြိမ် ပြန်ရောက်လာရ ပြန်လေသည်။ ထို့နောက်ပိုင်းတော့ လေးလေတွင် အရင်လို တက်ကြွမှုမျိုး သိပ်မတွေ့ရတော့။လွန်ခဲ့သည့် လေးလခန့်က ကျွန်မတို့ဌာနသို့ လူသစ်တစ်ဦးဝင်လာ၏။ ထိုသူက သာမန် အလုပ်သမားမဟုတ်ဘဲ ကုမ္ပဏီရှယ်ယာရှင်တစ်ဦး၏ တူတော်သူဖြစ်သည်။ လေးလေ၏ အခန်းထဲတွင် နေရာချပေးကာ လေးလေထံမှ ပညာသင်ယူစေသည်။ ထိုစဉ်က လေးလေ ပြောဖူးသည်။
“ငါ့ကို ဘယ်လွှတ်အုံးမလဲမသိဘူး”
“မလွှတ်လောက်တော့ပါဘူးလေးလေရဲ့။ ဘာဖြစ်လို့လဲ”
“ပညာသင်တစ်ယောက် ရောက်နေပြီလေ။ တတ်သွားရင် ငါက တခြားနေရာ သွားရအုံးမယ့်ပုံပဲ။”
“မဟုတ်နိုင်လောက်ပါဘူး လေးလေရာ။ တွေးပြီး စိတ်ညစ်မနေနဲ့။”
“စိတ်ညစ်တာတော့ မဟုတ်ပါဘူး။ ဒီလိုပဲပေါ့ဟာ”လေးလေ၏ ခန့်မှန်းချက်သည် ပြီးခဲ့သည့် သောကြာနေ့အရောက်တွင် မှန်သွားတော့သည်။ ထိုနေ့၏ အစည်းအဝေးတွင် လေးလေနေရာကို ထိုရှယ်ယာရှင်တူဖြင့် အစားထိုးကြောင်း ၊ လေးလေကိုတော့ ယခင်က သွားခဲ့ဖူးသည့် ကုမ္ပဏီအသစ်၌ လက်ထောက်ဌာနမှူးအဖြစ် ပြောင်းရွှေ့ကြောင်း ညွှန်ကြားချက်ထွက်လာသည်။ တတိယအကြိမ်မြောက် နေရာပြောင်း ခံရသည့်အပြင် လက်ထောက်ဌာနမှူးအဖြစ်ပါ ရာထူးလျော့သွားရတာကြောင့် လေးလေအနေနှင့် သီးခံနိုင်င်စွမ်း ကုန်ဆုံးသွားဟန်တူသည်။ အပြန်အလှန်ပြောရင်းဖြင့် ပြဿနာပိုကြီးကာ အလုပ်ထွက်သည့် အခြေအနေထိ ရောက်သွားရခြင်း ဖြစ်သည်။
ချိုလေးစကားဆုံးတော့ ကျွန်မ သက်ပြင်းကိုခပ်လေးလေသာ ချလိုက်မိတော့သည်။ မည်သည့်စကားဆိုရမှန်းပင် မသိ။ “ ငါတို့တွေ တားကြပါသေးတယ်။ နောက်တစ်နှစ် နှစ်နှစ်ဆို ပင်စင်ရပြီပဲလို့ သည်းခံပြီး ဆက်လုပ်လိုက်ပါလို့ ပြောပါသေးတယ်။ ခုအဲလို ထွက်သွားတော့ ဘယ်လောက် နစ်နာသွားပြီလဲ”လေးလေတို့လို နှစ်ရှည်လုပ်သက်ရှိသည့် ဝန်းထမ်းများအတွက် ပင်စင်ကြေးမှာ အလွန်များသည်။ ထို့ကြောင့်ပင် တစ်ချို့သူဌေးများ၏ ပညာပြခြင်းနှင့် ကြုံရလေသည်လားဟု တွေးမိသည်။ ပင်စင်ရချိန်နီးလျှင် ဖိအားပိုးများတတ်သည်မှာတော့ အမှန်ပင်။ ပင်စင်ရချိန်နီးလေ ခေါင်းငုံ့ သည်းခံနေရလေဖြစ်၏။ နေရာအတည်တကျမရှိတော့ဘဲ အကူအနေအထားမျိုးထိ လုပ်ခိုင်းတတ်သဖြင့် သီးမခံနိုင်ဘဲ အလုပ်ထွက်ကုန်ကြသည့် ဝန်ထမ်းဟောင်းကြီးများလည်း ရှိခဲ့ဖူးသည်။ ထိုဖြစ်ပျက်များကို သိထားသော်လည်း ယခုလိုအကြောင်းစုံသိရသည့်အခါ ကျွန်မရင်ထဲတွင် ခင်မင် လေးစားဖွယ်ရာကောင်းသော လေးလေအတွက် စိတ်မကောင်းဖြစ်နေမိသည်။
“နေ့လည်ကျရင် လေးလေ သူ့ပစ္စည်းတွေ လာယူလိမ့်မယ်”
“ဟုတ်လား။ ငါတော့ လေးလေကို မြင်ရမှာ သနားနေတယ်ဟာ”
“ငါရောပဲ”
အလုပ်ချိန်တစ်မနက်လုံးတွင် လေးလေအကြောင်းစဉ်းစားမိရင်း အချိန်မည်သို့ကုန်မှန်းပင် မသိလိုက်။ နေ့ခင်းထမင်းစားပြီး ပြန်လာချိန်စက္ကူပုံးတစ်ခုကိုပိုက်၍ ကုမ္ပဏီထဲက ထွက်လာသည့်လေးလေကို တွေ့လိုက်ရ၏။ ရုံးတွင်ကျန်ခဲ့သည့်သူ့ပစ္စည်းများ လာသိမ်း ဆည်းခြင်းဖြစ်မည်။ ထိုမြင်ကွင်းကိုမြင်၍ စိတ်မကောင်းဖြစ်လွန်းလှသည်။ မည်သည့်စကားဖြင့် စတင်၍ နှုတ်ဆက်ရမည်ပင်မသိတော့ပေ။ ချိုလေးက ဦးဆောင်၍ နှုတ်ဆက်လိုက်သည်။
“ လေးလေ ”
“သြော် ..အေး သမီးတို့ ထမင်းစား ပြန်လာတာလား” ဟုချိုချိုသာသာပင် အပြုံးမပျက် နှုတ်ဆက်လာသည်။
“ဟုတ်ကဲ့ ”
ထိုနောက် ဘာမှထပ်မပြောဖြစ်။ ကျွန်မတို့ ဘာဆက်ပြောရမှန်း မသိသည်ကို ရိပ်မိဟန်တူသည်။
“စိတ်မကောင်းမဖြစ်ကြနဲ့။ ဘဝဆိုတာ ဒီလိုပဲပေါ့ ”
“ဟုတ်ကဲ့”
“လေးလေ ကျန်မာရေး ဂရုစိုက်ပါနော် ”
“အေးအေး သမီးတို့လည်း ဂရုစိုက်ကြ။ ကဲ ကဲ သွားပြီ သမီးတို့ရေ ”လေးလေထွက်ခွါသွားသော်လည်း ကျွန်မတို့မှာ နေရာမှမရွေ့နိုင်သေး။ တဖြေးဖြေး ဝေးသွား သည့်မြင်ကွင်းကိုသာ တိတ်တဆိတ်ငေးကြည့်နေမိတော့သည်။ ကျွန်မနှင့်ချိုလေး တစ်ဦးကို တစ်ဦး ကြည့်မိ၏။ နှစ်ဦးစလုံး၏ မျက်ဝန်းအိမ်တွင် မျက်ရည်ကြည်များ တွဲခိုလျက် ရှိနေကြသည်။ တာဝန်ကျေလွန်းပြီး လက်အောက်ငယ်သားများအပေါ်နွေးထွေးစွာ ဆက်ဆံလေ့့ရှိသော လုပ်သားကောင်းကြီးမှာ တသက်တာအသုံးပြုခဲ့သော တိုလီမုတ်စ ပစ္စည်းလေးများ ထည့်ထားသည့်စက္ကူပုံးကြီးကို ပွေ့ပိုက်လျက်မြင်ကွင်းထဲမှ တရွေ့ရွေ့ေဝေးကွာသွားတော့သည်။
ဒီနေ့၏ ကျန်ရှိနေသေးသော နေ့တဝက်အလုပ်ချိန်တွင် ကျွန်မတို့ ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်ဟု ခံစားမိသည်။ တခြားဝန်ထမ်းများလည်း လေးလေအတွက် စိတ်မကောင်း ဖြစ်နေကြမည်ဟု ထင်သည်။ ကျွန်မကိုယ်တိုင်ပင် အလုပ်လုပ်နေရသည်မှာ စိတ်မပျော်လှ။ အတွေးများက ဟိုဟိုသည်သည် ရောက်လျက်ရှိသည်။ ဟိုသည်တွေးရင်းဖြင့် ကျွန်မငယ်ငယ်က အဖြစ်တစ်ခုကို ပြန်သတိရမိသည်။ရောသီကျောင်းပိတ်ချိန် အဘိုးနှင့်အဘွားရှိရာ ရွာသို့ သွားလည်ရင်း ထိုအဖြစ်လေးကို သိခဲ့ရသည်။ ယခင်နှစ်များက သွားလည်တိုင်း မြင်နေကျဖြစ်သည့် မြီးကောက် ဟုခေါ်သည့် နွားကြီးကို မတွေ့မိသဖြင့် အဘိုးကို မေးမိသည်။
“အဖိုး.. မြီးကောက်ကြီးရော”
အဖိုးတို့ ခြံဝိုင်းထဲမှ မကျည်းပင်တွင် ချည်ထားသော ခပ်တောင့်တောင့်နွားတစ်ကောင်ကို မြင်မိ၍ မြီးကောက်ကြီးကိုသတိရကာမေးမိခြင်းဖြစ်၏။ အဖိုးကမျက်နှာ ခပ်နွမ်းနွမ်းဖြင့် ဖြေသည်။
“မြီးကောက်ကြီးက အသက်ကြီးသွားပြီလေ။ ကောင်းကောင်းမလုပ်နိုင်တော့လို့ အလိုက်ပေးပြီး ဒီနွားနဲ့ လဲလိုက်ရတယ်။ ”
“အဘိုးကလည်း အလုပ်မလုပ်နိုင်မှတော့လည်းတဲ့သူကရော ဘယ်လိုခိုင်းမလဲ”
“တနည်းနည်းနဲ့ ခိုင်းမယ်ထင်ပါတယ်ကွယ်။ သွား.. သွား ..အဘွားကို သွားဝိုင်းကူချေ။”
အဘိုးက စကားဖြတ်၍ အဘွားထံ သွားခိုင်းသဖြင့် ကျွန်မလည်း မြီးကောက်ကြီးအကြောင်း ထပ်မေးဖို့ သတိမရတော့။ အသက်အရွယ်ရလာချိန်ရောက်မှ တနည်းနည်းဖြင့် ခိုင်းမည်ဆိုသည့်် စကားအဓိပ္ပါယ်ကို နားလည်လာမိတော့၏။ အဘိုးအနေနှင့် အိုမင်းသွားသည့် နွားတစ်ကောင်အတွက် သံယောဇဉ်လက်ကျန်ကို ရင်းကာ အသုံးချလဲလှယ်ရက်သည်ကို အပြစ်ဟု မဆိုချင်သော်လည်း လေးလေအပေါ်ပြုမူခဲ့သည့် သူဌေးများ၏ လုပ်ရပ်ကိုတော့ စိတ်ပျက်ဒေါသထွက်မိပါသည်။ ဒါကလည်း ကျွန်မကိုယ်တိုင် လေးလေနှင့် ဘဝတူ အလုပ်သမား တစ်ယောက်ဖြစ်သည်ကြောင့်ပင်။ယခုလည်း လုပ်သားကောင်းကြီးလေးလေကို အိုပြီဟု သတ်မှတ်လိုက်ကြပြီ။ လေးလေကဲ့သို့ လုပ်ကိုင်နိုင်စွမ်းရှိပြီး မအိုသေးသည့် ကျွန်မတို့သည်လည်း အလဲလှယ်မခံရသေးခင် အစွမ်းရှိသ၍ ရုန်းကြရပါအုံးမည်။ ဒါကလည်း နိုင်ငံရပ်ခြား၏ ဘဝတွေဖြစ်မည်ထင်ပါသည်။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
Comments
လေးလေအတွက်စိတ်မကောင်းဘူး။
ဝန်ထမ်းလုပ်ရတဲ့ဘ၀များ မလွယ်လိုက်တာ... :(
ဘ၀တွေများနော်
မလုပ်နိုင် မကိုင်နိုင်လို့ အကြောင်းပြချက် တခုပေးပြီး ထုတ်လိုက်တာ မဟုတ်ဘူး သူတို့ ပင်စင်ပေးရမှာ ကြောက်လို့ ညစ်တာ
ချစ်တဲ့
အမရွှေစင်
ချစ်တဲ့
မြတ်မွန်
သူဌေးတွေကတော့ဒီလိုပါဘဲ
ပစ်ပစ်တို့အလုပ်မှာလည်း အခုလိုအဖြစ်တွေ
အများကြီးဘဲ..
လောကကြီးကမတရားဘူးဆိုတာ
အဲတာတွေကိုပြောတာထင်ပါရဲ့ မွန်ရယ်..
Productivity vs Profitability
Profitability vs Sustainability
Sustainability vs Social responsibilities
Social responsibilities vs Humanity
Humanity vs Culture ethnicity
(အလုပ်တွေအားလုံးမှာ
အငြိမ်းစားပေးလိုက်တယ် အနားပေးလိုက်တယ် ရွေ့ပြောင်းလိုက်တယ် ထုတ်လိုက်တယ် ဆိုတာတွေရှိပါသည်၊
အငြိမ်းစားပေးလိုက်တယ် အနားပေးလိုက်တယ် ဆိုတာ company policyနဲ့ ဆိုင်ပါတယ်
သူရဲ့ ရပိုင်ခွင့်တွေ နစ်နာခွင့်တွေအတွက် ဥပဒေ နည်းလမ်းတွေရှိမှာပါ၊
တိုင်ဝမ်လို နိုင်ငံမျိုးမှာလည်း ရှိလိမ့်မယ်ထင်ပါသည်၊
ဥပမာ နှစ်ရှည် အလုပ်သမား တစ်ယောက်ကို ထုတ်ပစ်လျှင် ဘာတွေပေးရမည်
အသက်၆၀ အလုပ်သမားတစ်ယောက်ကို ခန့်ထားလျှင် ဘာတွေပေးမည် ဆိုသဖြင့်ပေါ့၊)
တရုတ်လုပ်ငန်းရှင်တွေဟာ လူသားချင်းစာနာမှုနည်းတယ် ဆိုတဲ့ အမေရိကန်တွေရဲ့ ပြောဆိုမှုမှန်မမှန်တော့ ….. လူပေါ်မှုတည်ပါလိမ့်မည်။
အားလုံးပဲ တစ်နေ့ အိုကြရမှာပါ စဉ်းစားခန်းလေးပေးလိုက်တဲ့ မြတ်မွန်ကို ကျေးဇူးပါ။
စိတ်မကောင်းစရာပါဘဲ။ မြတ်မွန်ပိုစ့်လေးဖတ်ပြီး အဖေ့ စကားတောင်ကြားယောင်မိသေး။ အသက်ကြီးလာတော့ အိမ်ကလူတွေက နွားသတ်ရုံပို့တဲ့ နွားတစ်ကောင်လိုဘဲ
တဲ့ သူ့ဘဝက။။
တစ်နေ့ အိုကြရမည်မှာ ဧကန်မုချ မလွှဲပါ
ပျော်ရွှင်ပါစေ
ခင်တဲ့
အလွမ်း
ဘဝ ဘဝ
မိုး
ရိုးရှင်း၊ နွေးထွေးတဲ့ လေးလေအကြောင်း ပြောနေတဲ့ စာစုလေးကလည်း လေးလေလိုပဲ ပြေပြစ်ညက်ညော လှတာမို့ အဆုံးကို ဘယ်လိုရောက်လာမှန်းတောင် သတိမပြုမိအောင် ပါပဲ...။
ကိုယ့်ဖို့ပဲ ကြည့်တတ်တဲ့ အလုပ်ရှင်တွေရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်လို့ပဲ ဆိုရမှာပေါ့။ လူသားအချင်းချင်း အတန်းအစား အယုတ်အလတ်အမြတ်မရွေးဘဲ သူ့တန်ဖိုးကိုယ့်တန်ဖိုးကို သိနားလည်ပြီး ညှာတာထောက်ထားတတ်တဲ့ စိတ်ကလေးတွေရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။
မြတ်မွန်လား သိချင်ပါတယ်ဗျ