ဆန်းသစ်နေဆဲရင်ခုန်သံ



ဒီနေ့မနက်ခင်း၏ အလှအပတရားတို့သည် အရင်နေ့တွေထက် ပိုလှပနေသလားလို့ စိတ်တွင် ထင်မိသည်။ သူတက်ကြွနေတာကြောင့် ဖြစ်မည်။ သန့်ရှင်းလတ်ဆက်သောလေတို့ကို အားပါးတရရှူသွင်းလိုက်သည်။ သာယာဖြေးညင်းသော လေပြေတစ်ချို့က သူမျက်နှာကို တိုက်ခတ်ဝင်ရောက်ကာ ဆော့ကစားသွားကြသည်။ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ရင်းနှီးပြီးသားဖြစ်သော ဘေးပါတ်ဝန်ကျင်ကို ဟိုဟိုဒီဒီ လျှောက်ကြည့်မိသည်။ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော လူတစ်ချို့ကရော ဘာတွေများ ထူးခြားနေသလဲလို့ လိုက်ကြည့်နေမိ၏ ။

မနက်စောစောထဖို့ ညကတည်းက သူကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ တစ်အိမ်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကြနေချိန် သူ တစ်ယောက်ထည်း အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် မနက်မိုးလင်းသွားခဲ့သည်။ အိပ်ရေးကောင်းကောင်း မဝသော်လည်း ခေါင်းတို့က ကြည်လင်လန်းဆန်းနေသည်။ ကုတင်ဘေးက စာပွဲတင် နာရီကိုကြည့်လိုက်တော့ မနက်၅နာရီ ခွဲပြီ။

ဒီနေ့ကို မမေ့ဖို့ သူအတော် သတိထားနေခဲ့သည်မှာ လွန်ခဲ့သည့် တစ်ပါတ်လောက်ကတည်း ဖြစ်မည် ထင်သည်။ စိတ်ကူးထဲတွင် တွေးပြီး ကျိတ်ကာ အစီစဉ်များ ရေးဆွဲနေမိ၏ ။ အိန္ဒြရရ ဟန်ဆောင်ထားခဲ့သမျှ ဒီနေ့တော့ အကောင်အထည် ဖော်နိုင်ပြီ မဟုတ်လား။

အဝတ်အစားသစ်များကို ရွေးကာ ဝတ်လိုက်သည်။ ဆံပင်ကို သပ်ရပ်သွားအောင် ဖီးသင်လိုက်သည်။ မှန်ရှေ့တွင် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ တစ်ချက်ကြည့်လိုက်သေးသည်။ ထို့နောက် ခြေလှမ်းကို ခပ်ဖွဖွနမ်းကာ သူ့ချစ်ဇနီး မကြားအောင် အခန်းပြင်ကို ထွက်လာလိုက်သည်။ တစ်အိမ်လုံး မနိုးကြသေး၍ ထင်ပါ၏ တိတ်ဆိတ်လျှက်ရှိသည်။ ထိုနောက်မှာတော့ အိမ်သားများနိုးမည်စိုးသောကြောင့် အိမ်တံခါးမကြီးကို အသာအယာ ပြန်ပိတ်ကာ ထွက်လာခဲ့သည်။

သူပန်းဆိုင်ရှေ့ကို တက္ကစီနှင့် ရောက်လာတော့ ဆိုင်ရှေ့တွင်လူတော်တော်များများ တန်းစီနေသည်။ မနက်စောစောစီးစီး တန်းစီနေသော လူတစ်စုကြား သူပါရောကာ တန်းစီးလိုက်သည်။ ထိုနောက်မှာတော့ သူလိုပင် နောက်ထပ် လူများရောက်လာကာ တန်းစီကြသည်။ သူရှေ့ကလူက သူကို တစ်ချက်လှည့် ကြည့်ပြီး ပြုံးပြသည်။ ကြည်လင်နေသော စိတ်ကြောင့် သူနှစ်နှစ်ကာကာ ပြန်ပြုံးပြလိုက်သည်။ ဒီလိုနှင့် တန်းစီးထားရင်း သူ့အလှည့်ရောက်သည်။

“ ဘယ်နှစ်ပွင့်ယူမှာလဲ ။ ဘယ်လို ပုံစံထုတ်ပေးရမလဲရှင့် ”

“ သုံးပွင့် ပဲ လှလှလေးနဲ့ သပ်သပ်ရပ်ရပ်လေး စည်းပေးနော်.။”


ဒီအချိန် အိမ်က အချစ်ဆုံးဇနီးသည် နိုးသေးမည် မထင်။ သူမ မနိုးခင် အိမ်အမြန်ရောက်မှ ဖြစ်မည်။ အိမ်အမြန်ရောက်ဖို့ တက္ကစီကားငှားရန် လမ်းဘေးတွင် ရပ်လိုက်သည်။ လမ်းပေါ်တွင် တက်စီကားများမတွေ့ရ။ အမြန်လိုပါမှ ကားတွေကာ ရှားပါးနေသေးသည်။ ပန်းစည်းကို ပိုက်ကာ ကားငှားရဖို့ စိတ်လောနေမိသည်။

ပန်းစည်းလှလှလေးကို ကြည့်ကာ သူစိတ်တွေ ကြည်နူးနေမိသည်။ သူ၏ ကြည်နူးစိတ်တို့ကြောင့် သူမျက်နှာတစ်ခုလုံး ပြုံးပျော်ရွှင်နေသည်ကို လမ်းသွားလမ်းလာများကပင် သတိထားသွားမိဟန်တူသည်။ တစ်ချို့က ကွတ်ကြည့်ကွတ်ကြည့်နှင့်။ တစ်ချို့က ပြုံးစိစိ။ ဘယ်သူကိုမှ ဂရုမစိုက်နိုင် သူစိတ်က ပျော်ရွှင်လန်းဆန်းနေသည်မှာ သူသာလျှင် အသိဆုံး ဖြစ်မည်ထင်သည်။ ကံကောင်းထောက်မစွာ တက္ကတစ်စီး ရောက်လာတာကြောင့် ဈေးမစစ်ပဲ အမြန်မောင်းခိုင်းလိုက်သည်။

သူအိမ်ပြန်ရောက်တော့ မနက်၇နာရီ ။ ဒီအချိန် သူမ အိပ်ရာနိုးချိန် ဖြစ်သည်။ အိမ်ထဲကို လှမ်းဝင်ကာ အခြေအနေကို အကဲခတ်လိုက်သည်။ တစ်အိမ်လုံး တိတ်ဆိတ်လျှက်ပင်။ ထိုနောက်မှာတော့ သူမရှိရာ အိပ်ခန်းတံခါးနားသို့ အရောက်တွင် တံခါးအပြင်ဘက်ကနေ သူမ ထွက်လာတာကို စောင့်နေရင်း သူ့ချစ်ဇနီးကို ပန်းစည်းဘယ်လိုပုံစံနှင့် ပေးရင်ကောင်းမလဲ အပြင်းအထန် တွေးနေမိသည်။ သူတွေးနေချိန်မှာပဲ တချွတ်ချွတ်ဖြင့် အသံကြား လိုက်ရတာကြောင့် အိပ်ခန်းဝ တည့်တည့်တွင် ရပ်နေလိုက်သည်။ ပန်းစည်းကို သူ့နောက်ကျောတွင် လက်နှစ်ဖက်ဖြင့်ကိုင်ရင်း ဝှက်ထားလိုက်ပြီး သူမ အခန်းအပြင် ထွက်အလာကို စောင့်စားနေလိုက်သည်။

ထို့နောက် ချက် ခနဲ မြည်သံနှင့်အတူ အခန်းတံခါးပွင့်လာကာ ဘယ်အချိန်ကြည့်ကြည့် ကျက်သရေ ရှိနေသည့် အိပ်ရာနိုးကာစ ဇနီးသည် ထွက်လာသည်။

Happy Valentine's Day ပါ ချစ်ဇနီး ”

လို့ ရေရွတ်ကာ ပန်းစည်းကို လှမ်းပေးလိုက်သည်။ စကားသံနှင့်အတူ ပန်းစည်းကို မြင်တွေ့သွားသဖြင့် သူမ မျက်နှာအံအားသင့်ကာ ပြုံးပျော်ရွှင်သွားလေသည်။ ပြုံးပျော်ရွှင်နေသော သူမ မျက်နှာသည် သူ့အတွက် တန်းဖို့အရှိဆုံး လက်ဆောင်တစ်ခုပင် ဖြစ်သည်။ သူမ ကြည်နူးနေလျှင် သူလည်း ကြည်နူးရပေသည်။ ပန်းစည်းလေးကို ငုံ့နမ်းနေသည့် ဇနီးသည်ကို တစ်စိမ့်စိမ့်ကြည့်ကာ ပို၍ ချစ်မြတ်နိုးလာရသည်ဟု ထင်မိသည်။ ထိုအချိန်တွင် သူတို့၏ငြိမ်သက်နေသော ပါတ်ဝန်းကျင်လောကလေးကို သူ့အနောက်ဘက်မှ ထွက်ပေါ်လာသော အသံတခုဖြင့် လှုပ်နှိုးခြင်းခံလိုက်ရသည်။

“ ဖိုးဖိုးနဲ့ဖွားဖွား မနက်စာ စားကြမယ်လေ။ ”

အသံကြားရာသို့ လှည့်ကြည့်လိုက်တော့ ထမင်းစားခန်းဝတွင်ရပ်ကာ သူတို့ဇနီးမောင်နှံကို ကြည့်နေသော မြေးငယ်ကို တွေ့လိုက်ရသည်။ သူနှင့်ဇနီးဖြစ်သူ တယောက်ကိုတယောက်ကြည့်ပြီး နှစ်နှစ်ကာကာ ပြုံးလိုက်ကြ၏။ ထို့နောက်မှာတော့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး ထမင်းစားခန်းသို့ အတူတကွ လျှောက်သွားလိုက်တော့သည်။ ချစ်ဇနီးဖြစ်သူကတော့ သူ့ပေးသည့် ပန်းစည်းလေးကို ရင်ခွင်ထဲတွင် ထွေးပွေ့လျှက်......။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

ချစ်သူများ အစဉ်ထာဝရ အဆင်ပြေပျော်ရွှင်ပါစေ။

Comments

အဲဒီလိုလေးတော့ ချစ်သွားချင်ပါရဲ့။
ဘယ်သူ့ကို ချစ်ရမယ် ဆိုတာသာ မသိတာ။
ပြီးတော့ . . . .
သူကရော.............??????????
ဟိုက်.. တက်တက်ကြွကြွနဲ့ဆိုတော့ ကိုယ်တွေလို လူငယ်ပဲထင်နေတာ အဆုံးသတ်မှ ဖိုးဖိုးနဲ့ဖွားဖွားဆိုပဲ။
ခေါင်းစဉ်နဲ့ ဇာတ်လမ်း လိုက်ပါပေ့ဗျာ။
noblemoe said…
ပျော်စရာကြီးဒီဇာတ်လမ်းလေးက

သာယာချမ်းမြေ့ပါစေရှင်း
မိုး
Anonymous said…
ညီမ ရေ

ကြည်နူးစရာပါ စာလေးဖတ်သွားပါတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး
စိတ်ကူးလေး မိုက်တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
sosegado said…
ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ၊
Happy Valentine's Day ပါ ချစ်ဇနီး
ဆိုတာပြောရတော်တော်ခက်ပါမယ်၊ ချစ်ဇနီး အစား Happy Valentine's Day ပါ မိန်းမ၊ Happy Valentine's Day ပါ ကလေးတို့အမေ၊ ဆိုရင်ပိုကောင်းမလားလို့၊
လောင်ဖွား ကိုပြန်ထားတာလားတော့ မသိဘူး၊
ဟုတ်ကဲ့..လေးလေးနက်နက်ဖြစ်စေချင်လို့ ချစ်ဇနီးလေးလို့ သုံးထားတာ ကိုဆိုဆီရေ..
ပုံမှန်အချိန်တွေမှာတော့ အဲလိုသုံးမှာ မဟုတ်လောက်ပါဘူး..။
လောင်ဖိုးဆိုတာကိုလည်း ဘာသာပြန်ထားတာ မဟုတ်ပါဘူး..လျှက်တပြတ်အတွေးပါ။
စာလာဖတ်ကြတဲ့ ညီအကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်..။
ahphyulay said…
အင်း..
ကိုဇော်ပြောသလို ဗယ်လင်တိုင်းနေ့ မှာ ချောကလက်
မစားရမကြွေးရ လို့  ဘာဖြစ်သလဲ ဆိုသလိုပဲ၊ ဘယ်သူ
က ဘယ်နေရမှာ ဘယ်တုံးက စ ခဲ့ မှန်းမသိ ..။
ကျွန်တော်လည်းခေတ်မမှီတော့ သလို၊ ကျွဲခြေရာခွက်
ထဲက ဖားတစ်ကောင်လိုပဲ၊ အပြင်မှာ ဘာဖြစ်လို့ ဖြစ်
မှနိးမသိ၊ မကီ ကောင်းမှုကြောင့် ခေတ်မှီသွားအောင်
သူများတွေလို ဝဲ လိုက်စစ်ဖြစ်တော့ တယ်၊ ကိုယ့့် စီလာမှာ ထ ထ လိုက်တဲ့ အကျင့်ကလဲ အားနဲ ချက်ဗျ။
တကယ်တော့  ချစ်သူများနေ့ ကျမှ ချစ်ပြ စရာ
မလိုဘူးလို့ ထင်ပါတယ်၊ တကယ်ချစ်ရင် ၂၄နာရီ
အဲ .. ၃၆၅ ရက်လုံး ချစ်နေလို့ ရပါတယ်လို့ ။
ခွင့်လွှတ်ပါဗျာ...။
kiki said…
အဖိုးကြီး ဖြစ်လည်းချစ်မှာပဲ ...
အဖွားကြီး ဖြစ်လည်းချစ်မှာပဲ ...

ဪ..ချစ်တတ်သူများ
ရိုးမြေကျ .. ချစ်နိုင်ကြပါစေသောဝ်

ထို့ နည်းတူစွာ..
ညီမလေး တို့ လည်း...း))

ခင်တဲ့ မကိ
စိတ်ထဲမှာ ဆွတ်ပျံ့ကြည်နူးမိပါတယ် ညီမလေးမြတ်ရေ... အရာရာကြာရှည်တည်မြဲဖို့ ခက်ခဲတဲ့ လောကကြီးမှာ ကြာရှည်တည်တံ့ခိုင်မြဲမှု တွေကသာ တန်ဖိုးအရှိဆုံးနော်...
ချော(အစိမ်းရောင်လွင်ပြင်) said…
ဘ၀မှာ ခုလို ကိုယ်ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းမြေ့စွာ တစ်သက်ပတ်လုံး နေသွားနိုင်ဖို့ဆိုတာ သိပ်ကို ရခဲတဲ့ ဆုလာဒ်ကြီးတစ်ခုပါ။ လူတိုင်း အဖိုးအဖွားတို့လို ကြင်ကြင်နာနာ လက်တွဲသွားနိုင်ကြရင်သိပ်ကောင်းမှာဘဲနော်
ှဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်းလေးကို သဘောကျမိတယ်.. ညီမလေးအပါအ၀င် လူတိုင်းလူတိုင်း ခုလို အချစ်ခြင်း တူညီစွာ ပေါင်းဖက် နိုင်ကြပါစေလို့
အယ်လဲ့....ဂွတ်တယ်ကွာ :) နောက်ဆုံးမှာတော့ မအိုသေးတဲ့ချစ်ခြင်းလေးနဲ့ပေါ့ :)

ခင်တဲ့(ဖိုးကြယ်)
blackcoffee said…
ဖိုးဖိုး၊ ဘွားဘွားတွေ ဖြစ်နေတဲ့ အထိ ကိုယ်ချစ်ရတဲ့သူက ကျက်သရေ ရှိနေတုန်းပဲပေါ့ သူငယ်ချင်းရာ...
ရေးထားတာလေး ကောင်းတယ်...
ဒါပေမယ့် လာတာတော်တော်တောင် နောက်ကျနေပြီ။
လသာည said…
ကြည်နှုးစရာ ကောင်းလိုက်တာကွာ..
အဲလိုဖိုးဖိုးဖွားဖွားအရွယ်အထိ အပြန်အလှန်ချစ်ခင်ကြင်နာ ဂရုစိုက်နေတာ တကယ့်ကို ကြည်နှုးစရာနော်.
အဖြူရောင်နတ်သမီး said…
အဲဒီလိုဘဝလေး သဘောကျတယ်...
သက်ဆုံးတိုင် ပေါင်းရတဲ့ ဘဝကိုလေ...။
Anonymous said…
ချစ်သူငယ်ချင်းလေး မမွန်ရေ...
ရောက်ဖြစ်ပါတယ်ဒီတစ်ခေါက်။ စာလုံးပြန်ပေါ်လာလို့ ဖတ်သွားပါတယ်။
အရေးသားလေးကတော့ တကယ့်ကို လေးစားထိုက်ပါပေတယ် မွန်


စိုင်း
rose of sharon said…
ချစ်ဖို့ကောင်းလိုက်တဲ့ ဇာတ်လမ်းလေး...
အလည်မထွက်ဖြစ်တာလည်း ကြာသွားပြီ။ သတိရလို့ ရောက်လာပါတယ် မွန်ရေ...
အရမ်းနူးညံတဲ့ ခံစားချက်လေးတွေပါတဲ့ ၀တ္တုတိုလေးပါ...
အားကျလိုက်ထှာာာာာာ မွန်ရေ... :D


ချစ်တဲ့
ဂျင်း
than said…
မမြတ်မွန်

လာလည်ပြီးမွှေနှောက်ဖတ်သွားပါတယ်။အချိန်မရှိလို့အားမရသေးပါဘူး၊ပြန်လာလည်ပါဦးမယ်။မဂ္ဂဇင်းမှာရေးဖို့ စိတ်ဝင်စားရင်ဆက်သွယ်လိုက်ပါနော်..၊
အယ်ဒီတာအဖွဲ့
internationallookmagazine@gmail.com
အချစ်စစ်ဆိုတာ ဒါပါလားလို့ ခံစားသိရှိသွားတယ် ..

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

ဘယ်တော့မှ မမေ့ပါဘူး