ရှင်သန်ခြင်းစက်ဝိုင်း

"ထတော့လေဟာ.. ဘယ်အချိန်ရှိနေပြီလဲ။ "

စကားသံနှင့်အတူ လှုပ်နှိုးခံလိုက်ရတာကြောင့် မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်သည်နှင့် ကျွန်မ၏ အချစ်ဆုံး သူငယ်ချင်းလေးကို တွေ့လိုက်ရသည်။ သူမကို တွေ့မှ ကျွန်မတို့ ဒီနေ့ချိန်းဆိုထားတာကို သတိရမိတော့သည် ။ ဒီနေ့သည် သူမ မွေးနေ့ ဖြစ်၏ ။ မနေ့ကတည်းက စောစောထဖို့ ပြောထားသည်ကို ကျွန်မ မေ့လျော့သွားမိကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။

"ဟက်ပီးဘက်ဒေး သူငယ်ချင်း"
"ကဲပါ ထ..ထ နောက်မှာ ဘက်ဒေးတော့"

ဆောင်းမနက်ခင်းမှာ အိပ်ရာထဲတွင် နှပ်ရသည်မှာ ဇိမ်အရှိဆုံး ဖြစ်သော်လည်း မွေးနေ့ရှင် ကိုယ်တိုင် လာနိုး၍ ကျွန်မ မထချင် ထချင်နှင့် ထလိုက်ရသည်။ ရေချိုးခန်းဝင်ကာ မျက်နှာ သန့်စင်နေစဉ် ဒီနေ့ သူမ မွေးနေ့အတွက် လုပ်မည့်အစီစဉ်များကို တတွတ်တွတ်ရွတ်ကာ ကျွန်မ နောက်က လျှောက်လိုက်နေတော့သည် ။ ပထမဦးစွာ ဈေးထဲတွင် မနက်စာ မုန့်သွားစားကြမည် ။ မုန့်စားပြီးသည်နှင့် မွေးနေ့ အတွက် ကုသိုလ်ကောင်းမှု လုပ်သည့်အနေနှင့် ငှက်သွားလွှတ်ကြမည်။

ကျွန်မတို့ ယခုရောက်ရှိနေသည့် နိင်ငံရပ်ခြားတွင် မြန်မာပြည်လို မဟုတ်ပဲ မွေးနေ့တွင် ငှက်ဝယ်ပြီး လွှတ်ပေးကြသည်မှာ မရှိသလောက် ရှားပါးမည် ထင်ပါ၏ ။ ဒီနိင်ငံမှာက ငှက်တွေကို အလှမွေးရန်နှင့် ပြိုင်ပွဲဝင်ရန်အတွက်သာ ရောင်းကြ ဝယ်ကြတာများသည် ။ ငှက်ကလေးများကို အထိမ်းအမှတ် တစ်ခုခုအတွက်ဖြစ်စေ၊ ကုသိုလ်လိုချင်၍ဖြစ်စေ လွှတ်ပေးမည့်သူရှိပါက လွတ်နိုင်သည့် အခြေအနေ ရှိနိုင်သော်လည်း အလှမွေး ငှက်လေးတွေ အဖို့မှာတော့ လွတ်ဖို့ရာ လမ်းမရှိတော့ပါ ။ လှောင်ပိတ်ခံနေရသည့် ငှက်လေးတွေကို နောက်ထပ် လှောင်အိမ်တခုထဲပြောင်းထည့်ကာ အလှကြည့်ရန် အလို့ငှာ မွေးကြခြင်းဖြစ်သည်။ ထို့ကြောင့် အလှမွေးမည့် ငှက်တွေကို ဝယ်ကာ မွေးနေ့တွင် လွှတ်ပေးလိုက်ရသည့် ခံစားချက်သည် အရမ်းကို ပီတိ ဖြစ်စရာကောင်းသည်ဟု ကျွန်မထင်မိပါသည်။။

မျက်နာသစ် အဝတ်အစားလဲပြီးနောက် မနက်စာ စားရန် ဈေးရုံထဲကို ထွက်လာခဲ့ကြသည်။ မွေးနေ့ရှင် စားချင်သော မုန့်ဟင်းခါးဆိုင်ရှိရာသို့ ဈေးရုံထဲမှ အသားတန်း ငါးတန်းကို ဖြတ်လျှောက်ရသည်။ ဤဈေးသည် မြန်မာတွေ အများစု နေထိုင်ကြသော ရပ်ကွက်ထဲတွင် ရှိတာကြောင့် မုန့်ဟင်းခါး အပါအဝင် မြန်မာအစားအစာများ ရောင်းသော ဆိုင်များစွာလည်း ရှိပါသည်။ ထို့ကြောင့် မနက်စာ မုန့်ဟင်းခါးစားရန် ဈေးရုံထဲသို့ ထွက်လာခဲ့ကြခြင်းဖြစ်သည်။

ဈေးရုံတစ်ခုလုံး မနက်ခင်းအချိန်ဖြစ်၍ ဈေးဝယ်သူများဖြင့် စည်ကားနေ၏။ မုန့်ဟင်းခါးစားပြီးနောက် မွေးနေ့ရှင်မှာ စိတ်ကျေနပ်သွားသည်နှင့် ငှက်ရောင်းသည့် ဆိုင်ကိုသွားရန် ဦးတည်ကြပြန်သည်။ ဈေးရုံထဲကနေ ထွက်ရန် ငါးစိမ်းတန်းကို ဖြတ်လျှောက်ချိန်မှာတော့ မနက်စောစော အသားစိမ်းနံ့ အညှီနံ့တွေကြောင့် စိတ်ကို အနည်းငယ်နောက်ကျိ သွားစေသည်။

"ငါးတွေစုံတယ်နော် လတ်တယ် လတ်တယ်။"
ငါးသည်များကလည်း အပြိုင်အဆိုင် အော်လျှက်ရှိသည်။

ငါးတန်းကို ဖြတ်လျှောက်သွားချိန် ခုန်ပျံနေသည့် ငါးများ လူးလွန့်ရုန်းကန်နေသည့် ငါးများကို ကြည့်ပြီး ကျွန်မ အသည်းတစ်ယားယား ဖြစ်မိသည်။ ကျွန်မက ငါးအရှင်ဆို ကိုင်တွယ်ရမှာ ကြောက်သည့်အပြင် သူများအသက်ကို သတ်ရမှာ ကြောက်တတ်သူမို့ ငါးဝယ်သည့်အခါ မလတ်လျှင်နေပါစေ ဘယ်အခါမှ ငါးအရှင်ကို ဝယ်လေ့ မရှိ။ တချို့ကတော့ ငါးဆိုအရှင်မှ ရွေးဝယ်လေ့ရှိတာကြောင့် ကျွန်မငါးဝယ်နေချိန် ထိုကဲ့သို့သော သူများနှင့်ကြုံဆုံခဲ့လျင် တခြားတဖက်ဖက်သို့ လှည့်နေလေ့ရှိသော်လည်း ဂုတ် ခနဲဆိုပြီး ငါးခေါင်း ထုသံကိုတော့ ကြားလိုက်ရသည့် အခါမျိုး၌ ရင်ထဲတွင် အေးစက်စက် ဖြစ်သွားလေ့ရှိသည်။

"ဘုတ်" ဆိုသည့် မြည်သံတစ်ခုနှင့်အတူ အေးစက်စက်အရာတစ်ခု ကျွန်မခြေထောက်ကို လာထိသောကြောင့် ရုတ်တရက်လန့်ပြီး ထခုန်လိုက်မိသည် ။ စိုစိုစွတ်စွတ်နှင့်မို့ အောက်ငုံကြည့်လိုက်သည့်အခါ ငါးအရှင်တစ်ကောင် ကျွန်မ ခြေထောက်ဘေးနား ရောက်နေ၏ ။ ဈေးဗန်းထဲမှ ခုန်ထွက်လာသည့် ငါးဖြစ်မည် ထင်ပါသည် ။ တုန်လှုပ်သွားသော စိတ်ကြောင့် ကျွန်မတို့ ငါးတန်းက မြန်မြန်ဖြတ်လျှောက်လာခဲ့မိသည်။ ဈေးရုံအပြင်ဘက် ရောက်သည်အထိ ကျွန်မရင်တုန်မပျောက်သေး။

စိတ်ထဲတွင် ခုန်ပျံနေသည့် ငါးတွေကို မြင်ယောင်လိုက်မိသည်။ စောစောက ခုန်ပျံနေသည့် ငါးတွေက သေရတော့မှာ သေချာနေသော သူတို့အသက်အတွက် လွတ်မြောက်ရာလွတ်မြောက်ကြောင်း အားရှိသလောက် ခုန်ပြီး အပြင်ရောက်ဖို့ရန် ကြိုးစားနေကြခြင်းဖြစ်မည် ။ တစ်ချို့သော ငါးတွေကတော့ ငြိမ်သက်လျှက် နောက်ဆုံးအချိန်ကို စောင့်မျှော်နေကြမည်။ ကျွန်မ ခြေထောက်ပေါ် ကျလာသည့် ငါးလေးသည် သူ့ကို ကယ်ဖို့ရန် ကျွန်မစိတ်ကို နှိုးဆော်လိုက်သလိုများလား ဆိုပြီး ကျွန်မတွေးမိသွားသည်။ ရှေ့ဆက်ခြေလှမ်းများ လှမ်းနေသော်လည်း ကျွန်မစိတ်နှင့် အတွေးတို့က ဈေးဗန်းထဲမှ ငါးတွေဆီ ကျန်ရစ်နေခဲ့သည်။

ထို့နောက် ကျွန်မ တစ်ခု စဉ်းစားမိသွားသောကြောင့် မွေးနေ့ရှင်၏ လက်ကို ဖမ်းဆွဲလိုက်ပြီး..

"ဟဲ့.. နေအုံးဟ "
"ဘာတုန်း"
"နင့်မွေးနေ့အတွက် ငှက်မလွှတ်ပဲ ငါးလွှတ်ပါလား။"
"ဘာဖြစ်လို့လဲ"

"ဒီလိုလေ ငှက်လေးတွေက သူတို့ကို သတ်ဖို့ရောင်းကြတာ မဟုတ်ဘူးဟ သူတို့ကို အလှမွေးချင်လို့လေ အဲတော့ သူတို့က လှောင်ပိတ်ခံထားရပေမယ့် အသက်ရှင်နေနိုင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်ဟ ။ ခုဏ ဈေးထဲက ငါးလေးတွေကို ကြည့်စမ်း။ မကြာခင် ဝယ်သူလာရင် သေရတော့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး နောက်ဆုံး အချိန်ကို ရောက်နေပြီဟ ။ အဲတော့ သေရတော့မယ့် ငါးတွေကို လွှတ်ပေးတာ ပိုမကောင်းဘူးလား။ "

ကျွန်မစကားကြောင့် မွေးနေ့ရှင် တစ်ချက်တွေဝေသွားသည်။ ခဏတာ အခိုက်အတန့်ပဲဖြစ်ပါသည်။ ထို့နောက် သူမမျက်နာ ကြည်ကြည်နူးနူး ပြုံးကာ

"အေး ဟုတ်တယ်နော်။ သူတို့က သေရတော့မှာဟ။ ငါတို့ မြန်မြန် သွားဝယ်ရအောင်။ "

ကျွန်မနှင့် မွေးနေ့ရှင် ဈေးရုံထဲသို့ ခပ်သွက်သွက် ပြန်လျှောက်လာကြသည်။ စောစောက ခုန်ထွက်လာသည့်ငါး ရှိပါအုံးမလား ကျွန်မစိတ်စောနေမိသည်။ ထိုဆိုင်နားကို နီးလာလေ ကျွန်မ၏ စိုးရိမ်စိတ်တို့က ပိုလာလေဖြစ်သည်။ ဝယ်သူတစ်ယောက်ယောက် ဦးသွားခဲ့လျင် ကျွန်မတို့ စိတ်မကောင်းဖြစ်ရမှာ သေချာသည်။ ကျွန်မခြေထောက်ပေါ် လာကျလျက်နှင့် ကျွန်မ ဂရုမထားဘဲ ဥပေက္ခာ ပြုခဲ့မိလျင် ဘယ်အချိန်ပြန်တွေးတွေး ကျွန်မ စိတ်ထိခိုက်ရတော့မည်။

ထို့ကြောင့် ခပ်သွက်သွက်လျှောက်လှမ်းရင်း ကျွန်မစိတ်ထဲမှလည်း ဆုတောင်းစာရွတ်ဆိုနေမိသည်။ 'ကံကောင်းထောက်မလို့ ဝယ်သူထက် အရင်ဦးပါစေ' ထိုဆုတောင်းကိုသာ အခါခါတီးတိုးရွတ်လျက် ငါးဆိုင်ရှိရာသို့ လျှောက်လာခဲ့သည်။ ထိုငါးဆိုင်ကို မြင်ရလျင် ပထမဆုံး လှမ်းကြည့်မိသည်မှာ ဈေးဗန်းထဲက ငါးတွေကို ဖြစ်၏။ တော်ပါသေးသည်။ အမြှီးနှင့် ဇက်နေရာကို ကွေးအောင်ချည်ထားသော ငါးအရှင်များနှင့် ခုန်ပျံနေသည့် ပုံးထဲက ငါးများကိုပါ တွေ့လိုက်ရသည်။

“ အမ ဒီငါးတွေကို ကျွန်မတို့ယူမယ် ။ ဒါနဲ့ စောစောက ကျွန်မ ခြေထောက်နား ကျလာတဲ့ ငါးလေးရော အမ။”
“ရှိတယ်။ ဟော့ဒီမှာ။ ကြိုးနဲ့ချည်ထားလိုက်တယ်။ ခဏခဏ ခုန်ထွက် လွန်းလို့။ ငါးက ဘယ်လောက်သားယူမှာလဲ”
“ ဒီအရှင်တွေ အကုန်ယူမှာ ”

ကျွန်မ စကားကြောင့် ဈေးသည်အမကြီး မော့ကြည့်သည်။
“ ဒါဆို တခါတည်း ကိုင်ပေးလိုက်မယ်”

ပြောပြောဆိုဆိုဖြင့် ငါးတကောင်ကို ဆွဲကာ ခေါင်းထုရန် ပြင်လိုက်သည်။
“ အမလေး မသတ်နဲ့ မသတ်နဲ့.. အရှင်တွေ ယူမှာအမရဲ့”
“ အရှင်တွေ...ဟုတ်လား”

ငါးသည် အမျိုးသမီး အံ့သြသွားဟန်ရှိသည်။ ကိုင်ထားသော ငါးခေါင်းထုသည့် တုတ်ကိုပင် ပြန်မချနိင်ဘဲ ကျွန်မတို့ကို ပြန်မေးလိုက်ခြင်း ဖြစ်သည်။

“ အင်း... မွေးနေ့မို့လို့ လွှတ်ပေးမလို့ပါ။”

ကျွန်မသူငယ်ချင်းစကားကြားတော့ ငါးသည်အမကြီး ပို၍အံ့သြသွားသည်။ သူတို့လို ဒီနိင်ငံသူတွေ အနေနှင့် မွေးနေ့တွင် ငါးလွှတ်ပေးခြင်းကို ကြုံဖူးဟန်မတူပါ။ ထို့နောက် ငါးသည်အမကြီး ခေါင်းတချက်ငုံ့သွား၏။ အားငယ်ရှက်ရွံ့သွားတာများ ဖြစ်မလား တွေးလိုက်မိသည်။ ထို့နောက်ချက်ချင်းခေါင်းပြန်မော့လာကာ ကျွန်မတို့ကို နှစ်နှစ်ကာကာပြုံးပြ၏။

“ ကောင်းတယ်ညီမလေးတို့... ဘာနဲ့ထည့်သွားမလဲ”
“ အိတ်နဲ့ပဲ ထည့်ပေးအမ”
“အိတ်နဲ့ဆိုရင် မဖြစ်ဘူးထင်တယ်။ တော်ကြာလမ်းမှာ အိတ်ပေါက်ပြီး ရေတွေထွက်ကုန်ရင် ငါးတွေသေကုန်မယ်လေ နေအုံး..နေအုံး... အမဆိုင်က ရေပုံးထည့်ပေးလိုက်မယ်။ နောက်မှ ပြန်လာပေးပေါ့”

ပြောပြောဆိုဆိုဖြင့် ရေထည့်ထားသော ပုံးတစ်လုံးဆွဲယူလာသည့် ငါးသည်အမကြီးကို ကြည့်ကာ ကျွန်မ သနားသွားမိပြန်သည်။ စောစောက သူကိုယ်တိုင် သတ်တော့မည့် ငါးတွေ လွှတ်မြောက်ဖို့အတွက် ခုချိန်မှာတော့ အဆင်ပြေအောင် ကူညီနေပြန်သည်ကို တွေ့ရသဖြင့် ဝမ်းစာအရ လုပ်ကိုင်နေရသည့် သူ့ဘဝကို သနားစာနာသွားမိသည်။ ဘယ်သူပဲဖြစ်ဖြစ် စိတ်နှလုံးသား နူးညံ့သည့် အချိန်တချိန်တော့ အနည်းဆုံး ရှိသေးပါလား ဆိုသည်ကိုလည်း ကျွန်မလက်ခံသွားမိသည်။

ငါးအရှင်များကို မွေးနေ့ရှင် ဝယ်သည့်အပြင် ကျွန်မကိုယ်တိုင်လည်း ထပ်ဝယ်ဖြစ်သည်။ ထို့နောက် ငါးထည့်ထားသော ရေပုံးကို နှစ်ယောက်အတူဆွဲကာ ထွက်လာခဲ့သည်။ ချောင်းတခုခုတွင် သွားလွှတ်ဖို့ရန် ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ငါးပုံးကို တင်ကာ ကားမောင်းပြီး အဝေးပြေးတံတားအောက် ချောင်းရှိရာကို ဦးတည်လိုက်သည်။ ကျွန်မတို့ ရွေးချယ်လိုက်သော ချောင်းမှာ လမ်းမပေါ်မှ အောက်အနည်းငယ်ဆင်းရသော နေရာတွင်ရှိသည်။ ကျွန်မတို့နှစ်ယောက် ချောင်းအစပ်နားထိ ဆင်းပြီး ငါးတွေကို ချောင်းထဲသို့ တဖြေးဖြေးသွန်ချလိုက်သည် ။ သေခါးနီးဆဲဆဲမှ လွတ်မြောက်လာသည့် ငါးတွေကို လွှတ်လိုက်ရ၍ မွေးနေ့ရှင်သည် ဝမ်းသာပီတိ ဖြစ်ကာ ခုန်ဆွခုန်ဆွဖြစ်နေလေသည်။

တစ်ချို့သော ငါးတွေသည် ရေထဲရောက်သည်နှင့် ပျော်ရွှင်စွာ ကူးခတ်သွားကြသည် ။ ကူးခတ်သွားသည့် ငါးလေးတွေကို ကြည့်ပြီး ငါးလေးတွေနှင့် အတူ ပျော်ရွှင်ကြည်နူးမိသည် ။ တစ်ချို့သော ငါးတွေကတော့ ငြိမ်သက်ကာ ရပ်နေကြပြန်သည်။ သေသွားပြီလား ဆိုသည့် စိုးရိမ်စိတ်နှင့် ကျွန်မတို့ နှစ်ယောက် စောင့်ကြည့်နေမိ၏ ။ ခဏကြာတော့ အမြီးလေးလှုပ်ကာ ကူးခပ်သွားပါတော့သည်။ ငါးတွေသည် ကျဉ်းမြောင်းသော ပုံးထဲမှာပဲ ရှိသေးသည်ဟု ထင်သောကြောင့် မလှုပ်ရှားကြခြင်းဖြစ်မည်။ တလွန့်လွန့်ကူးခတ်သွားသော ငါးကလေးများကိုကြည့်ပြီး ကျွန်မနှင့်မွေးနေ့ရှင်တို့ လက်ဝါးချင်းရိုက်ကာ ဟေးခနဲ ထအော်ကြပါတော့သည်။ ကျွန်မတို့ နှစ်ယောက်စလုံး၏ ရင်ထဲတွင် ကြည်နူးမှုများနှင့် အမှန်တကယ် ပျော်ရွှင်နေကြပါသည်။

ချောင်းစပ်ကနေ လမ်းမပေါ် ပြန်တတ်လာသည့် အချိန်မှာတော့ မွေးနေ့ရှင်သူငယ်ချင်းသည် ကျွန်မကို ကျေးဇူးတင်ကြောင်း တဖွဖွ ပြောလေတော့၏။

"ကျေးဇူးပါပဲ သူငယ်ချင်းရာ ငါတို့ ဒီနေ့ သေရတော့မယ့် ငါးလေးတွေကို ကယ်လိုက်နိုင်တယ်ကွ။ နင့် အကြံ သိပ်ကောင်းတာပဲ ။ ငါ့မွေးနေ့အတွက် နင့်အကြံဥာဏ်က အဖိုးမဖြတ်နိုင်တဲ့ မွေးနေ့ လက်ဆောင်ပါပဲကွာ။ "
"အေးဟာ... ငါ့ခြေထောက်ပေါ် ငါးလေးကျလာလို့ ရုတ်တရက် အကြံရသွားတာဟ။"

သူငယ်ချင်း၏ မွေးနေ့လေးကို အကောင်းဆုံး အကြံပေးနိုင်သဖြင့် ကျွန်မ ကျေနပ်ပျော်ရွှင် မိပါသည်။ ချောင်းလေးကို ဖြတ်တိုက်ပြီး ရိုက်ခတ်လာသည့် လေညင်းတစ်ချို့ကို အားပါးတရ ရှူရှိက်ရင်း စိတ်တို့က လတ်ဆတ်နေတော့သည် ။ မွေးနေ့ရှင်လေး၏ စိတ်ထဲမှာတော့ ဘယ်လောက်ထိ ကြည်နူးနေမလဲ ဆိုတာ သူမ မျက်နှာပေါ်က အပြုံးရိပ်များက ဖော်ပြနေပါသည် ။

အပေါ်စီးမှ မြင်နေရသည့် ချောင်းလေးကို ခေါင်းတစ်ချက်လှည့်ကာ ပြန်ကြည့်လိုက်မိသည်။ ထိုအခါ မြင်ကွင်း၏ ညာဘက်အခြမ်းရှိ ချောင်းစပ်နားက သစ်ပင်ရိပ်အောက်တွင် ငါးမျှားတံ တစ်ချောင်းနှင့် ငါးမျှားနေသူ တစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရသည်။ တဒင်္ဂအတွင်း ကျွန်မစိတ်တို့ လှုပ်ရှားသွား၏။ ငါးမျှားနေသူ၊။ ပြီးတော့ ကျွန်မတို့ လွှတ်လိုက်သည့်ငါးလေးများ။ ယခုလေးတင် ရရှိနေသည့် ကြည်နူးပီတိဖြစ်မှု။ စိတ်တွေက စာရွက်တွေကို တဖျတ်ဖျတ်လှန်သလို တခုပြီးတခုတွေးမိသွားသည်။

ထို့နောက် ကျွန်မ ဘက်ကိုလှည့်ပြီး စကားပြောနေသည့် သူငယ်ချင်း၏ ပုခုံးကို ဆွဲဖက်ကာ ထိုနေရာမှ မသိမသာ ဆွဲခေါ်လာခဲ့လိုက်သည်။ သူမကို ထိုမြင်ကွင်းမျိုး မမြင်တွေ့စေချင်ပါ။ ယခုအချိန်တွင် သူမစိတ်ထဲ၌ ဖြစ်ပေါ်နေမည့် ဝမ်းသာကြည်နူးစိတ်တို့ ပျက်ပြယ်သွားကာ စိတ်မကောင်းဖြစ်သွားနိင်တာကို မလိုလားပါ။ ကျွန်မတို့ အိမ်ပြန်လမ်းတစ်လျှောက် ငါးလွှတ်တုန်းက အဖြစ်အပျက်များကို ပြန်ပြောကာ ဝမ်းသာကြည်နူးနေမိပေမယ့် ကျွန်မကတော့ မြင်ခဲ့ရသည့် မြင်ကွင်းလေးကို သူငယ်ချင်းဖြစ်သူကို ဘယ်တော့မှ ပြန်မပြောဖို့ ဆုံးဖြတ်ထားလိုက်သည်။

အဝေးပြေးလမ်းပေါ်မှာ ပြေးလွှားလျက်ရှိသည့် ကားပြတင်းမှတဆင့် အပြင်ကိုငေးရင်း ကျွန်မ၏ အတွေးတို့ အလိုလိုစီးဆင်းနေသည်။ ကျွန်မအာရုံထဲတွင် သေဘေးကြောင့်ခုန်ပျံနေသည့်ငါးများ။ စမ်းချောင်းထဲတွင် ကူးခတ်သွားသည့် ငါးကလေးများ။ ခေါင်းငုံ့သွားသော ငါးသည်အမကြီး။ ထို့နောက် ငါးမျှားနေသူ။ ထိုအရာများကို တလှည့်စီ မြင်ယောင်နေမိသည်။

ကျွန်မသက်ပြင်းတစ်ချက် ချ လိုက်မိ၏။

တကယ်တော့ သတ္တဝါတိုင်းက ရှင်သန်ဖို့အတွက် ရုန်းကန်နေရသူများ မဟုတ်ပါလား။ စက်ဝိုင်းဆန်သော သံသရာထဲတွင် အားလုံးသော သတ္တဝါတို့၏ ဘဝအခြေအနေမှာ အတူတူပဲဖြစ်ကြမည်ထင်ပါသည် ။

ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

Comments

သစ်သစ် said…
မွန်ရေ..... ဒီစက်ဝိုင်းထဲမှာ သစ်တို့တွေလည်း လည်ပတ်နေဦးမှာပဲလေ...
PhyoPhyo said…
ဟုတ်တယ်နော် .. အားလုံးက ရှင်သန်ဖို့ကြိုးစာနေကြသူတွေချည်းပဲ၊
ငါးမျှားတဲ့သူကို မကြိုက်ဘူး၊
ငါးသည်တွေကိုလည်း ကြောက်တယ်၊
ငါးဟင်းတော့ ကြိုက်ပြန်ရော ...
အတွေးလေးပါတဲ့ချစ်စရာဝတ္ထုတိုလေးပါ၊
ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမမြတ်မွန်ရေ
ချစ်တဲ့
တကယ် ဖတ်လို့ ကောင်းပါတယ်
လွှတ်ဖို့သွားဝယ်တုန်း ငါးရောင်းတဲ့ အစ်မကြီး ပြောပြောဆိုဆိုနဲ့ တကယ်များကိုင်လိုက်တော့မလားလို့ စိုးရိမ် သွားသေးတယ် :D

မိုးခါး တို့ အဒေါ်ဆိုလည်း ငါးလွှတ်ဖို့သွားရင် ဈေးထဲက သတ်ခံရခါနီး ငါးလေးတွေပဲ သွားသွားဝယ်လေ့ရှိတယ်
တချို့လည်း မူးနေကြပြီလေ
တကယ်တော့ ၀ဋ်ကြွေးတွေပဲနော်
ကြောက်ဖို့ ကောင်းတယ် ..
rose of sharon said…
ငါးမျှားနေသူက ခုနကတင် ရောင်းလိုက်တဲ့ ငါးသည်များဖြစ်နေမလား...
ကောင်းလိုက်တာ
တကယ့်အဖြစ်လား စိတ်ကူးပြီးရေးတာလားတော့ မသိဘူး
ဘာဘဲဖြစ်ဖြစ် ဖတ်ရသူရင်ထဲမှာ တစ်ခုခုတော့ ခံစားသွားရစေတယ်.. ဈေးထဲက သေရခါနီး ငါးတွေကို လွှတ်ဖို့စိတ်ကူးလေးက သိပ်ကို လေးစားဖို့ကောင်းတယ်
လူတိုင်း မရတတ်တဲ့ အိုင်ဒီယာလေးဘဲ..
ဒီမှာလည်း ဈေးထဲမှာ ငါးဝယ်ရင် အသေမရှိဘူး အရှင်တွေဘဲ ရှိတယ်.. အရှင်ကို ကိုယ့်မျက်စိရှေ့မှာ ထုသတ် ခုတ်ထစ်တာကိုကြည့်ရတာ စိတ်ဆင်းရဲမိတယ်..
ရင်ထဲကို စွဲသွားတဲ့ရသလေးကျန်အောင် ရေးထားတဲ့ ၀တ္ထုလေးအတွက် ချီးကျူးပါတယ် ညီမလေးရေ..
နောက်ထပ် ဒီလို အတွေးလေးတွေနဲ့ စာကောင်းလေးတွေ အများကြီး ဖန်တီးနိုင်ပါစေနော်..
ပျော်ရွှင်ပါစေ


မချော
ကောင်းလိုက်တာ . .

ဒါကို ဖတ်နေရင်းနဲ့ လှည့်ကွက်လေး တစ်ခုကို သွားပြီးတော့ သတိရသွားတယ်။ အဆက် အနေနဲ့ ရေးမယ်နော် အဟဲ။
ပြီးရင်တော့ inspiration ဆိုပြီး ဒီလင့်ကို ပေးထားမယ်။
blackcoffee said…
သူငယ်ချင်းတို့ အလှူအတွက် သာဓုခေါ်လိုက်ပါတယ်...
လောကမှာ မလုပ်ချင်ဘဲ လုပ်နေရတဲ့ လူတွေ အများကြီး ရှိပါတယ်။ ကိုယ်ဝါသနာပါတာ တခြား လုပ်နေရတာ တခြားပေါ့။ ဒါပေမယ့် ဘယ်လူတစ်ယောက်ရဲ့ ငယ်အိပ်မက်ကတော့ သူများအသက်ကို သတ်ပြီးမှ စီးပွားရှာမယ်ဆိုတဲ့ စိတ်ကူးမဟုတ်လောက်ပါဘူး။ သူငယ်ချင်းတို့ စိတ်ကူးလေးကောင်းတယ်။ မွန်ရေးတဲ့ ပိုစ့်အားလုံးလိုလို ဖတ်လို့ ကောင်းပါတယ်လေ။
ဟန်နာ said…
ဟန်နာလည်း ငါးလွှတ်ချင်လိုက်တာ.. ခတ်တာ က ဒီမှာ ဘယ်နား သွားလွှတ်ရမလဲမသိဘူး.. :D
ahphyulay said…
အင်း...
သံသယာမှာတော့  အားလုံးက အတူတူပါပဲတဲ့ ။
အခု မွေးနေ့ မှာ အသက်ကို ကယ်လိုက်တယ်ဆိုတာ
သွေးလိုလို့  သေတော့ မဲ့ လူနာကို သွေးလှုလိုက်
သလိုပါပဲ။ လှုချင်တိုင်းလဲလှုလို့ မရဘူးလေ၊
လှုခွင့် ရှိမှ လှုရတာပါတဲ့ ။ အခုလိုရည်ရွယ်ချက်နဲ့ 
လုပ်ခဲ့ တဲ့ ကုသိုလ်ကြောင့်  အရင်ဆုံးခံစားလိုက်ရတဲ့ 
ပီတိလေးတွေထက်အဆပေါင်းသာတဲ့ ကြည်နူးပီတိ
လေးတွေ အမြဲတန်းအကျိုးပေးသွားတော့ မှာပါ။
စာလေးက တငြိမ့်ငြိမ့်နဲ့ အတွေးတခုစီကို မသိမသာ ခေါ်ဆောင်သွားတယ်။ ပြောချင်တာလေးတွေကို အလိုက်သင့်ပြောင်း သွားတာ စာဖတ်ရင်းနဲ့ သတိမထား မိစေဘူး။
ဖတ်လို့ကောင်းတယ်။
မွေးနေ့အတွက်လွှတ်မယ်ဆိုလို့ ငါးသည်အမျိုးသမီး ခေါင်းငုံ့သွားတယ် ဆိုတဲ့ နေရာလေး ဖတ်ရတာ တမျိုးလေးဖြစ်မိတယ်။
ကြည်နူးသလိုလို သနားသလိုလိုနဲ့...။
မနေ့ကတည်းကရောက်ပါတယ်ဗျာ။
ဖတ်ချိန်မရခဲ့လို့ ခုပြန်လာဖတ်တယ်။
အရေးအသားကောင်းသလို ဖတ်လို့လည်းကောင်းတယ်။
ဇာတ်လမ်းလေးထဲကနေ ဘဝသင်ခန်းစားတွေယူလိုက်ရပါတယ်။

ခင်မင်လေးစားလျက် ...
စံလင်းထွန်း
ညီမမြတ်မွန်
ညီမနဲ့ သူငယ်ချင်းတို့ ပြုလုပ်တဲ့ မွေးနေ့ အလငကို သာဓု
ခေါ်ပါတယ်..
စာရေးသားတင်ပြပုံလေးက...
”ရှင်သန်ခြင်းစက်ဝိုင်း”ဆိုတာလေးနဲ့ ကိုက်ပါတယ်..။
အကောင်းဆုံးလို့ အကို မြင်တာက....

“ကျွန်မသူငယ်ချင်းစကားကြားတော့ ငါးသည်အမကြီး ခေါင်းတချက်ငုံ့သွားသည်။ ထို့နောက်ချက်ချင်းပြန်မော့လာကာ ကျွန်မတို့ကို နှစ်နှစ်ကာကာပြုံးပြသည်။
“ ကောင်းတယ်ညီမလေးတို့... ဘာနဲ့ထည့်သွားမလဲ”
“ အိတ်နဲ့ပဲ ထည့်ပေး”
“အိတ်နဲ့ဆိုရင် မဖြစ်ဘူးထင်တယ်။ တော်ကြာလမ်းမှာ အိတ်ပေါက်ပြီး ရေတွေထွက်ကုန်ရင် ငါးတွေသေကုန်မယ်လေ နေအုံး..နေအုံး... အမဆိုင်က ရေပုံးထည့်ပေးလိုက်မယ်”
........
ပါးပါးလေးနော်...
ဘ၀ကို
ဝမ်းစာအတွက်ရုန်းကန်သတ်ဖြတ်ရောင်းချနေရတဲ့ 
ငါးသယ်ရဲ့ ရင်...ပါးပါးလေးကို ညီမမြင်နိုင်ခဲ့ တယ်..
ပြီးတော့ ဖော်ကျူးနိုင်တယ်..။
အဲဒါ အကို အကြိုက်ဆုံး ရေးသားကွက်ဘဲ...။
အဲဒီပါးပါးလေးကို မြင်တတ်ပြီး
ရေးတတ်မှတော့..
အင်း...လူသားဆန်တဲ့ ညီမတစ်ယောက် ရလိုက်တယ်လို့ ဘဲ....ရင်ထဲမှာ.. ။
noblemoe said…
မွန်ရေးးးခုမှဖတ်မိတယ်
ပိုစ့်လေးဖတ်လို့ကောင်းလိုက်တာ။
ဘဝတွေ ဘဝတွေ

သာယာချမ်းမြေ့ပါစေရှင်း
မိုး
sosegado said…
ငါးဟင်းချက်နေတဲ့သူတွေ ငါးဟင်း ငါးကြော်တွေ စားနေတဲ့သူတွေလည်း ထည့်သတိရလိုက်ဦး
ဒီလိုလည်ပတ်နေရတာ လည်ပတ်ခြင်းမှ မလွတ်သရွေ့ပေါ့။
kiki said…
စာရေးကောင်းတဲ့ မွန် ရေ ။
မွန့် ရဲ့ စာ လေးဖတ်နေရင်း နဲ့ “ငါးကလေးရေကူး မသေဘူး” ဆိုတဲ့ ငယ်ငယ်က ဖတ်မိတဲ့ ကာတွန်းထဲက သီချင်းဆန်ဆန် ကဗျာ လေးကို သွားသတိရ မိတယ်။

ရေ ကူး နေရတဲ့ငါး ဆိုတာလည်း မြစ်တွေ ချောင်းတွေမှာ လွတ်လွတ်လပ်လပ်ကူးနေတဲ့ ငါးမျိုးမှ အသက်ဘေးကင်းရှင်းတာ ။ ဖမ်းချုပ်ပိတ်လှောင်ခံထားရတဲ့ ငါး( သတ္တဝါ) တွေ ခမျာတော့ သေမဲ့အချိန်ကို စောင့်နေရတာ ပဲလေ ။သတ္တဝါတခု ကံတခု လို့ ပဲ မှတ်ရတော့မယ်။

ရောင်းဖို့ ဖမ်းတဲ့ ငါး ထဲ မှာ မှ ကံကောင်းလို့ လွှတ်ဖို့ အဝယ်ခံ လိုက်ရတဲ့ ငါး လို ဘဝမျိုးနဲ့ ငါးတွေ များများ ရှိနေပါစေ။

ခင်တဲ့ မကိ
မွန်ရေ.....အရမ်းကောင်းတဲ့ စိတ်ကူးအရေးအသား လေးကိုနောက်ကျမှ လာဖတ်မိတဲ့ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မိတယ်....ချီးကြူးပါတယ် :)

ခင်တဲ့(ဖိုးကြယ်)
Anonymous said…
ဖတ်သူရင်ကိုအေးချမ်းစေတဲ့ အတွေးရစေတဲ့ စာကောင်းလေးဖတ်ခွင့်ရတာ ကောင်းလိုက်တာ။
ဒီလိုစာမျိုးတွေများများရေးပါနော်။။

ခင်မင်တဲ့
မိုးမိုး
flowerpoem said…
အဲဒီစက်ဝိုင်းထဲမှာ. . ကိုယ်ကိုယ်တိုင်လည်းပါတာပဲ. .
Crystal said…
ညီမလေးရေးတဲ့ တန်ဖိုးရှိတဲ့ စာစုတွေကို အချိန်ပေးပြီးဖတ်အုံးမှ... :)
ရေးထားတာလေး ကောင်းတယ်မွန် ...

ငါးသည်အစ်မကြီး ခေါင်းငုံ့သွားပြီး ချက်ချင်းပြန်ထကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြတယ်ဆိုတဲ့ နေရာလေးဖတ်ပြီး တမျိုးဖြစ်သွားတယ် ...

ဘ၀သံသရာကြီးကိုက ဒီအတိုင်းပဲလားဗျာ ... ဖတ်ပြီး အတွေးတော်တော်ပွားသွားရတယ် ....
မွန်ရေ....ဖတ်ရတာ ကောင်းလိုက်တာ...ကြည်နူးမှုလေးပါ ရင်ကိုကူးစက်စေတဲ့အပြင် သံသရာစက်ဝိုင်းကြီးအကြောင်းကိုပါ ဆင်ခြင်မိစေတယ်...။

ချစ်တဲ့
ဂျင်း
ကြည်နူးမှုလေး ခံစားမိပါတယ်။ ရင်ကို ထိရှသွားစေတဲ့ ပို့စ်လေးပါ။

ခင်မင်လေးစားလျက်
Unknown said…
စာရေးကောင်းလိုက်တာနော်....အားပေးဖတ်ရှုခဲ့ပါတယ်။ မဆုံးသောစက်ဝိုင်းပါပဲ။

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

ဘယ်တော့မှ မမေ့ပါဘူး