မာနပီတိ



သုံနှစ်သုံးမိုး မကအောင် လွမ်းဆွတ်နေရသည့် အမိမြန်မာပြည်ကို ပြန်ရတော့မည် ဆိုသည့်အသိလေးနှင့်ပင် မပြန်ခင်ကတည်းက ရင်ခုန် စိတ်လှုပ်ရှား နေခဲ့၏။ မတွေ့ရတာ ကြာနေပြီ ဖြစ်သည့် ဖေဖေ မေမေနှင့် မောင်လေး၂ယောက်ကို တွေ့ရတော့မည်။ မပြန်ခင် တစ်ပါတ်လောက်အလိုကတည်း မေမေမှာသည့် ပစ္စည်းလေးတွေရယ်၊ မောင်လေးနှစ်ယောက် ပူဆာတဲ့ ပစ္စည်းလေးတွေကို လိုက်ရှာဖွေဝယ်ရင်း ပျော်ရွှင်ကြည်နူး နေမိပါသည်။ ဖေဖေကြိုက်တတ်သည့် ပစ္စည်းလေးတွေကိုတော့ မေမေဆီက တစ်ဆင့် မေးပြီး လိုက်လံ ရှာဖွေ ဝယ်ခဲ့သည်။ ဖေဖေနှင့် ကျွန်မကတော့ စကားမပြောဖြစ်ကြတာ တော်တော်ကြာနေပြီ။ ဖေဖေကို စကားတွေ တစ်ဝကြီး ပြောချင်နေမိသည်။ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ဖေဖေနှင့် ပြောခွင့် မရခဲ့ပေ။ ကျဆင်းသွားသည့် စီးပွားရေးကြောင့် ကျွန်မရဲ့ ထောက်ပံ့ပေးမှုကို မယူချင်ဘဲ ယူနေရသည့် အတွက် ဖေဖေ မာနဖြင့် စကားတွေ ဖောင်ဖွဲ့ မပြောခဲ့မှန်း ခန့်မှန်းလို့ရခဲ့သည်။ ဖေဖေထံတွင် ယနေ့အထိ လွှင့်ထူထားသည်မှာ သူ့ရဲ့ မာန တရားဖြစ်မည်လို့ ထင်မိသည်။


ပြန်လာခါနီး မေမေနှင့်ဖုန်းပြောတော့

“သမီးဖေဖေက သမီးကို သိပ်တွေ့ချင်နေရှာတာပါ၊ သူ့ကို စိတ်မကွက်နဲ့နော်သမီး တကယ်တော့ ညည်းအဖေက နှလုံးသားကို မာနနဲ့ ဖုံးထားတာလေ။ သမီးပြန်လာမယ်လို့ ပြောတဲ့နေ့ကများ သူ့မှာ တပြုံးပြုံးနဲ့ ”
ထိုစကားကြားတော့ ကျွန်မ ကြည်နူးရသည်။ တစ်ရက် နှစ်ရက်ကိုပင် မစောင့်နိင်လောက်အောင် ပြန်ချင်နေပြီ။

“သမီးလည်း ဖေဖေနဲ့ တွေ့ချင်ပါတယ် မေမေရယ် ဒါပေမယ့် ဖေဖေက သိပ်မာန ကြီးတာပဲ”

မေမေကို ပြောရင်း စိတ်ထဲမှာလည်း တွေးမိသည်။ ဖေဖေမာနတွေ ဘယ်တော့များမှ လျှော့မှာလည်း ငါ အသက်ရှင် လုပ်ကိုင်နိုင်သေး သ၍ ဘယ်သူ့ကိုမှ အားမကိုးဘူးကွ သားသမီးလုပ်စာကို မျှော်ကိုးမဲ့ အဖေ မျိုးမဟုတ်ဘူး လို့ ဟစ်ကြွေးတတ်ခြင်းသည် သားသမီးနှင့် မိဘကြား မထားသင့်တဲ့ မာနလို့ ကျွန်မ မြင်မိသည် ။ ဖေဖေအကြောင်း တွေးမိတိုင်း ကျွန်မ မကြာခဏ ဆိုသလို သက်ပြင်း အကြိမ်ကြိမ်ချမိပါသည်။

ဆယ်တန်းနှစ်က စပြီး ဖေဖေ့ရဲ့ စီးပွါးရေးတွေ အဆင်မပြေ ဖြစ်ခဲ့သည်။ အကြီးဆုံးဖြစ်သည့် ကျွန်မ တစ်ဘက်တစ်လှမ်းက ဖေဖေ့ကို ကူညီချင်ခဲ့သည်။ ဆယ်တန်းအောင်ရင် ကြိုက်တာလုပ်နိုင်တယ် ဆိုတဲ့ ဖေဖေရဲ့ စကားတစ်ခွန်းကို အသုံးချပြီး ကျွန်မ လုပ်ချင်တာကို အစီအစဉ် တကျလုပ်ခဲ့သည်။ ညအိပ်ညနေ ဘယ်အခါမှ မခွဲခဲ့ဘူးတဲ့ ဖေဖေသည် ကျွန်မရဲ့ နိုင်ငံခြားထွက်ရတော့မယ် ဖေဖေလို့ ပြောတဲ့နေ့က ဖေဖေရဲ့ အံအားသင့် သွားတဲ့ မျက်နှာကို ကျွန်မ ယနေ့ထိ အမှတ်ရနေဆဲပင်။ အိမ်ရဲ့စီးပွားရေးအခြေအနေနှင့် ပြန်ပြင်လို့ မရတော့သည့် အစီအစဉ်တွေကြောင့် ဖေဖေ လက်ခံလိုက်ရပေမယ့် “အေးလေ ငါစီးပွားကျနေတော့ နင်လည်း အလွတ်ရုန်းချင်ပြီပေါ့ သွားပါ ပျော်သလိုနေပါ” ဖေဖေရဲ့ ခနဲ့ စကားကို ကြားပြီး မျက်ရည် တောက်တောက် ကျခဲ့ရသည်။ သမီးအကြီးဆုံး ဖြစ်တဲ့ ကျွန်မ အိမ်အတွက် ကူညီချင်စိတ် တခုမှ လွဲ၍ တခြား အရာများ မရှိကြောင်းကို အလုပ်နှင့် သက်သေပြဖို့သာ ဆုံးဖြတ်ခဲ့သည်။

ထိုညက ညစာ ထမင်းဝိုင်းသည် ခြောက်သွေ့စွာ မေမေနှင့် ကျွန်မတို့ မောင်နှမ သုံးယောက်သာ တိတ်တဆိတ် ပြီးဆုံးသွားခဲ့သည်။ တစ်ညလုံး ဝရန်တာလေးမှာ ထိုင်ပြီး အဝေး တစ်နေရာကို ငေးနေသည့် ဖေဖေကို ကျွန်မ အကွယ်လေးကနေ ချောင်းကြည့်ကာ မျက်ရည်ကျခဲ့ရသည်။ မေမေသည် မီးဖိုချောင်လေးထဲမှာ အလုပ်မရှိ အလုပ်ရှာကာ တကုတ်ကုတ်လုပ်နေရင်း ကျိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ကျောပြင်လေးကို ကြည့်ရင်း ကျွန်မ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ဘယ်အချိန် ပြန်တွေးတွေး ထိုမြင်ကွင်းလေးများသည် ကျွန်မရင်ကို ယနေ့တိုင် နှင့်သီးစွာ ခံစားနေရဆဲပင်။


###



ညလေယာဉ်နှင့်မို့ အေးအေးချမ်းချမ်း ရှိလှသည်။ လေးနာရီကြာ စီးရတဲ့ ခရီးလမ်းတစ်လျှောက် ဖေဖေနှင့်တွေ့ရင် ပြောရမည့် စကားတွေကို ကြိုတင် စဉ်စားထားရသည်။ ဖေဖေ ကိုတွေ့တွေ့ခြင်း ဖေဖေရေ မတွေ့တာကြာပြီ ဖေဖေဆိုပြီး ရင်ခွင်ထဲ တိုးဝင်ကာ ချွဲမည်။ မျက်နှာထား တည်တည် နှင့် ဖြစ်နေမည့် ဖေဖေကို လက်ဆောင်လေးတွေ ပြပြီး စိတ်ပြေအောင် ချော့ရမည် ထင်သည်။ သူသိပ်ကြိုက်တဲ့ ဦးထုပ်လေးကိုတော့ နောက်ဆုံးမှ ထုတ်ပေးမည်။ ဦးထုပ် မပါဘူး ထင်ပြီး မျက်နှာထား မလျော့နိင်သေးသော မာနမင်းသာဖေဖေ့ကို ဦးထုပ်တွေနှင့် နောက်ဆုံး ပွဲသိမ်း အနိင်ယူရမည်။ ထိုအခါ တစစပြုံးလာသော ဖေဖေ့ကို ကြည့်ပြီး ကျွန်မတို့ တစ်မိသားစုလုံး ဝိုင်းရယ်ကြမည်။ စိတ်ကူးထဲမှာ ဖေဖေနှင့်တွေ့ရမည့် မြင်ကွင်းလေးကို ကြိုတင်မြင်ယောင်ရင်း ကျွန်မ ပျော်နေမိပါသည်။

လေယာဉ်ဆိုက်မည့် အချိန်က ညဉ့်နက်လှသည်။ ကျွန်မကို ကြီးတော်ကြီးက လာကြိုမည်တဲ့။ ကြီးတော်ကြီးသည် ကျွန်မ ဆယ်တန်းနှစ်တုန်းက ကျောင်းစရိတ် ထောက်ပံပေးသည့် ကျေးဇူးရှင် ဖြစ်သည်။ သူမတွင် သားနှစ်ယောက်သာ ရှိသဖြင့် သမီးရူး ရူးနေတဲ့ ကြီးတော်ကြီးက ကျွန်မ ကိုသမီးလေးတစ်ယောက်လို ချစ်ရှာသည်။ ငယ်ငယ်ကတည်းက ကျွန်မကို ကျွေးမွေး စောင့်လျှောက်လာခဲ့သည့် ကျေးဇူးရှင် ကျွေးမေမေဆိုလည်း ဟုတ်သည် သမီးလေး ပြန်လာရင် ကြီးကြီးမေ လာကြိုမယ်နော်လို့ ဖုန်းပြောတိုင်း တတွတ်တွတ် ပြောရှာသည်။ ပြန်လာမည့် နေ့တွင် လာကြိုဖို့ကိစ္စကို ဖေဖေနှင့် ကြီးကြီးမေမေ စကားများ ကြသည်လို့ မေမေက ပြောတော့ကျွန်မ တစ်ဟားဟား ရယ်မောမိသေးသည်။

“လူတွေအများကြီး လာကြိုပြီး ဘာလုပ်မှာလဲ မေမေရယ်၊ လူတွေနဲ့ အထုပ်တွေနဲ့ ကားလဲဆန့်မှာ မဟုတ်ဘူး။ အိမ်ရောက်ရင် တွေ့ရမှာပဲ ဖေဖေကို လာမကြိုနဲ့လို့ သမီး ကြီးကြီးမေတို့ ကားနဲ့ပဲ ပြန်လာခဲ့မယ်”

ပြောလိုက်ရပေမယ့် ဖေဖေများ အထင်လွဲ သွားမလားလို့ တွေးကြောက်မိသေးသည်။ ငါက ခုအချိန်မှာ နင်တို့ လိုချင်တာကို လုပ်မပေးနိုင်လို့ အထင်မကြီးတာလား။ အေးပေါ့ ငါမရှာနိုင်တော့ အားလုံးက ကလန်ကဆန် လုပ်လာကြပြီ။ ငါ့နားမှာ ဘယ်သူမှ မရှိလဲ ရတယ်။ နင်တို့ အထင်ကြီးတဲ့ လူတွေဆီသွားကြလို့များ သုံးနေကြ စကားတွေနဲ့ ပစ်ပေါက်အုံးမလား။ ဖေဖေ့ စိတ်ကို နားလည်သည့် ကျွန်မတို့ သားအမိတွေကတော့ အားငယ်စိတ်နှင့် မာန ရောကာ ထွက်ပေါ်လာသော စကားတွေမှန်း နားလည်ထားသဖြင့် ဖေဖေ ဘာပြောပြော ခွင့်လွတ်ထားသည်။

မြန်မာပြည်ကို ရောက်တော့ ည ၁နာရီ ခွဲလောက် ရှိနေပြီ။ လေဆိပ်ထဲကိုရောက်တော့ လူတွေ ကြားထဲက လက်ဝှေ့ ရမ်းကာ နှုတ်ဆက်နေသည့် ကြီးကြီးမေကို တွေ့လိုက်ရသည်။ အနည်းငယ် ဝလာတာက လွဲလို့ သိပ်ထူးထူး ခြားခြား မရှိသည့် ကြီးကြီးမေမေကို ဖက်နမ်းကာ နှုတ်ဆက်လိုက်၏။
“အမလေး သမီးရယ် ခုမှပဲ မြင်ရတော့တယ်။ လွမ်းလိုက်တာကွယ်။ သမီးလေး အိမ်တစ်ခါတည်း လိုက်ခဲ့ မနက်မှ ပြန် ကြီးကြီးမေ ကိုယ်တိုင်လိုက်ပို့မယ်”

ကြီးကြီးမေက ကျွန်မကို သူမ အိမ်ကို လိုက်ဖို့ စည်းရုံးသည်။ ကျွန်မ အိမ်ပြန်မှ ဖြစ်မည်။ ဖေဖေက ကျွန်မကို တစ်ညလုံး ထိုင်စောင့်နေမှာ သေခြာသည်။ အိမ်ကို တန်းတန်းမတ်မတ် မပြန်ရင် ဖေဖေက အထင်လွဲ အုံးမည်။ လာကြိုဖို့ စီစဉ်တုန်းကတောင် နင့်ကြီးကြီးမေက ကားရှိပြီး ငါတို့က ကားမရှိလို့ လာမကြိုစေချင်တာလား taxiနဲ့လည်း လာကြိုလို့ ရပါတယ်ကွဟု မေမေမှ တဆင့် ပြောခိုင်းသေးသည်။ ဖေဖေ ကျွန်မကို သိပ်တွေ့ ချင်နေရှာလို့ ပြောသည့် စကားလို့ ကျွန်မ နားလည်ပါသည်။ ဖေဖေသည် ဘယ်တော့မှ ရင်ထဲက ခံစားချက်အမှန်ကို ပြလေ့ ပြထ မရှိသည့် လူတစ်ယောက် ဖြစ်သည်။ သူ့ရဲ့ အချစ်ဆုံး သမီးကို သိပ်တွေ့ချင်နေပေမယ့် ဖေဖေသည် ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ထဲမှာပဲ ကျိတ်ပြီး မျှော်နေလောက်မည်။ အားလုံး ပျော်နေချိန်မှာ ဖေဖေ့မျက်နှာသည် အေးစက် တည်ငြိမ်စွာ ရှိနေမည်။

ရန်ကုန် မြို့ကြီး၏ ည၂နာရီအချိန်က လမ်းမီးများ ကွက်တိကွက်ကြားနှင့် လမ်းပေါ်မှာ လမ်းသွားလမ်းလားများ မရှိသလောက် တစ်စီးစ နှစ်စီးစ ဖြတ်သန်းသွားတဲ့ ကားများပင် ခပ်ရှားရှား။ အကိုမောင်းသည့် ကားကို ကျွန်မတို့ တူကြီး နှစ်ယောက် အလွမ်းသယ်ကာ တွတ်ထိုးရင်း လိုက်ပါသွားကြသည်။

“သားရေ အိမ်ကိုပဲ မောင်းလိုက် သမီးလေးကို အိမ်ကို ခေါ်သွားမယ်။ သမီး မနက်မှ ပြန်နော်။ မနက်စောစော ကြီးကြီးမေ လိုက်ပို့မယ်။”
“ မဖြစ်ဘူးထင်တယ်။ တော်ကြာဖေဖေက..”
“သမီးဖေဖေကို ကြီးကြီးမေမေ အိမ်ပြန်ရောက်ရင် ဖုန်းနဲ့ ရှင်းပြလိုက်မယ် ဟုတ်ပြီလား”
“ကြီးကြီးမေ သမီးကြောက်တယ် ဖေဖေ သမီးကို ဆူလိမ့်မယ်”
“မှောင်နေပြီ သမီးရဲ့ သူတို့အိပ်နေလောက်ပြီပေါ့ သမီးရယ်...။ တစ်ညထဲနဲ့လည်း မထူးသွားပါဘူး သမီးရယ် ”

နောက်ဆုံးတော့ ကျွန်မ အရှုံးပေးလိုက်ရသည်။ ကျေးဇူးရှင် ကြီးကြီးမေကို ကျွန်မ မငြင်းသာတော့။ စိတ်ထဲမှာတော့ ဖေဖေတို့များစောင့်နေမလား။ အိပ်နေပြီလား။ ကျွန်မ စိတ်ထဲမှာ စိုးရိမ်ပူပန်နေမိသည်။ ဒီလောက် ညဉ့်နက်နေရင်တော့ ဖေဖေ အိပ်နေလောက်ပြီ ထင်ပါတယ်လို့ ကျွန်မ စိတ်ကို ဖြေလိုက်ပေမယ့် ကျွန်မ စိတ်တို့က နောက်ဆံတင်းနေသည်။

ကြီးကြီးမေတို့ အိမ်ကိုရောက်တာနှင့် ကျွန်မအိမ်ကို ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်သံ တစ်ချက် မြည်သည်နှင့် မေမေ လာကိုင်သည်။

“မေမေ သမီးပြန်ရောက်ပြီ ။ ခုကြီးကြီးမေတို့အိမ်မှာ။ ကြီးကြီးမေက အရမ်းမှောင်နေပြီ မနက်မှ လိုက်ပို့မယ်တဲ့။ မနက် သမီးစောစောလာခဲ့မယ်နော်။”
“သမီးရယ် ညည်းဖေဖေက သမီးကို စောင့်နေတယ်။ မေမေ ဘယ်လိုပြောရမလဲ။ ဒုက္ခပါပဲ။”
“ဘယ်သူလဲ။ သမီးလား။ ခုဘယ်မှာတဲ့လဲ။”

အနောက်ကနေ ဖေဖေ မေးနေသံကို ကြားလိုက်ရသည်။ ကျွန်မ ရင်တွေ တဒိန်းဒိန်း ခုန်လာသည်။ ဖေဖေ စောင့်နေသေးသည်။

“မေမေရေ မေမေကြည့်ပြောလိုက်နော်။”

ကျွန်မ ဖုန်းခွက်ကို မြန်မြန် ချလိုက်သည်။ ဖေဖေကို နားလည်အောင် မေမေ ရှင်းပြပါလိမ့်မည်။ ဖေဖေနှင့် ကျွန်မ စကားများတိုင်း မေမေက ကြားထဲက ရှင်းပြရသည်။ ဖေဖေသည် မည့်သည့် ကိစ္စကိုမဆို ပြောရင် ပြောထားသည့် အတိုင်း လုပ်မှ ကြိုက်သလို သူကိုယ်တိုင်လည်း တိတိကျကျ သမားဖြစ်၏။ တစ်ခုခုများ လွဲချော်မိသော် စကားလုံး လှလှလေးတွေနှင့် ရင်ထဲထိ ရောက်အောင် နောင်မဖြစ်ဖို့ နာကျင်အောင် ပြောတတ်သည်။

“ပြောလိုက်ပြီလား သမီး။ အခု စိတ်အေးသွားပြီ မဟုတ်လား။”
“ကြီးကြီးမေ သမီး ပြန်မှဖြစ်လိမ့်မယ်။ ဖေဖေ သမီးကို စောင့်နေတယ်။ သမီးကြောက်တယ် ကြီးကြီးမေရယ်”
ထိုအချိန်မှာပဲ ဖုန်းသံ တစ်ချက် မြည်လာသည်။
“ မြတ် မွန် ”
ဖေဖေရဲ့ အသံတိုက်ရိုက်ကြားရချိန်သည် ဒီလို ဒေါသသံ မျိုး မဖြစ်ချင်ဆုံးပါပဲ။ ဖေဖေနှင့် ကျွန်မ ပြန်တွေ့ချိန် ဒေါသသံတွေ ပါလိမ့်မည်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ပေ။ ဖေဖေက ကျွန်မကို စိတ်ဆိုး၊ဒေါသထွက်ရင် မြတ်မွန်လို့ အပြည့်စုံ ခေါ်လေ့ရှိ၏။

“ ဖေဖေ.. သမီး....”
“နင်ဘာသဘောလဲ ။ ငါနင့်ကို ဘယ်လောက် အလေးထားလည်း နင်နားမလည်ဘူးလား ။ အေး ငါ့မှာ ဒီလို သမီးမျိုး မရှိဘူး။ နင်နားလည်လား။”
“မဟုတ်ဘူး ဖေဖေ။ ကြီးကြီးမေက မှောင်နေပြီ ဆိုလို့ သမီးလည်း..”
”တော်စမ်းပါ ဆင်ခြေတွေ။ အေး နင် ပြန်မလာချင်ဘူး မဟုတ်လား ငါ့ကို နင်လာတွေ့စရာ မလိုတော့ဘူး။”
ဖေဖေ...ဖေဖေ
ကျွန်မ ဘာမှ ရှင်းပြခွင့် မရလိုက် ။ ဖေဖေ ကျွန်မကို စိတ်ဆိုးသွားပြီ။ ဖုန်းခွက်ကို ကိုင်ပြီး ကျွန်မ ကြီးကြီးမေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြီးကြီးမေက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။ ကျွန်မ ဘယ်လို ဖြေရှင်းရပါ့မလဲ။ သေခြာတာ တစ်ခုကတော့ ခုချက်ချင်း အိမ်ပြန်တာ အကောင်းဆုံးဖြစ်မည်။ ဖေဖေရဲ့ဒေါသတွေကို ကျွန်မ ကြောက်သည်။ အိမ်ရောက်ရင် ဖေဖေရဲ့ နာကျင်စရာကောင်းသည့် စကားလုံး လှလှတွေကို အရင်ဆုံး နားထောင်ရမှာ သေခြာနေပါသည်။


###



တိတ်ဆိတ် ငြိမ်သက်လျှက်ရှိသော ညရဲ့ အလင်းရောင် အောက်မှာ လူသားတိုင်း နှစ်ချိုက်စွာ အိပ်မောကျနေချိန်တွင် ထူးခြားစွာ မီးလင်းနေတဲ့ အိမ်တစ်အိမ်ကတော့ ကျွန်မရဲ့ အေးရိပ်ငြိမ်ဆိုသည့် အိမ်ကလေးပင် ဖြစ်သည်။ အိမ်သံတံခါးလေးကို တွန်းလိုက်တော့ အလိုက်သင့်လေး ပွင့်သွားသည်။ ဧည့်ခန်းမှာ တီဗီကြည့်နေသည့် မောင်နှစ်ယောက်က အိမ်ပေါက်ဝတွင် ရပ်နေသော ကျွန်မကို မြင်တော့
“ဟေးးး မမ ပြန်လာပြီကွ”
ဟုအော်ရင်း ကျွန်မ၏ ခရီးဆောင်အိတ်တွေကို လှမ်းယူကြသည်။
“မောင်လေးရေ ကားထဲမှာ အိတ်တွေ ရှိသေးတယ် သွားဝိုင်းသယ်ပေးလိုက်ပါအုံး။”

မောင်လေးတွေ အသံကြားတော့ မေမေ ထမင်းစားခန်းထဲက ပြေးထွက်လာသည်။ မေမေမျက်နှာသည် ဝမ်းသာမှုများနှင့် ပြည့်နှက်နေသည်။
“မေမေ”
“သမီးလေး”

မေမေသည် ကျွန်မကို သူမ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ကျွန်မ မေမေ့လက်ကို ဆွဲပြီး ဧည့်ခန်းထဲက ခုံမှာ ထိုင်လိုက်သည်။
“မေမေ နေကောင်းတယ်နော်”
“ကောင်းတယ် သမီးလေး”

မေမေသည် ကျွန်မကို ဖက်ပြီး မျက်နှာ အနှံကို နမ်းသည်။ မေမေ့ ရင်ခွင်ထဲကနေ ဖေဖေကို လိုက်ရှာမိသည်။ ဖေဖေနှင့်တူသည့် အရိပ်ယောင်တောင် မတွေ့ရ။ ဖေဖေ စိတ်ဆိုးပြီး အိပ်နေလောက်ပါပြီ။ ဒါမှ မဟုတ်ရင်တော့ ဖေဖေသည် အိပ်ခန်းထဲမှာပဲဖြစ်ဖြစ် ထမင်းစားခန်းမှာပဲ ဖြစ်ဖြစ် ကျွန်မတို့ အသံကို ကျိတ်ပြီး နားစွင့်နေလိမ့်ပြီ။ ဝမ်းသာအားရ ထွက်လာပြီိး ကြိုချင်ပေမယ့် သူ့၏ ဒေါသတို့ကို မာနတွေနှင့် ထိန်ထားပေးအုံးမည်။ အချော့ကြိုက်သည့် ဖေဖေက ကျွန်မ အချော့ကို မျက်နှာ ခပ်တည်တည်ကြီးနှင့် စောင့်နေတာဖြစ်မည်။

“သမီးဖေဖေ ထမင်းစားခန်းထဲမှာ ထိုင်နေတယ်။ သွားချော့လိုက်။”
“ကြောက်တယ် မေမေရဲ့။”
“ သမီး ဖေဖေက သမီး ဒီည ပြန်ရောက်မှာ သိလို့ မအိပ်ချင်အောင်လို့တဲ့ ကလေးတွေနဲ့ အငြိမ့်ကြည့် ပြီး စောင့်နေတာ... သမီး ဖုန်းမဆက် လာခင်လေးထိ အငြိမ့်ကြည့်ပြီး ရယ်နေသေးတယ်...။”

ဖေဖေရဲ့ ပျော်ရွှင်နေသည့် စိတ်တွေကို ဒေါသတွေ ဖုံးလွမ်းသွားအောင် ကျွန်မ လုပ်မိသလို ဖြစ်သွားသည်။ အရာအားလုံးက ကြိုတင်မစီစဉ်ထားပါပဲ သူဖြစ်ချင်သလို ဖြစ်လာရတော့ ကျွန်မနှင့် ဖေဖေ မျက်နှာချင်းဆိုင် ပြန်ဆုံးတွေ့ရသည့် အချိန်ကလေးမှာ အဆင်မပြေမှုများက စလာပြီလားလို့ သက်ပြင်းတစ်ချက်ကို တိုးတိုးတိတ်တိတ် ချလိုက်မိ၏။ ဖေဖေအတွက် ဝယ်လာသည့် လက်ဆောင် ပစ္စည်းလေးတွေကို ထုတ်ပြီး ဖေဖေကို သွားတွေ့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို အချိန်တွင် မေမေမှ ကျွန်မကို အသာလက်ကုပ်ကာ ကျွန်မ အရှေ့မှ ကြွေပုဂံ ၊ ဖန်ခွက်များ ထည့်ထားသော မှန်ဘီဒိုကို မျက်ရိပ်ပြလိုက်သဖြင့် ကြည့်လိုက်မိသည်။ မှန်အရိပ်ထဲတွင် ကျွန်မကို စိုက်ကြည့်နေသောဖေဖေ့ကို တွေ့လိုက်ရသည်။ ကျွန်မ မမြင်ဘူး ထင်ပြီး ကြည့်နေခြင်း ဖြစ်မည်။ ဖေဖေ့ကို လှည့်မကြည့်ဘဲ ခရီးဆောင် အိတ်ထဲမှ ဖေဖေ ကြိုက်တတ်သော ဦးထုပ်လေးကို တိတ်တိတ်လေး ထုတ်ကာ ဖေဖေ့ဘက် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
ဖေဖေနှင့် ကျွန်မ မျက်လုံးချင်း ဆုံသွားသည်။ ဖေဖေ့မျက်လုံးတွေသည် ဒေါသရိပ်တွေ ဖုံးလွမ်းမနေတော့ပါ။ ဖေဖေ့ရဲ့ အိုမင်းရင့်ရော်သွားသည့် မျက်နှာပေါ်က ပါးရေတွေသည် အနည်းငယ် ပြုံးနေသယောင် ရှိသည်။ ဖေဖေ့ရဲ့ နှတ်ခမ်းပါးလေးတွေသည် ကျွန်မကို ပြုံးနေသဏ္ဍာန်ထင်မိသည်။ ဖေဖေက ကျွန်မတွေ့သွားတာကို မြင်တော့ တစ်ဘက်သို့ လှည့်သွားကာ မျက်နှာလွဲ သွားသည်။ ဒါလည်း ဖေ့ဖေ့ရဲ့ မာနနှင့်ဟန်ဆောင်နေခြင်း တစ်မျိုးပင် မဟုတ်ပါလား။


ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်


ps; ပထမဦးဆုံးအကြိမ် မြန်မာပြည်ပြန်စဉ်က အဖြစ်ပျက်လေးတစ်ခုပါရှင်။

Comments

Anonymous said…
မွန်ရေ.. မွန်တို့ မိသားစုရဲ့  ချစ်ခြင်းအငွေံအသက်လေးကို ခံစားလိုက်ရတယ်..အဲလိုအေးချမ်းတဲ့ မိသားစုလေးရှိတာ မွန်ကံကောင်းပါတယ်..

ချစ်တဲ့
ယွန်း
သားသမီးနဲ့ မိဘ ဆိုတာ ဒီလိုပါပဲ.. မာနထားလည်း ခဏပေါ့..
ဝတ္တုလေး တစ်ပုဒ်လိုပဲ ဖတ်ရတာ သဘောကျသွားပါတယ်။
သိပ်ကောင်းတယ် မြတ်မွန် အရမ်းအရမ်းကို ကျွန်တော်ခံစားလိုက်ရတယ် . . .

ကျွန်တော်နဲ့ တူတူပါပဲ . . . ကျွန်တော် အဖေလဲ အဲလိုပါပဲ မြတ်မွန် . . .

ကျွန်တော် နောက်ဆုံး ပြည်ပထွတ်တဲ့နေ့က ဖေဖေ ကြည့်တဲ့ အကြည့် ကျွန်တော် ဒီနေ့ထိ ၀မ်းနည်းမဆုံးဘူး . . .

မိဘ နိမ့်ပါးတဲ့အချိန်မှာ ကိုယ်က လုပ်ကျွေးချင်လို့ ထွတ်လာပေမဲ့ မိဘ အမြင်မှာတော့ တမျိုးဖြစ်နေခဲ့တယ် . . .

အရမ်းခံစားလိုက်ရတယ် . . .
သားသမီးနဲ့ မိဘကြားမှာ ဖြစ်လေ့ရှိတတ်တဲ့သဘောထားမျိုးပါဘဲ.. မိဘတွေက ဘယ်လောက်စိတ်ဆိုးဆိုး အချိန်တန်တဲ့အခါ စိတ်ဆိုးပြေတတ်ကြတယ်နော်.
မာန ဘယ်လောက်ကြီးနဲ့ မိဘဖြစ်ဖြစ် သားသမီးကို မချစ်တဲ့ သူရယ်လို့ မရှိကြဘူး..
ညီမအရေးကောင်းတော့ မျက်စိထဲမြင်ယောင်လာပြီး ပီတိဖြစ်လိုက်ရသေးတယ်..
ကောင်းတယ် မမွန်
ညီမရေ...
ကောင်းမွန်သေသပ်တဲ့ အရေးအသားလေးနဲ့ စွဲဆောင် သွားလိုက်တာ။ ဇာတ်ကောင်နဲ့အတူ အဖေ့ဆီကို တထိတ်ထိတ်နဲ့ စိတ်ကအတူ ပါသွားမိတယ်။ ဇာတ်သိမ်းလေးက သေသပ်တယ်။ အဖေနဲ့သမီး စကားတစ်ခွန်းမှ မပြောလိုက်ရပေမယ့် အသံတိတ် စကားလုံးတွေ အများကြီးကို စာဖတ်ရင်း ကြားလိုက်ရ တယ်။ အရသာရှိတဲ့ ဟင်းတစ်ခွက်နဲ့ ထမင်းစားလိုက် ရသလိုပဲ ။
(Comment တွေ ပေးလို့ရတုန်းလေး အပြေး ရောက်ခဲ့ပါတယ် ) :)
မွန်

ရင်ထဲမှာ ထိထိရှရှပါပဲ
တကယ် အသက်ဝင်တယ်
ပေးချင်တဲ့ ရသလေးက ထင်းကနဲပဲ
ဖတ်ရင်းနဲ့ ကိုယ်တိုင် သရုပ်ဆောင်နေမိတယ်။
ပျော်ရွှင်ပါစေ မေမေမွန်။

ချစ်ခင်စွာဖြင့်
ကိုရီး
Anonymous said…
မမွန်ရေး ခံစားရတယ် ဒီစာလေးဖတ်ပြီး
မိုး အမကလည်း မာနသိပ်ကြီးတာလေ သားသမီးလုပ်စားမစားဖူး ဆိုတဲ့စကားကြောင့် မိုးတို့ မောင်နှမတွေအရမ်းဝမ်းနည်းရတယ်။ ရှာတာလည်း အဓိပါယ်မရှိသလိုခံစားရတယ်လေ။ ဒါပေမဲ့ အဖေကတော့အဲဒီလိုမဟုတ်ပြန်ဖူး။ အပစ်လည်းမပြော၇်က် ခံစားရလည်းခက်နဲ့ပေါ့ ဟူးးးးးးးးးးးးးး
ထပ်တုထပ်မျှကို ခံစားလိုက်ရတယ် မမွန်ရယ်
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Sonata Cantata said…
ဖေဖေမာနတွေ ဘယ်တော့များမှ လျှော့မှာလည်း ငါ အသက်ရှင် လုပ်ကိုင်နိုင်သေး သ၍ ဘယ်သူ့ကိုမှ အားမကိုးဘူးကွ သားသမီးလုပ်စာကို မျှော်ကိုးမဲ့ အဖေ မျိုးမဟုတ်ဘူး လို့ ဟစ်ကြွေးတတ်ခြင်းသည် သားသမီးနှင့် မိဘကြား မထားသင့်တဲ့ မာနလို့ ကျွန်မ မြင်မိသည် ။ ဖေဖေအကြောင်း တွေးမိတိုင်း ကျွန်မ မကြာခဏ ဆိုသလို သက်ပြင်း အကြိမ်ကြိမ်ချမိပါသည်။

ထပ်တူ ခံစားရသူတဦး ပါလို့ မှတ်ချက်ရေးခဲ့ပါရစေ
ရင်တထိတ်ထိတ်နဲ့ မျက်ရည်ဝဲပြီး ဖတ်လာတာ...
အောက်ဆုံးတကြောင်းအရောက်မှာ..
မျက်ရည်တပေါက် ကြွေကျရင်း ကြည်နူးပြုံးလေး ပြုံးမိသွားတယ် ညီမလေးရေ...

အခုနေအချိန်မှာ အမရဲ့ ဖေဖေရှိနေရင်လည်း
အဲဒီလိုပဲ နေမှာပါပဲ....
မွန့် အဖေ့က ကျနော့် အဖေလိုပါပဲဗျာ။ ပြောဖူးပါတယ်။ လေယာဉ်ကွင်းလိုက်ပို့တုန်းကလည်း ဖေဖေ ဟိုဘက်က စောင့်ဆိုတာကို အနီးဆုံးမှာ လာနေတော့ အထုတ်လည်း အပ်ပြီးရော အဝေဆုံးဖြစ်သွားလို့ မှီရာကို လိုက်လာပြီး စကားပြောတော့ အသံလုံနေလို့ မကြားရဘူး။ ဒီတော့ အဲဒီမှန်တံခါးကြီးကို ဆွဲဆောင့်လိုက်တာ ကျွတ်ဆို ကျိုးသွားပြီး ဟသွားတော့မှ စကားပြောရတယ်။ အဲဒီက လူတွေကလည်း အသံကြားလိုက်ရပေမဲ့ မထင်လို့ ဘာမှ မပြောကြဘူး။ ဖေဖေကလည်း ဒီလိုပဲ ရင်ထဲမှာ ပိုပြီး အပြင်မှာ လျှိုထားတတ်တယ်။ အို..အဖေတွေ အားလုံးက ဒီလိုပါပဲလေ။

တစ်လုံးချင်း တစ်ကြောင်းချင်း သေချာ နင့်နင့်နဲနဲ ဖတ်သွားပါတယ်ဗျာ။
သေသေချာချာ စိတ်နှစ်ပြီး ဖတ်လိုက်တာ မျက်ရည်ဝဲမတတ်ဖြစ်သွားရတယ်။ အဟုတ်။
တချို့နေရာတွေ ဖေဖေနဲ့ တူတယ်။
ဖေဖေ့ကိုတောင် သတိရသွားမိတယ်။
ဖတ်ရတာ ရသ လေး ရသွားလို့ ကျေနပ်မိတယ်။
စာကောင်းရင် အထားခံတယ်။
ဘယ်အချိန်ပြန်ဖတ်ဖတ် ကောင်းတဲ့ စာမျိုးလေး တွေ အမြဲ ကြိုးစားရေး ဖြစ်ရင် သိပ်ကောင်းမယ်။
blackroze said…
အမွန်ရေ...
ရေးထားတာလေးဖတ်ရတာ..
ကြည်နူးစရာလေးပါနော်..
မိဘနဲ့သားသမီးကတော့
ဒီလိုပါဘဲလေ...
Anonymous said…
မိဘရဲ့အဝေးကို သွားခါနီး ခွဲခွာတဲ့အချိန် ခံစားချက်ကို ပြန်ခံစားလိုက်ရတယ် .. ၀မ်းနည်းသွားတယ် ..
မိုးခါးသာဆိုရင်တော့ အဖေနဲ့ အမေအိမ်ကိုပဲ အရင်ပြန်ဖြစ်မယ်ထင်တယ် .. ဘယ်လို အကြောင်းရှိရှိပေါ့ .. ဒါကလည်း အဖေတယောက်ရဲ့ ခံစားချက်ကို သေချာသိနေလို့ပါ .. ၀မ်းနည်းသွားတယ် မြတ်မွန်ရယ် ..း(

မိုးခါး
PhyoPhyo said…
မွန်ရေ
မွန့်အဖေက မာနထားနေလို့ပါ၊ တကယ်တမ်းကျတော့ အဲလိုအဖေမျိုးက ပိုပြီးတောင်အချစ်ကကြီးသေးတယ်၊
အရေးအသားလေးက ကောင်းလိုက်တာ၊
အိမ်ကအဖေရော အမေကိုရော သတိရမိတယ်၊
မွန် တို့မိသားစုတွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
မွန်ရေ.... တကယ့်ခံစားချက်တွေကိုချရေးထားတာ အရမ်းကောင်းတယ်။ ဖတ်နေရင်း အမူအရာတွေကို မျက်လုံးထဲမြင်လာနိုင်စွမ်းရှိပါပေ့ :)
အစဉ်ပြေပါစေမွန်ရယ် ဆုတောင်းပေးပါတယ် အရာရာပေါ့။

ခင်တဲ့(ချိုကျ)
Anonymous said…
ညီမ မြတ်မွန် ရေ

ကြည်နူးစရာ ပိုစ့် လေးပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး
မာနပီတိ............
မာနပီတိ....................
ခံစားရပါတယ်။
ဒေါသ မာန ဘယ်လောက်များများ...
သား သမီး မျက်နှာမြင်လိုက်ရတော့.....
ဟန်ဆောင်လိုက်တာလဲ......မရနိုင်တဲ့ ဖခင်မေတ္တာ။
မွန်ရေ....မွန်ရေးထားတာလေး ကောင်းလိုက်တာ။ ဖတ်ပြီးမျက်ရည်ဝဲမိသည်အထိခံစားရတယ်။ မွန်နဲ့တကွ မွန်တို့တစ်မိသားစုလုံး ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေပျော်ရွှင်ကြပါစေ....။

ချစ်တဲ့
ဂျင်း
ခေးကို said…
မျက်ရည်တောင် ဝဲမိတယ်။ အထူးသဖြင့် သမီးကို ချစ်တဲ့အဖေတွေအတွက် အရမ်းကို မှန်တယ်။ ကျမအဖေလည်း အဲဒီလိုပဲ။
Anonymous said…
ပထမဆုံး ရောက်ပါတယ်
ဒီလိုကောင်းမွန်သပ်ရပ်တဲ့
ဘလော့လေးကို အတွေ့နောက်ကျတာ
ကိုက ကိုယ့်ရဲ့ ညံ့ဖျင်းမှုပဲလား..
(စာအရေးအသား ခန့်ညာလေးနက်တယ်)
Anonymous said…
ဘာအကြောင်းပဲ ရေးရေး၊ ဖတ်လို့ကောင်းအောင်၊ ပြီးတော့ ဗဟုသုတဖြစ်အောင် မျှဝေပေးတတ်တာကိုပဲ မွန်ကို ချီးကျူးရပါတယ်။ တကယ်တော်တဲ့ မွန်လေးပါလားနော်။

အဲ့လို ဖေဖေမျိုးက သားသမီးများကို တကယ်နှစ်နှစ်ကာကာ ချစ်တတ်တယ်...

ပျော်ရွှင်ခြင်းများနှင့် အမြဲတွေ့ကြုံပါစေ မွန်..
Happy journey (back home)! :))

စိုင်း
blackcoffee said…
နောက်တခေါက် ထပ်ဖတ်သွားတယ် သူငယ်ချင်း။ နောက်မိဘ စိတ်ဆိုးအောင် မလုပ်မိဖို့ သတိထား ဦးနော် သူငယ်ချင်း။
ကောင်းလွန်းတဲ့အရေးအသား က ဆွဲဆောင် သွားလိုက်တာ မြတ်မွန်ရာ..။တကယ်ကို ကျနော်မျက်ရည်ဝဲသွားပါတယ်...။ဖေဖေ့မျက်ဝန်းထဲက စကားလုံးတွေကို မြတ်မွန်လှမ်းမြင်သွားတယ် နော်...။
အဲလို မွန်ရေးထားတာကို ကြည့်ပြီး ကြည်နူးလိုက်တာ ...

အော် တကယ်တော့လည်း အဖေဆိုတာ သူ့ရဲ့စိတ်ထဲမှာ သိုဝှက်ထားတဲ့ ချစ်ခြင်းက ကြီးမားလိုက်တာနော် ....

ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ .. ဘာတွေပဲ လုပ်နေလုပ်နေ ...
အဖေဆိုတာ အဖေပါပဲလေ ...

တကယ်တော့
အဖေတစ်ယောက်နဲ့ သားတစ်ယောက်ကြားမှာ ဘာအနှောင့်အယှက်မှ မရှိခဲ့ရင် ကောင်းမှာပဲ ...

ကိုယ်တိုင် မကြုံတွေ့နိုင်ပေမယ့် အားလုံးကြုံတွေကြဖို့ ဆုတောင်းပါတယ် ..

ခင်မင်စွာဖြင့်
ညလင်းအိမ်
နက်မသုံးဖြစ်တာနဲ့ မမြတ်မွန်အိမ်လေးဆီကိုလည်း မရောက်တာတောင် တော်တော်ကြာပြီဗျာ ...။

နေကောင်းရဲ့ မဟုတ်လား။

စာတွေတချို့ ဖတ်သွားပါတယ်။
အဖေ အမေ တို့သည် သားသမီးတို့ အပေါ် မာန ထားရန် ၀န်လေးကြပါသည်။ ခွင့်လွှတ်နိုင်စွမ်းလည်း ရှိကြပါသည်။ ဂရုဏာ ဒေါသော ဖြစ်ခဲ့သော်မှ သနား
ညှာတာစိတ် က ကိုယ်တိုင် ၀င်၍ ခံစားလိုသည်အထိ
ပြင်းထန်တတ်ကြပါသည်။
ကိုယ်တိုင် မိဘ နေရာ ရောက်ခဲ့ပါက ဟုတ်/မဟုတ်
ဆုံးဖြတ်နိုင်ပါလိမ့်မည် ...
ငြိမ်းစိုးဦး
flowerpoem said…
အမရေ စာဖတ်ပြီး မိဘတွေရဲ့ ခံစားချက်ကို ပိုနားလည်ရပါတယ်...
မမြတ်မွန်
ဒီပို့ စ်ကိုဖတ်ရတော့ ရင်ထဲမှာ တလှိုက်လှိုက်ခုန်လာတယ်ဗျာ..။
ကျနော်ငယ်ဘ၀က မာနကြီးတဲ့ အဖေနဲ့ နေခဲ့ ရတော့
အယူအဆတွေလွဲခဲ့ တယ်..နားလည်မှုတွေ လွဲခဲ့ ပါတယ်..။
ဒီနေ့ ကိုယ်တိုင်အဖေနေရာ ရောက်လာတော့ ခု မမြတ်မွန်အဖေ ဖြစ်သလိုဖြစ်နေပြန်ရော.....။
သားသမီးတွေကို ကိုယ့် ကိုကိုယ် ယုံကြည်မှုနဲ့ ဘ၀ကို ရင်ဆိုင်ရဲစေချင်တယ်..ကိုယ်တိုင်ဆုံးဖြတ်ရဲစေချင်ပါတယ်..။
ဒါပေမယ့် သားသမီးတွေကတချို့ ဆုံးဖြတ်ချက်တွေမှာ..အသက်အရွယ်နဲ့ ကိုယ်တိုင်ရပ်တည်နေရတဲ့ နေရာကိုဘဲ ကြည့်လိုက်တာဆိုတော့ မိဘနဲ့ 
ပ၀ါပါးလေးခြားသွားတတ်ပါတယ်..။
ပြောပြဘို့ တော်တော်ခက်တဲ့ ခံစားမှုပါ..။
မိဘဆိုတာကို ဖယောင်းတိုင်လေးနဲ့ တင်စားရင်
သူနိုင်သလောက် လင်းပေးချင်တယ်...အလှဆုံးအလင်းရောင်တွေ ပေးချင်တယ်..
အတောက်ပဆုံး လင်းလက်ပေးချင်ကြပါတယ်...။
လေအဝှေ့ မှာလဲ လင်းပေးတယ်...။
သူပေးတဲ့ အလင်းက ....
သူကိုယ်တိုင်လောင်ကျွမ်းခံပြီးပေးတဲ့ အလင်းပါ...။
တခြားသူတွေက ပိုမို တောက်ပတဲ့ လျှပ်စစ်မီးနဲ့ အလင်းတရားကို သုံးစွဲနေချိန်မှာ...
သူ...အားငယ်မှုရှိနေနိုင်ပါတယ်..။
ဥပမာပေးလို့ ဘယ်လိုမှ မမှီတဲ့ လေးနက်မှုပါ..။
မမြတ်မွန် အဖေလို ကွယ်ရာကနေ..
ကျနော် နားစွင့်ဘူးတယ်..။
မမြတ်မွန်အဖေလို....ကွယ်ရာကနေ
ပြုံးနေခဲ့ ဘူးပါတယ်..။
ကွယ်ရာမှာ ကြည်နူးခဲ့ ဘူးပါတယ်...။
ကျနော် ဒီ ပို့ စ်ကို အရမ်းကြိုက်တယ်..။
ချီးကျူးပါရစေ..
လှိုက်လှိုက်လှဲလှဲ ချီးကျူးပါရစေ..။
မမြတ်မွန် လိမ္မာပါတယ်...။
ဒါပေမယ့် မမြတ်မွန်အဖေကိုတော့ ဘယ်တော့မှ မမုန်းပါနဲ့ ..။
ဘရာဗို said…
စိတ်မကောင်း နည်းနည်းဖြစ်သွားတယ်
ပြီးတော့ ကြည်နူးသွားတယ်လေ
သံယောဇဉ်ရှိလှစွာသော အဖေနဲ့ အသကိထက်ဆုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေဗျာ..
ကျွန်တော်လည်း အဖေချစ်တဲ့သူဆိုတော့ ခံစားရတယ်ဗျာ..
ပျော်ရွှင်ပါစေ...........
Mg Mg Zaw Htet said…
မမြတ်မွန်
အရေးအသားအလွန်ကို ကောင်းလှပြီး အကြောင်းအရာက ကိုယ်နဲ့ လာတိုက်ဆိုင်နေတော့
မျက်ရည်လေး ဝဲပြီး အမေ ၊အဖေ နှင့် ကြီးတော်တွေပါ မျက်စိထဲ မြင်ရောင်လာမိတယ်။
Link ချိတ်ခွင့်လည်းပြုပါနော်။
ခင်မင်စွာဖြင့်
မမြတ်မွန်ရေ
ဖတ်ပြီး ငိုမိမလို မျက်ရည်ဝဲမိတယ်
ဖေဖေက မ ကို သိပ်ချစ်ပုံပါ
ဒီတခါတော့ဖေဖေလာကြိုစေချင်ရင်
ကြိုပလေ့စေနော်

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

ဘယ်တော့မှ မမေ့ပါဘူး