နောက်နေ့ပေါင်းများစွာ


ခုတစ်လော လှေခါးအတက်အဆင်း မောပန်းသည့် ဝေဒနာကို ခံစားမိသည်။ အရင်လို ဖျက်လက် တက်ကြွမနေတော့တာ သေခြာသည်။ မျက်စိတွေက တစ်နေ့တစ်ခြား မှုန်ဝါးလာသည်။ မနက်ဘက် အလုပ်သွား ဆိုင်ကယ်စီးရင်တောင် မျက်လုံးတွေက အရှေ့က ဆိုင်ကယ်ကို မမြင်ရတော့ ဆိုင်ကယ်စီးဖို့တောင် ကိုယ်ကိုကိုယ် အန္တာရယ်များလိုက်တာလို့ တွေးမိလိုက်သေးသည်။ ပူလွန်းသည့် နေမင်းက အသားအရေတွေကို မီးနှင့်ထိုးနေသလား ဆိုပြီး အလိုလို ဒေါသ ထွက်လာကာ မဆီမဆိုင် နေမင်းကို အပြစ်တင် ကျိန်ဆဲလိုက်သေးသည် ။ နေပူရှိန်ကြောင့် ဦးနှောင့်တွေက ပူလောင်လာကာ အလုပ်မရောက်ခင် ပင်ပန်းနွမ်းနယ်နေချင်ပြီ။

မနက်ခင်း အလုပ်ရောက်တာနှင့် ကွန်ပြူတာဖွင့် တစ်နေ့တာ လုပ်စရာတွေ မြန်မြန်လေးလုပ်ရင်း ဘလော့လေးကို အချိန်ပေးဖို့ ကြိုးစားကြည့်သည်။ ဟိုတစ်လောက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို တာဝန် ယူထားရ၏။ NOKIA ပစ္စည်းတဲ့ သေသေခြာခြာ လုပ်ပါ အရေးကြီးသည်လို့ အထက်လူကြီးက မှာထားတော့ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ပြီး ဘလော့ကို လည်း ပစ်ထားလိုက်သည်။ အွန်လိုင်းဆိုတာ ဝေးရော။ ခုတော့ တာဝန်ယူရသည့် ပစ္စည်းတွေ လုပ်တာ ပြီးသွားသလောက် ရှိတော့ စိတ်ပေါ့ပါးသွားရပြန်၏။ အလုပ်ကိစ္စ စိတ်သက်သာ သွားတော့ နောက်ထပ် အလုံးကြီးတစ်ခု ရှိနေပြန်သေး၏။ အဲတာကတော့ ဘလော့လေးပေါ့...။

ခေါင်းထဲမှာ စဉ်းစားထားသည့် ရေးစရာပိုစ့်တွေက ၃ပုဒ်လောက် ရှိ၏။ ဘလော့ကို ပြစ်ထားတာ နှစ်လနီးပါး ရှိတော့မည် ။ ပိုစ့်အသစ်တွေ ဘယ်သူတွေတင်ထားလည်း မိမိဘလော့လေးထဲဝင် တစ်ချက်ကြည့် ။ အားပါး မနည်းပါလား။ ဖတ်စရာအကြွေးတွေ အများကြီး။ ကိုယ်က သွားလည်ပြီး စာလိုက်ဖတ်တော့ ဘလော့ပိုင်ရှင်တွေက ပြန်လာလည်ရင် ဘာအသစ်မှ မတင်သေးရသေးတော့ အားနာလိုက်တာ။ အင်း မဖြစ်သေးဘူး။ စာမဖတ်ဖြစ်သေးမည့် အတူတူ အရင် ခေါင်းထဲက ပိုစ့်တစ်ပုဒ်ကို ရေးချ။ ပြီးမှ ဘလော့ သွားလိုက်လည်မည်လို့ ဆုံးဖြတ်ချက်ကိုချလိုက်၏။

တစ်ခါတစ်လေတော့လည်း ငါ ဘလော့လုပ်မိတာ မှားလား။ ငါ ဘာမှ မရေးနိုင်ပဲ လုပ်ထားတော့ ရှက်စရာကြီး။ သူများတွေ ရေးနေကြတာ လိုက်ဖတ်ရင် အားကျသား။ အရေးအသားလေးတွေက ကောင်းမှ ကောင်းပဲ။ ငါ အလုပ်က ခပ်များများ အချိန်မပေးနိုင်မည့် အတူတူ ပိတ်ထားတာ ကောင်းမလား။ ပိုစ့်မတင်ရတာ ရက်တွေ ကြာလာလေလေ ဖိအားတွေ ပိုများလာလေလေ။
အမလေး ... ကိုယ့်ကိုကိုယ် စာရေးဆရာများ မှတ်ထင်နေလား။ ငါမရေးတော့ရော ဘယ်သူက လာတရားစွဲမတုန်း ။ အပျော်တမ်း ဝါသနာ အရ ရေးကြတာပဲ မဟုတ်လား။ စိတ်တွေ ကယောက်ကယက် ဖြစ်လာ၏။

ဘယ်အကြောင်းအရာကို အရင်စရေးရင်ကောင်းမလဲ။ အလုပ်စားပွဲမှာထိုင် ငူတူတူ ငေးရင်း တွေးနေမိ၏။ သွားရင်း လာရင်း တိုက်ဆိုင်တိုင်း ရေးမည်လို့ စဉ်းစားထားသော်လည်း အကြောင်းအရာများက တကယ့် လက်တွေ့ စရေးမည်ဆိုတော့ အရင်နေ့က စဉ်းစားထားတုန်းကလို ခံစားချက်မျိုး မပါတော့ ။ အရှိန်ယူကာ အစကနေ ပြန်တွေးရင်း စာတစ်ပုဒ်ကို အစပျိုးလိုက်သည်။ ရင်ထဲမှာ တစ်ခုခု ခံစားချက် မပါတော့ ချရေး ဖို့ရန် ရေးလိုက် ပြန်ဖျက်လိုက် အချိန်တွေသာ ကုန်ဆုံးသွားသည် စာတစ်ပိုဒ်က အလိုက်သင့် စီးဆင်းမသွားခဲ့ပေ။ ဆားမပါသည့် ဟင်းတစ်ခွက်လို ပေါ့ပေါ့ပျက်ပျက် ဖြစ်နေပြန်၏။ ကိုယ့်စာကိုယ် ပြန်ဖတ်ရင်း တစ်ခုခု လိုနေသလို မျိုးခံစားမိပြန်သည်။

ဘာသာပြန်လေးတွေ ရေးရင် ရတာပဲ။ ဘာသာပြန်ရေးဖို့ ဆိုတာ စာလိုက်ဖတ်ရမည်။ စာဖတ်ဖို့ နေနေသာသာ ဘလော့က သူငယ်ချင်းတွေဆီတောင် မရောက်တာ။ ဟင်းးးးးးးး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်။ သူများတွေ ဘယ်လို နေကြလည်း မသိ။ ငါမှာတော့ ဘလော့တစ်ခု လုပ်ထားတာ စာအသစ်တစ်ခု မရေးတာ ကြာလာရင် စိတ်တွေ အလိုလို ထိုင်းမှိုင်းလာ၏။ အလုပ်ထဲမှာ ရေးရတာ လည်းမလွတ်လပ်ပါဘူး။ အလုပ်ချိန်မှာ အလုပ်နှင့်ပက်သတ်တာက လွဲလို့ တစ်ခြား အရာတွေ မလုပ်ရဆိုသည့် စည်းကမ်းကလည်း ရှိသေး၏။ အိမ်ပြန်ရောက်မှ အေးအေးဆေးဆေး ပြန်စဉ်းစားပြီး ရေးပါတော့မည်ဆိုပြီး စိတ်ကို ဒုန်းဒုန်းချကာ အလုပ်ထဲမှာ အာရုံနှစ်လိုက်သည်။

အိမ်ပြန်ရောက်တော့ ည၁၀နာရီ။ တစ်နေကုန် အလုပ်မှာ ထိုင်လာသမျှ ခါးလေးတစ်ချက်လောက် ဆန့်ချင်သော်လည်း မိမိ၏ အိပ်ယာလေးကို မကြည့်ရဲ။ ဒီညတော့ မဖြစ်မနေ စာရေးရမည်။ အိပ်လို့ မဖြစ်ဘူး။ ကော်ဖီသောက်ပြီး စာတစ်ပုဒ်လောက်ရေးမည်ဆိုပြီး ကွန်ပြူတာရှေ့မှာထိုင်ကာ အစက ပြန်တွေးနေချိန်မှာပဲ တစ်နေကုန် ပင်ပန်းထားသမျှ ခေါင်းတို့က ငိုက်စိုက် ကျလာကာ ဆန္ဒပြလာတော့သည်။ ကွန်ပြူတာဘေးက အိပ်ယာလေးကို ကြည့်ပြီး စိတ်ကို တင်းထားပေမယ့် ခါးဆန့်ရင်း ပိုစ့်ရေးဖို့ စဉ်းစားလည်း ရတာပဲလေ ဆိုပြီး ခါဆန့်ရင်း ရေးဖို့ အကြောင်းအရာကို ပြန်တွေးနေချိန်မှာပဲ မျက်ခွံက တဖြည်းဖြည်းလေးသထက် လေးလာတော့သည်။ ဒီလိုဆို မဖြစ်သေးပါဘူး ဘဲလ်းပေးပြီး တစ်နာရီလောက် အိပ်ပြီးမှ ထရေးမည် ဆိုပြီး ဖုန်း Alarm သံကို မနက်ခင်း နှိုးနှိုးနေကျ တင်ဇာမော် သီချင်းသံနှင့် မတူအောင် အာဇာနည် သီချင်းသံကို ပေးထားလိုက်သည်။ တစ်ရေးလောက် အိပ်လို့ရရင် လန်းဆန်းလာမှာပါ ဆိုသည့် အတွေးမဆုံးခင် အိပ်စက်ခြင်းထဲ နှစ်မြုပ်သွားတော့သည်။

လန်းဆန်းတက်ကြွစွာ မျက်လုံးဖွင့်လိုက်ချိန် အင်အားတွေ ပြည့်လာသလို ခံစားမှုမျိုးကို ခံစားရသည်။ ခါးကျောကို တစ်ချက်လောက်ဆန့်ရင်း စာထရေးဖို့ တွေးလိုက်ချိန် ပါတ်ဝန်းကျင် တခုလုံး လင်းထင်းနေသည်။
ဟင်... ဘုရားရေ..။
စိတ်ညစ်ပါတယ်ကွာ..။
ဒီနေ့လည်း အိပ်ပျော်သွားပြန်ပြီ......နောက်နေ့ပေါ့ကွာ......။

ဘာလို့ အာဇာနည် သီချင်းသံ မကြားလည်း တွေးမိသဖြင့် ဟန်းဖုန်းကို လိုက်ရှာချိန် ခေါင်းအုံးအောက်ထဲ ရောက်နေတာ တွေ့လိုက်ရသည်။ ဖြစ်နိင်သည်မှာ alarm မြည်ချိန် အသံတိုးသွားစေရန် ခေါင်းအုံးအောက်ထဲ ထည့်ထားလိုက်ပုံရသည်။ ခေါင်းအုံးနှင့် ဖိထားခံရသဖြင့် အာဇာနည် လည်း ငယ်သံပါအောင် အော်ရင်း အသံပျောက်သွားရရှာကြောင်း တွေးမိလိုက်သည်။ နောက်နေ့တွေ ရှိပါသေးတယ်လေ.........ကိုယ့်အဖြစ်ကိုယ်တွေးရင်း ပြုံးမိကာ နေ့စဉ်လည်ပါတ်မှု ဖြစ်တဲ့ လုပ်ငန်းခွင်ကို ထွက်လာခဲ့တော့သည်။
မြတ်မွန်

Comments

ဒါကြောင့်ပျောက်ချက်သားကောင်းနေတာကိုး
မရေးတော့ဘူးတောင်ထင်နေတာဗျ ဒါက
တောင်ရေးမြောက်ရေးမဟုတ်ပါဘူး ရှင်းတမ်း
ပို့ စ်လေးပေါ့နော့်  ကဲေ၇းစရာရှိတယ်ဆိုတဲ့
ပို့ စ်လေးတွေစောင့်ဖတ်တာပေါ့ အားပေးလျက်
ဟားဟားဟား...မှတ်ပလား အာဇာနည်..။
မင်းအခုတော့ အသံတွေပါ ပြာပြီး အာဇာပြာ ဖြစ်သွားပြီ မဟုတ်လား။ မှတ်ထား ဒါ မြတ်မွန်တဲ့ကွ။

အားမှ ရေးပေါ့ မွန်ရေ...
ဘဝဆိုတာ ဒီလိုပဲ ကျင်လည်နေကြရတာပဲ မဟုတ်လား။
ကျနော်လည်း လုပ်ပေးနိုင်တဲ့ အချိန်အထိပေါ့။
နောင်တစ်နေ့ ဆိုတာ ပြောလို့ မရဘူး မဟုတ်လား။

ပျော်ရွှင်ပါစေ။
ဝေရ်း....... မေမေမွန်
မစ်နေတာဗျ
သိပါဘူး... အနော်တို့ကို မေ့တွားပြီလားလို့.......
သတိရနေပါတယ် မွန်ရေ၊ ဒီလိုပါပဲကွယ်
ဘဝတူချင်းတွေမို့ စာနာမိပါတယ်.....
ဘာပဲဖြစ်ဖြစ် မပြန်နိုင်သေးသမျှတော့......

{အို..... ဖုန်းလည်းဆက်လို့မရ လူကြုံပါးလို့မရ အရင်ကလို အရေးကြီး ဆုံရန် မျှော်နေတယ်မင်းကို....} ဟဲ....ဟဲ..... သီချင်းဆိုသွားဒယ် :)

ချမ်းမြေ့ပျော်ရွှင်ပါစေဗျာ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}
ဘလော့လုပ်မိတာ ဘာလို့ မှားရမှာတုန်း မှားပါဘူးမြတ်မွန်ရ . . . မရေးလဲ လိုက်သွားနေရတာလည်း တခုခုတော့ အပန်းပြေတယ်ပေါ့ဗျာ
ရေးပါဗျာ .. အားတဲ့အခါ .. စိတ်ပါတဲ့ အခါပေါ့ ....

ကျွန်တော်တို့ အားလုံးက ဒီလိုပဲလေ ...
ဝါသနာအရသာ
( ပရော်ဖက်ရှင်နယ်တွေကိုတော့ မပြောပါဘူးလေ) ရေးနေကြတာဆိုတော့ တခါတလေလည်း ကိုယ်ရေးချင်တာရေးပေါ့ဗျ
ရေးပါဗျား... အားတဲ့အခါပေါ့.. အလုပ်များနေတဲ့ အခါလည်းတစ်မျိုးပေါ့ဗျာ..
ကျွန်တော်လည်း ခုတလော ဒီလိုပါပဲ.. အသစ်မတင်တိုင်း မမြတ်မွန်လိုပဲခံစားရတယ်..
လေးစားလျက်..
SHWE ZIN U said…
ညီမ ရေ

အားတဲ့ အခါရေးပေါ့ တတ်နိုင်သလောက်ပေါ့

ခင်တဲ့
အမရွှေစင်
ေ said…
တခါတလေတော့ ဒီဘလော့ကြီးက စိတ်ထဲဖိစီးလာတာ အမှန်ဘဲ.. အသစ်မတင်နိုင်ရင် လာဖတ်သူတွေကို အားနာမိတယ်.. ဒီလိုနဲ့ ကိုယ့်မှာ ကိုယ်ပိုင်အချိန်တွေ ရှားပါးလာတယ်..
ဒီဘလော့ထဲ မြုပ်နှံထားမိသလိုဖြစ်လာတယ်..
အသစ်တင်နိုင်ရင်တော့ စိတ်ချမ်းသာပေမဲ့ မတင်နိုင်တဲ့အခါ မွန့်လို ခံစားချက်မျိုး ဖြစ်မိတာပါဘဲ..
ဘာဘဲဖြစ်ဖြစ် ၀ါသနာပါလို့ လုပ်မိမှတော့လဲ နောင်တ ဆိုတာ မရချင်ပါဘူးလေ..
ကြိုးစားပြီးရေးကြတာပေါ့.. ကျားယို့... အားမလျော့နဲ့ :)
တခါတလေတော့ ဒီဘလော့ကြီးက စိတ်ထဲဖိစီးလာတာ အမှန်ဘဲ.. အသစ်မတင်နိုင်ရင် လာဖတ်သူတွေကို အားနာမိတယ်.. ဒီလိုနဲ့ ကိုယ့်မှာ ကိုယ်ပိုင်အချိန်တွေ ရှားပါးလာတယ်..
ဒီဘလော့ထဲ မြုပ်နှံထားမိသလိုဖြစ်လာတယ်..
အသစ်တင်နိုင်ရင်တော့ စိတ်ချမ်းသာပေမဲ့ မတင်နိုင်တဲ့အခါ မွန့်လို ခံစားချက်မျိုး ဖြစ်မိတာပါဘဲ..
ဘာဘဲဖြစ်ဖြစ် ၀ါသနာပါလို့ လုပ်မိမှတော့လဲ နောင်တ ဆိုတာ မရချင်ပါဘူးလေ..
ကြိုးစားပြီးရေးကြတာပေါ့.. ကျားယို့... ညီမလေး အားမလျော့နဲ့ :)
blackroze said…
အဆင်ပြေတဲ့အချိန်မှာအဆင်ပြေသလိုသာ
ရေးလိုက်ပါမွန်ရေ..ကျမလဲဒီလိုဘဲရေးနေရတာလေ
အလုပ်တဘက်နဲ့ဆိုတော့စာရေးဖို့တတ်နိုင်သလောက်
ကြိုးစားရတာဘဲလေ
ကျုပ်လောက်တော့ အမွန်လေးကမဆိုးသေးပါဘူးအေ..
နှိုင်းတောင် ဘလော့ဂ်ကိုပြစ်ထားမိတာကြာပြီ..:(
မွန်....တို့ဘ၀တွေ အတူတူပါပဲ....တစ်ခွန်းပဲပြောသွားတယ်
"Aja Aja Fighting" :))

ချစ်တဲ့
ဂျင်း
noblemoe said…
မမွန် ခံစားချက်တွေတူနေပါတယ်ရှင်းးးး
အလုပ်ထဲစိတ်နစ်လိုက်ရင် အဲဒီလိုဖြစ်သွားတာပါပဲနော်
တူတူပါပဲ
အားပေးလျှက် မပိတ်ပစ်ပါနဲ့နော် အားမှရေးပေါ့ မိုးလည်းအဲဒီလိုစဉ်းစားဖူးတယ် ဒါပေမဲ့ သံယောဇဉ်လေမပျက်နိုင်သေးဖူး ဘလော့ကလည်း တမျိုးစွဲတယ်နော် မရေးဖြစ်တောင် ဖတ်ရမှလေ...
သာယချမ်းမြေ့ပါစေရှင်းးးးးးးးး
မပိတ်ထားပါနဲ့
အဟောင်းလည်း မဖတ်ရသေးတဲ့သူအတွက် အသစ်ပဲဟာ
း)
အားရင် စာရေးပါဦး ..
မမွန်ရေ...ဘ၀တူတွေပါပဲ။
အားတဲ့ခါရေးပါနှော်။
အရောက်လာလို့ဖတ်ပါမယ်။
နောက်ရေးမယ့်ပိုစ်အသစ်တွေအတွက်
စောင့်မျှော်လျှက်....


ခင်မင်စွာဖြင့်
ခိုင်နုငယ်
မွန်နဲ့တွေ့မှ R ဇာနည်လည်း အသံတွေတောင်ပျောက်တော့တယ် မှတ်သားစရာ တစ်ခုပဲ ဒါလဲ ဟဟဟဟ

ခင်တဲ့(ချိုကျ)
ကွန်ပြူတာရှေ့မှာအိပ်ပျော်နေတာ ညီမမြတ်မွန်များလား..
အလုပ်တဖက်နဲ့စာရေးဖို့ကြိုးစားရတာတကယ်တော့
မလွယ်ပါဘူး..၀ါသနာကြီးလွန်းလို့သာပဲ..။
အချိန်အားတော့မှ ရေးပေါ့..စောင့်ဖတ်ပါမယ်ညီမရေ..

ခင်မင်စွာ
သဒ္ဓါ
အားတဲ့ အချိန်ရေးလဲ လာဖတ်မှာပေါ့ဗျာ
ဒီလိုပဲ အချိန်တွေနဲ့ လူတိုင်းလုံးချာလည်လိုက်နေ တာလေး)
ယွန်း said…
ဒီလိုပါပဲမွန်ရယ် ..တို့ တွေဘ၀တူတွေပဲဟာ..
:)
Anonymous said…
နောက်နေ့ပေါင်းများစွာ...ရှိသေးတယ်၊ အိပ်ရေ၀မှ စာထရေးလိုက်ပါ မွန်၊ ကျမ်းမာခြင်းသည် လာဘ်တစ်ပါးတဲ့ကွယ်...

ထာဝရမှ
စိုင်း
Anonymous said…
ရှေ့သို့သာသွား သောကြာကြယ်အလားပေ ...
အဲဒီသီချင်းလေးက အားရှိစေပါတယ် ...
ရှင်သန်နေသရွေ့မသေတာ သေချာပါတယ် ...
ငြိမ်းစိုးဦး
sosegado said…
တိုင်ပေကတော့တော့ကို ပူနေတာ လမ်းတစ်နာရီလောက်လျှောက်လိုက်တာ ဟိုက်သွားရော
အာဇာနည်အသံနဲ့တောင် နှိုးပုံမရရင် အင်း...ဒီပုံနဲ့ဆို ဝိတ် တက်လာနိင်တယ်း)

Popular posts from this blog

အနာဂတ်ဆိုတာ မရောက်သေးတဲ့ ပစ္စုပ္ပန်

နွားအို

ဘယ်တော့မှ မမေ့ပါဘူး