1/30/2010

ချစ်ခြင်းနဲ့မေတ္တာ

ချစ်ခြင်းနဲ့မေတ္တာ တူမလိုလိုနဲ့ သိပ်ကိုကွဲပြားပါတယ်။ မေတ္တာဆိုတာ အေးမြတယ်။ သန့်ရှင်းတယ် ။ သူတစ်ပါးအကျိုးကိုဆောင်တယ်။ ချစ်ခြင်းက အတ္တဆန်တယ်။ စိတ်ရဲ့သာယာမှုကို လိုက်ပြီး ရယူလိုစိတ်ဆိုတဲ့ အတ္တတွေပါလာတယ်။ လူတယောက်တွင် အတ္တဆန်လာသောအခါ မေတ္တာ စိတ်များခေါင်းပါးလာတက်တယ်တဲ့။

မေတ္တာစိတ်၊ ဂရုဏာစိတ်၊ မုဒိတာစိတ်၊ ဥပက္ခာစိတ် ၊ ခွင့်လွတ်တက်သည့်စိတ်၊ သည်းခံတက်သည့်စိတ်၊ ချစ်ခြင်း၊ သနားခြင်း၊ ပေးကမ်းစွန့်ကျဲလိုခြင်း၊
သူတပါးအပေါ်နားလည်ခွင့်တက်ခြင်း ဆိုတာ စိတ်ကောင်း စိတ်မြတ် တွေဖြစ်တယ်။ မေတ္တာစိတ်နဲ့ ချစ်တက်လာရင် သူတစ်ပါးကို ကောင်းစားစေချင်တယ်၊ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ချင်တဲ့ စိတ်တွေ ကင်းစေတယ်၊ သူတစ်ပါးပျော်ရွှင်နေရင်ပဲဖြစ်ဖြစ် ကောင်းစားနေရင်ပဲ ဖြစ်ဖြစ် မုဒိတာပွါးကာ ကိုယ်ပါ သူရဲ့ အပျော်တွေ ကူးစက်လာစေတယ်။ မေတ္တာရဲ့ အေးမြတဲ့ သဘောလို့ ဆိုနိုင်တယ်။

ချစ်ခြင်း ဆိုတာက အတ္တပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက် တစ်ခြားလူတစ်ယောက်နဲ့ ချစ်ကြိုက်သွားတဲ့အခါ ရင်မှာ ပူလောင်စွာ မီးတစ်ဟုန်းဟုန်းတောက်နေသကဲ့သို့ ခံစားရတော့တယ်။ တစ်နည်းအားဖြင့် ဆိုရင်တော့ အသည်းကွဲခြင်းပေါ့။ မေတ္တာမှာ အသည်းကွဲခြင်းဆိုတာ မရှိ။ ထို့ကြောင့် ချစ်ခြင်းကို မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ဖို့လိုတယ်။ မေတ္တာနဲ့ ချစ်တဲ့အခါ သီတာရေစင်ကို သောက်သုံးလိုပဲ နှစ်ဦးနှစ်ဘက်လုံးကို အေးမြစေပါတယ်။

ဘုရားစာအုပ်တခုတွင် ဖတ်ဖူးတာလေးကို တင်ပြချင်ပါတယ်။ (မေတ္တာတွင် ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံ မေတ္တာ ဟူ၍ သုံးမျိုးရှိသည်။ သူတပါးအကျိုးကို ချမ်းသာအောင် ၊စိတ်ပါလက်ပါ၊ ကြည့်ဖြူစွာ ကူညီခြင်း ၊သူတပါးစိတ်ဆင်းရဲအောင်မလုပ်ခြင်း ၊မထိပါး၊မစော်ကားခြင်းလည်း၊ ကာယကံ မေတ္တာ မည်၏။ သူတပါးအပေါ် ညှာတာစွာ ချစ်ခင်ကြည်အေးဖွယ် စကားကိုသာ မြွတ်ဆို သုံးဆွဲခြင်း ၊နှုတ်ဖြင့်မထိခိုက်စေခြင်းများကို ဝစီကံ မေတ္တာ ဖြစ်သည်။ မှန်ကန်သော စိတ်ဖြင့် သူတပါးကို ကျန်းမာချမ်းသာစေခြင်း အတွင်းစိတ် သဘောများကို မနောကံ စိတ်ဟု ခေါ်သည်။)

လူအများနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါ မေတ္တာစိတ်ကလေးက ပေါင်းကူးတံတားလိုပဲ နှစ်ဦးနှစ်ဘက်ကို တရားသဖြင့် မျှမျှတတ စဉ်းစားပေါင်းသင်း ဆက်ဆံစေတဲ့ အခြေခံ စိတ်ကလေးပါပဲ။ မေတ္တာစိတ်ကလေး ကိန်းအောင်းနေတဲ့ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကလေးတွေကလည်း သူတစ်တပါးကို ကိုယ်ချင်းစာ ကူညီတက်တဲ့ လုပ်ဆောင်ချက်ကလေးတွေဖြစ်တယ်။ တနည်းအားဖြင့် ပရိဟိတ လုပ်ငန်းလေးတွေလို့ ဆိုနိုင်တယ်။

မေတ္တာစိတ်ရှိမှ လူအချင်းချင်း ဘဝတူ၊ အဆင့်တူတယ်ဆိုတဲ့ အသိ၊ လူအချင်းချင်း ကိုယ်ချင်းစာတယ်ဆိုတဲ့ အသိ၊ လူအခွင့်ရေးများလဲ တန်းတူ ရှိသင့်တယ်ဆိုတဲ့ အသိလေးတွေ ဖြစ်လာတယ်။
ထို့ကြောင့် ရယူလိုခြင်းဆိုတဲ့ အတ္တကိုဖယ် မေတ္တာနဲ့ ချစ်ခင်နိုင်ပါစေ။ ကိုယ့်အပေါ် မကောင်းလည်း မေတ္တာတရားလေးနဲ့ ချစ်တက်နိုင်ပါစေ။

Ps;ကိုယ်တိုင်ရော ကျင့်ကြံ့နိုင်လို့လား မေးစရာ ဖြစ်လာနိုင်ပါတယ်။ ကိုယ်တိုင်လည်း အသိကလေးနဲ့ ယှဉ်၍ သတိလေးနဲ့ ကြိုးစား ကျင့်ကြံ နေတုန်းပါလို့ ဝင်ခံပါရစေ။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်

19 comments:

ဒဏ္ဍာရီ said...

ညီမလေးရေ... ဒီအသိလေးကိုတော့ အပြည့်အ၀ ထောက်ခံသွားတယ်နော်။ ကံသုံးပါးနဲ့ လုံခြုံတဲ့ မေတ္တာစိတ်လေး ရလာအောင်တော့ မွေးမြူရအုံးမယ်။ မမလည်း အဲဒီလောက်တော့ မပြည့်စုံသေးဘူး ထင်တာပဲ။

ခင်မင်လေးစားလျှက်

ဂျင်း said...

မြတ်မွန်ရေ...
ဂျင်းကို တိုက်ရိုက်ဆုံးမနေသလိုပါပဲလား :))
မြတ်မွန်ကိုတော့ တကယ်လေးစားသွားပါင်္ပြီ
တတ်နိုင်သလောက်ကြိုးစားကြည့်လိုက်ဦးမယ်နော်

မြတ်မွန်လည်းသာယာပျော်ရွှင်ချမ်းမြေ့ပါစေ...
ချစ်တဲ့
အင်ကြင်း

subuueain said...

မေတ္တာစိတ်လေး အမြဲတမ်းထားနိုင်အောင်ကြိုးစားရဦးမယ် မွန်ရေ။ အမက စိတ်ဆတ်တယ် :)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

လူတယောက်တွင် အတ္တဆန်လာသောအခါ မေတ္တာ စိတ်များခေါင်းပါးလာယုံတင်မကပါဘူး ဂရုဏာ မုဒိတာ အစရှိတာတွေ ဘာမှမရှိတဲ့ဘူး လူလို့ ခေါ်ဘို့ တောင်တော်တော်လေး ခက်ခဲသွားပါတယ်
ပျော်ရွှင်ပါစေ ကလေး ရေ

ချိုကျ said...

မြတ်မွန်ရေ..အသိရှိမှသတိနဲ့ကျင့်ကြံအားထုတ်နိုင်လိမ့် မယ်ထင်တယ်။မြတ်မွန်ရောဘယ်လိုထင်လဲဗျ...

မြစ်ကျိုးအင်း said...

လူတိုင်းအပေါ်မေတ္တာထားနိင်ရင်တော့ အကောင်းဆုံးပါပဲ ။ လူအဖွဲ့အစည်းထဲမှာ မေတ္တာတရားက အားကောင်းလာရင် နေထိုင်လို့ သိပ်ကောင်းမယ့် လူ့ဘောင် လောက ဖြစ်လာမှာသေချာပါတယ်။
အဓိကက တယောက်ချင်းစီ ကိုယ်စီ တာဝန်ယူ ကြဖို့ပဲမဟုတ်လား ...။

ညရဲ့ကောင်းကင် said...

မြတ်မွန်ပြောတာတွေမှန်ပါတယ်...
ပူလောင်တဲ့ အချစ်နဲ့
အေးမြတဲ့ မေတ္တာက ဘယ်လောက်တောင်ကွာခြားတယ်ဆိုတာ...
အားလုံးကို မေတ္တာထားနိုင်အောင် ကြိုးစားရပါအုန်းမယ်...

ကျေးဇူးမြတ်မွန်...

Anonymous said...

ဟုတ်ပါ့ဟုတ်ပါ့ mmရယ်၊ ကျွန်တော်လည်းဖြစ်ဖူးတယ်။ အဲ့ဒီကျနော့်အဖြစ်က ဘယ်လိုလဲဆိုတော့ အိမ်ကခွေးဖြူလေးလိုပဲ ကျွန်တော့်အနားကို
တစ်ခြားလူလာကပ်မှာစိုးလို့ တဟင်းဟင်း တဝေါက်ဝေါက်နဲ့ သွားကြီးဖြဲပြီး ဟောင်သလိုပဲ။ ဟီး...

ခင်မင်စွာဖြင့်
စလတ

အယ်ကို said...

အတ္တဆန်လာသောအခါမေတ္တာ စိတ်ခေါင်းပါးလာတတ်တယ်... အင်း....


အတ္တဆန်မိတဲ့ ကိုယ့်ကိုကိုယ် နောင်တရမိပါတယ်။

မြတ်မွန်ရေ
လေးစားလျက်ပါ။

မိုးစက်အိမ် said...

ဟုတ်တယ်ဗျ တကယ့်ချစ်ခြင်းနဲ့ မေတ္တာဆိုသာမှန်ရင်
အတ္တတွေဘယ်လောက်ရှိနေပါ မာနတွေလောက်ကြီး
နေပါစေ နောက်ဆုံးမှာ အရာအားလုံးကိုချိုနှိပ်ပြုတ်ကျ
လို့ အေးချမ်းပြီး ကြည်နူးတဲ့ ချစ်ခြင်းမေတ္တာကိုခံစား
ကြရမှာ မလွဲဧကန်ပါဘဲဗျာ :)

စိတ်၏ဖြေရာ said...

ရိုင်းစိုင်ြး့ပီးအတ္တကြီးတဲ့သူတွေနဲ့တွေ့တဲ့အခါသူတို့တွေ
ဘာလို့ဒီလောက်စိတ်တွေဆိုးဝါးကြတာလဲတွေးမိပေမဲ့
ကိုယ်ကိုယ်တိုင်လည်းမေတ္တာစိတ်မပြည့်ဝသေးတာ
တော့အမှန်ဘဲညီမရေ။အသိလေးနဲ့ဆင်ချင်ပြီး
မေတ္တာအမြဲထားနိုင်အောင်ကြိုးစားလိုက်အုန်းမယ်ညီမရေ။
သတိတရလာလည်လို့ကျေးဇူးပါနော်။
ချစ်ခင်စွာဖြင့်
အမ စိတ်၏ဖြေရာ

~ဏီလင်းညို~ said...

မြတ်မွန်ရေ...
ဟုတ်တယ်...
ကိုယ်က မေတ္တာစစ်စစ်နဲ့အေးအေးမြမြချစ်ပြန်တော့လည်း...သူတို့တွေက သစ္စာဖောက်သွားတတ်ကြတယ်လေ...။ အဲ့ဒီတော့ ဥပက္ခာပြုထားရတာပေါ့နော့်....း)
ဒါပေမယ့်...ဒါပေမယ့်....း))
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

္တမေတ္တာတရားဟာ အရာရာကို အောင်နိုင်သတဲ့...်ထားနိုင်အောင် ကြိုးစားရမှာပေါ့နော်....


ခင်မင်တဲ့
ဂျပန်ကောင်လေး

ချော (အစိမ်းရောင်လွင်ပြင်) said...

မေတ္တာတရားကိုကျယ်ကျယ်ပြန့်ပြန့်လေးရှင်းပြထားတာ သိပ်ကောင်းပါတယ်.. လူတိုင်း မေတ္တာတရား ကိုယ်စီထားနိုင်ကြရင် သိပ်ကောင်းမှာဘဲနော်...

ပေါ့ဆိမ့် (ဆင်တဲကဖေး) said...

မှတ်သားကျင့်ကြံ စရာလေးတွေ ပါပဲ...

မကေ said...

အရမ်းကိုကောင်းတဲ့ ပိုစ့်လေးပါပဲ။ မေတ္တာစိတ်လေး အမြဲတမ်းထားနိုင်အောင် သတိထား
ပြီး ကြိုးစား လိုက်အုံးမယ် မမြတ်မွန်ရေ

ဝက်ဝံလေး said...

သိပ်ကောင်းတဲ့ ပို့စ်လေး ပါ အမရေ
ဖတ်မှတ်လေ့လာသွားပါတယ်နော်

အိမ် said...

ဟုတ်ပါ့ဗျာ အမှန်ကလူတွေက မလည်မရှုပ်လုပ်ထားတာ၊ ချစ်ခြင်းမှာ ကိလေသာ၊ တဏှာပါတယ်၊ မေတ္တာဆိုတာ အဖြူသက်သက် စုန်ရေသက်သက်၊ ဆန်ရေမရှိတဲ့ စုန်ရေသက်သက်ဆိုပါတော့။ ဒါကိုလူတွေက ၂ခုရောပစ်ကြတာပါ...။

စံလင်းထွန်း said...

ချစ်ခြင်းနဲ့ မေတ္တာအကြောင်း လေ့လာသွားပါတယ်။