အေးချမ်းလှတဲ့ ဆောင်တွင်းလေး တစ်ခုမှာပေါ့။ အိပ်ရာထဲမှာ မထသေးပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ မျက်လုံးထဲကို ဝင်လာသော ဆူးရှရှ အလင်းရောင်ကြောင့် မျက်လုံးကို အားယူကာ ဖွင့်လိုက်ပါသည်။ အိပ်ရာထဲက လှမ်းကြည့်လိုက်ပါသည်။ ကြည်လင်ပြတ်သားနေသော မှန်ပြတင်ပေါက်လေးက တဆင့် အပြင်ကို ကျွန်မ ကြည့်လိုက်မိပါသည်။ မြက်ခင်းစိမ်းစိမ်းလေးတစ်ခုရယ်၊ မြက်ခင်းပေါ်မှာတော့ လှပတဲ့ စာပွဲခုံဖြူဖြူလေးတစ်ခုရယ်၊ ထိုင်ခုံဖြူဖြူလေး ၂ခုရယ်၊ စားပွဲပေါ်မှာတော့ ကျွန်မကြိုက်တက်တဲ့ နံနက်စာတွေရယ်၊ သူနဲ့ကျွန်မသောက်နေကြဖြစ်တဲ့ ခွက်လှလှလေး၂ခုရယ်၊ ခွက်လှလှလေးရဲ့ ဘေးနားမှာတော့ ချစ်စရာကောင်းတဲ့ နေ့တိုင်း ကျွန်မတို့သောက်နေကြ ကော်ဖီအိုးလေးရယ်၊ ကျွန်မကြိုက်တယ် ပြောထားလို့ နေ့တိုင်း သူလုပ်ပေးနေကြ နံနက်စာလေးရယ်၊ ဘာစားစား ပါးစပ်ပေတက်တဲ့ ကျွန်မအကျင့်ကြောင့် အဆင်သင့်ထားထားတဲ့ တစ်ရှူးဘူးလှလှလေးရယ်ပေါ့။ နံနက်စာ အတွက် စိတ်ရှည်လက်ရှည် ပြင်ဆင်ပေးနေတဲ့ သူကို ကျွန်မလှမ်းကြည့်နေမိသည်။ ကျွန်မလှမ်းကြည့်နေတာကို နံနက်စာတွေကို ပြင်ဆင်နေတဲ့ သူ သတိထားမိသွားတယ် ထင်ပါတယ်။ ကျွန်မကို မြင်တော့ သူပြုံးပြပါသည်။ ပြီးတော့ "မောနင်းမွန်"တဲ့ နှတ်ဆက်ပါသည်။ ကျွန်မလဲ သူကိုပြုံးပြလိုက်ပါသည်။သူက အလုပ်ရှုပ်နေရင်းက ကျွန်မကို လှမ်းအော်ပြောပါသည်။ "အလုပ်နောက်ကျမယ်နော် မွန် မြန်မြန်မျက်နှာသစ် နံနက်စာတွေအေးကုန်မယ်"။
သူလှမ်းအော်ပြောနေသော်လည်း ကျွန်မသူ့ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိသည်။ အေးချမ်းလှတဲ့ ဆောင်းရာသီလေးတစ်ခုမှာ ကိုယ်ချစ်သူက ကိုယ်အတွက် စောစောစီးစီး နံနက်စာပြင်ပေးနေတာ ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ။ ပြီးတော့ အရမ်းချစ်စရာကောင်းသော ချစ်သူလေး။ အရမ်းကို ကြည်နူးစရာကောင်းလိုက်တာနော်လို့ ကျွန်မ သူ့ကိုကြည့်ရင်း တွေးနေမိပါသည်။ ဒီလို အချိန် ဒီလို မနက်ခင်းလေးတွေကို အမြဲတမ်း ရှိစေချင်လိုက်တာလို့ တောင့်တနေမိသည်။ "ကလင် ကလင် ကလင်" ရုတ်တရက် ဆိုးဝါးလှတဲ့ အသံကြောင့် ကျွန်မ မျက်လုံးကို မြန်မြန်မဖွင့်နိုင်သေးပဲ အသံလာရာကို လက်နဲ့လျှောက်စမ်းကြည့်မိသည်။ ကျွန်မရဲ့ အသံပြဲနဲ့ စွတ်အော်နေသော နံနက်ခင်းတိုင်းနှိုးနေကျ ကျွန်မရဲ့ အချစ်ဆုံး ဖုန်းကလေးပေါ့။ ဖုန်းကိုမြန်မြန်လေး ပိတ်ပြီးတော့ ပြတင်ပေါက်ဆီသို့ လှမ်းကြည့်မိပါသည်။ မိုးတွေရွာနေပါလား။ မြက်ခင်းစိမ်းစိမ်း တစ်ခုလုံးကတော့ မိုးရေတွေနဲ့အတူ စိုစွတ်လျှက် ရှိသည်။အိပ်ရာထဲက လူးလဲ ထလိုက်ပြီး ပြတင်းပေါက်နားမှ အပြင်သို ့ကြည့်လိုက်ပါသည်။ ကျွန်မရဲ့ ချစ်သူလေး ကိုလိုက်လံ ရှာဖွေမိ ပါသည်။ မိုးရေထဲမှာတော့ အထီကျန်ဆန်ဆန် ခုံတန်းလေးက လွဲလို့ ဘာမှ မရှိပါလား။ သြော် ငါ အိမ်မက်မက် နေတာပါလားလို့ တွေးမိပြီး ကျွန်မ ဝမ်းနည်းသလို ဖြစ်လာသည်။ ခဏတာ တွေ့လိုက်ရတဲ့ အိမ်မက်ထဲက ချစ်သူမျက်နှာလေးကို ပြန်မြင်ယောင်နေမိသည်။ သူနဲ့ ကျွန်မ အဖြစ်ကလေးက အိမ်မက်လေး တစ်ခုပါပဲလား။
(moon)