ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။
အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်နေမိသည်။ဇနီးဖြစ်သူက မီးဖိုခန်းနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းဆည်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်ကူသည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၍ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအား ပေးခဲ့ပြီးပြီ။ အသုံးမဝင်တော့မည့် ပစ္စည်းများကိုလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။
နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
***************
လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်နိုင်ငံတွင် ကျွန်တော်လာရောက်အလုပ်လုပ်ကိုင် နေထိုင်နေခဲ့သည်။ သည်နိင်ငံရောက်ပြီးသုံးနှစ်ခန့်အကြာတွင် ကျွန်တော့်ကဲ့သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ အမျိုးသမီးလေးတစ်ဦးနှင့်တွေ့ဆုံကာ လက်ထပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဦးဘဝတွင် နှစ်ယောက်အတူ လှုပ်ရှားရုန်းကန်ခဲ့ရသည်။ မကြွယ်ဝ မချမ်းသာသေးသော်လည်း လူတန်းစေ့ နေထိုင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် အိမ်ထောင်သက် နှစ်နှစ်ခန့်တွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိလာသည်။
သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရ၏။ ထိုနောက် သမီးလေးကို မွေးဖွားခဲ့ပါသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန်အတွက် ခွင့်ရက် လေးဆယ့်ငါးရက် ရပါသည်။ ထို့ကြောင့် သမီးလေး တစ်လသားအရွယ်တွင် ဇနီးဖြစ်သူမှာ ခွင့်ရက်စေ့သွားတာကြောင့် အလုပ် ပြန်တက်ရလေသည်။ အိမ်နီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ဦးကို လခပေး၍ သမီးလေးကို ထိန်ခိုင်းရသည်။
ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့ပြန်သည်။ ကလေးနှစ်ယောက်အတွက် ထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နို့မှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က ရှားပါးလှသည်။ ကျွန်တော် အလုပ်သွားချိန်တွင် ကလေးများက အိပ်ယာမှမနိုးသေးဘဲ ကျွန်တော် ပြန်လာချိန်တွင်တော့ ကလေးများက အိပ်ပျော်နေပြီ ဖြစ်သည်။
ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာလည်း မြင့်မားလှပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ ပြန်ပို့ကာသူတို့၏ အဖိုးအဖွားများထံတွင် ခဏတာ အပ်ထား၍့ ထိုအတောအတွင်းတွင် ကျွန်တော်နှင့် ဇနီးဖြစ်သူက ကြိုးစား၍ ရှာဖွေစုဆောင်းပြီးမှ သားသမီးများကို ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
သားသမီးများနှင့် ခွဲခွါရ သဖြင့် ကျွန်တော်တို့နှစ်ဦးစလုံး စိတ်မကောင်း ဖြစ်ကြရသည်။ သားသမီးများကို စိုးရိမ်စိတ်၊ သတိရသည့် စိတ်များကြောင့် ရင်တွေ ပူလောင်လွန်းရသည်။ ထိုခံစားချက်များသည် သားသမီးများ၏ ရှေ့ရေးနှင့် ယှဉ်လျှင်တော့ ခံသာသည်ဟု ဆိုရမည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး၏ ရည်ရွယ်ချက်မှာ သားသမီးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး ပညာတတ်များ ဖြစ်စေချင်သည်။ ထို့ကြောင့် ကလေးများကို သတိရချိန်တွင် အလုပ်ကိုသာ ပို၍ကြိုးစားဖြစ်သည်။ အားလပ်ရက်များတွင်ပါ အချိန်ပိုဆင်းသည်။ ကလေးစရိတ်များ သက်သာသွားတာကြောင့် နှစ် နှစ်ခန့် အကြာတွင် အနည်းငယ်စုဆောင်းမိလာသည်။ ထိုနောက် သားနှင့် သမီးကို ကျွန်တော်တို့နှင့် အတူထားရန် ပြန်ခေါ်လာဖြစ်ခဲ့တော့သည်။
***************
သားသမီးများ ပြန်ရောက်သည့် နောက်ပိုင်းတွင် မိသားစု ဘဝလေး ပို၍သာယာ ပျော်ရွှင်လာခဲ့ရသည်။ သားနှင့်သမီးကို အနီးနားရှိ ကျောင်းတွင် ထားသည်။ ကလေးများကို မြန်မာပြည်တွင် ထားသည့် နှစ်နှစ်ကျော် အချိန်အတွင်း တတ်လာခဲ့သည့် မြန်မာစကားများကို ပြန်မေ့မသွားစေရန် မြန်မာလိုသာ ပြောဆို ဆုံးမဖြစ်သည်။ ဇနီးဖြစ်သူက ကလေးများကို အားလပ်ချိန်တွင် ဘုရားရှိခိုးနည်းများ သင်ပေး၏။
သို့သော် ကျွန်တော်တို့ မိသားစု အတူတကွ ဆုံတွေ့ချိန်က ညပိုင်းများသာ ဖြစ်သည်။ ကျွန်တော်တို့ အလုပ်တက်နေချိန်တွင် သားနှင့်သမီးမှာ တနေကုန်ကျောင်းတက်ကြသည်။ မိသားစုဘဝ ဆုံတွေ့ချိန် နည်းလှသည့် သည်နိုင်ငံတွင် ကျွန်တော် မထင်ထားသည့် ဆိုးရွားမှု တစ်ခုရှိလာသည်။ ထိုအရာမှာ သားသမီးများကို ကျောင်းထားပြီး တစ်နှစ်ကျော်ခန့်အချိန်တွင် စတင်ခဲ့သည်။
တစ်နေ့တွင် ကျွန်တော် အလုပ်မှ အချိန်အနည်းငယ် စောကာ ပြန်လာသည်။ အိမ်တံခါးဖွင့်ပေးရန် ခေါင်းလောင်းကို နှိပ်လိုက်၏။ ကျွန်တော့် သားလေးက တံခါလာဖွင့်ပေးသည်။ တံခါးဖွင့်သံကြားသည့် ကျွန်တော့်ဇနီးက မီးဖိုခန်းထဲမှ လှမ်းအော်မေးသည်။
“ တံခါးကို အရမ်းစွတ် မဖွင့်နဲ့။ ဘယ်သူလဲကြည့်အုံး။ ”
“လောင်မား။ နီးလောင်ကုန်းလား။ ” (အမေအိုကြီး နင့်ယောင်္ကျား )ဟု ပြန်ဖြေသံကို ကြားရသဖြင့် ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ထိုနောက် လွယ်ထားသည့် အိတ်ကို ဘေးတွင်ချပြီး သားကိုဆုံးမရတော့သည်။
“သားငယ်လေး။အဲဒီလို မပြောရဘူး။ ဖေဖေ ၊ မေမေ လို့ ခေါ်ရတယ်လေ။”
ကျွန်တော်ဆုံးမတော့ “ဟုတ်”ဟု ဆိုကာ ပြေးထွက်သွားသည်။ ထိုကဲ့သို့ မိဘကို အခေါ်အဝေါ်များသည် ကာတွန်းကားများထဲမှ အတုယူထားခြင်းဖြစ်မည်ထင်သည်။ သည်နိင်ငံတွင် ကလေးများကြိုက်ကြသော (လပီရှောင်ရှင်း) ဟု အမည်ရသည့် ကလေးဆိုး ကာတွန်းကားမှာ ခေတ်စားလှသည်။ ထိုထဲတွင် လူကြီးမိဘများကို ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ကလေးများကို ပိုမိုဂရုစိုက်ပေးဖို့ ဇနီးဖြစ်သူကို မှာကြားရသည်။
“မင်း ကလေးတွေကို နည်းနည်းပါးပါး ဆုံးမအုံးကွာ ။ ကလေးတွေ အကျင့်ပျက်နေပြီ။ ”
ပြောသာပြောရသည် ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အားလပ်ချိန်များတွင် ပြောဆိုဆုံးမလေ့ ရှိသော်လည်း ထိုကဲ့သို့ အားလပ်ချိန်မှာလည်း များများစားစား ရှိလှသည်မဟုတ်။ ဆုံးမချိန်ခဏသာ “ ဟုတ် ” ဟုခေါင်းညိတ်ကြသည်။ ပြီးလျှင် မေ့သွားကြပြန်သည်။ တစ်ခြား ကလေးများမှာလည်း ထိုနည်းတူ၊ ထို့ထက်ပိုဆိုးများသာ ဖြစ်သည်ကိုလည်း အမြဲမြင်တွေ့နေရတာကြောင့် ကျွန်တော့်ကလေးများအတွက် ရင်ပူမိသည်။
ကျောင်းတွင် ကလေးများကို ရိုက်နှက်ဆုံးမခွင့် မရှိပါ။ ကျောင်းသားကို ရိုက်မိသဖြင့် ရဲတိုင်ခံရသည့် ဆရာများ အကြောင်း မကြာခဏကြားနေရသည်။ ဆရာများတွင်သာ မဟုတ်။ မိဘဖြစ်သူအနေဖြင့်လည်း သားသမီးကို ရိုက်နှက်ဆုံးမိလျှင် ရဲတိုင်ခံရပြန်သည်။ တစ်သက်တစ်ကိုယ် မကြားဖူးသော ဓလေ့ထုံးစံဖြစ်သည်။ ထိုဓလေ့ကြောင့် သားသမီးများက မိဘကို ရိုသေရကောင်းမှန်း မသိ။ ဆရာများကိုလည်း ကြောက်ရကောင်းမှန်း မသိကြ။ အရွယ်ရောက်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြမည့် အတွေးများကြောင့်လည်း လူကြီးမိဘများအပေါ် ရိုင်းစိုင်းရဲကြခြင်းဖြစ်မည်။ ထိုအရာသည် လွတ်လပ်ခွင့်၏ ဘေးထွက်ဆိုးကျိုးဟု ကျွန်တော်ထင်မိသည်။
ကျွန်တော်တို့ယခုအသက်အရွယ် ရောက်သည်အထိ လမ်းတွင် ဆရာ၊ ဆရာမများကိုတွေ့လျှင် လက်နောက်ပစ်၍ ဖြစ်စေ၊ လက်အုပ်ချီ၍ဖြစ်စေ နှုတ်ဆက်ကြရသည်။ ခေါင်းကလေးငုံ့ကာ ဖြတ်လျှောက်ကြသည်။ အခါကြီးရက်ကြီးများတွင် မိဘ ဆရာသမားများကို သတိတရ သွားရောက် ကန်တော့လေ့ရှိသော်လည်း ယခုအချိန်ထိ ကျွန်တော်တို့ ဇနီးမောင်နှံမှာ ပြန်ကန်တော့ခံခွင့်မရသေး။ သက်ပြင်းတစ်ချက်သာ လေးလေးပင်ပင် ချလိုက်မိတော့သည်။
အခွင့်သာတိုင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကျွန်တော်နှင့်ဇနီး ဖြစ်သူ၏ ဆိုဆုံးမမှုသော်လည်း သည်နိင်ငံယဉ်ကျေးမှုဓလေ့ စရိုက်များ အောက်တွင် မှုန်ဝါးဝါး ဖြစ်ရလေ့သာရှိသည်။ ကလေးနှစ်ယောက်စလုံး၏ စိတ်ထဲတွင် သူတို့ကိုယ်ကို သည်နိင်ငံသားများဟုသာ အတွေးဝင်နေကြပုံရသည်။ နုနယ်သော သူတို့နှလုံးသားများထဲတွင် ဓလေ့စရိုက်ဆိုးများက အမြစ်တွယ်စပြုနေပြီထင်သည်။ ကြာလာတော့ ပြောဆို ဆုံးမရတာပင် စိတ်ပျက်စပြုလာတော့သည်။ အိမ်ပြန်ရောက်လျှင် မြင်ရတွေ့ရသည်မှာ စိတ်မချမ်းသာ။ ကလေးများကတော့ အခြေအနေပို၍သာ ဆိုးလာတော့သည်။ သမီးနှင့်သားမှာ တဖြေးဖြေး အရွယ်ရောက်လာသည်။ သမီးက ၁၀ နှစ် သားက ၈ နှစ်အရွယ်သို့ပင်ရောက်လာသည်။ မောင်နှစ်မ အချင်းချင်းလည်း သည်နိင်ငံ၏ လူနေမှုဘဝ ဓလေ့အတိုင်းသာ ဆက်ဆံကြသည်ကို မကြာမကြာ မြင်နေရသည်။
မောင်နှမအချင်းချင်း ပစ္စည်းညွှန်လျှင်လည်း ခြေထောက်နှင့်သာ ညွှန်ကြသည်။ ပန်ကာ ပိတ်လျှင် ခြေထောက်ဖြင့် ပိတ်ကြသည်။ တီဗီပါဝါခလုတ်ကို ခြေထောက်ဖြင့် ဖွင့်ကြသည်။ တွေ့လျှင် ဆုံးမသော်လည်း ကျောင်းတွင် ကျောင်းသားချင်းဆီမှ ကူးစက်လာဟန်တူသော ဓလေ့စရိုက်များက အရိုးစွဲစပြုနေဟန်တူသည်။ ဆုံးမရတာ များလာသည်ကြောင့် သမီးနှင့်သားကလည်း မိဘများနှင့် မျက်နာချင်းဆိုင် ရှိနေချိန်နည်းလာသည်။ မိသားစု ဘဝသည် ယခင်လို ပျော်ရွှင်ဖွယ် မကောင်းတော့။ သက်ပြင်းများဖြင့်သာ နေ့ရက်များကို ဖြတ်သန်းရတော့သည်။ ထိုသို့ဖြင့် ရင်ခွင်တစ်ခုလုံး လောင်မီးကျတော့မည့် နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က တနင်္ဂနွေ အားလပ်ရက်ဖြစ်တာကြောင့် အိမ်တွင် မိသားစု စုံညီနေသည်။
“ သမီး အမေ့ကို တီဗီရီမုပေးစမ်း ”
တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။
“ အင့်ဟာ... ”
ဖုန်း...
ဖုန်း...
“ငါတို့ဒီလောက် ဆုံးမနေရဲ့နဲ့ကို ရိုင်းစိုင်းလိုက်ကြတာ။ မိဘကို ပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း”
ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် အသည်းနှလုံးများ ကြွေပျက်သွားမည့် စကားကို ပြောချလိုက်သည်။
“ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”
ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိင်။ ကျွန်တော် အသက်ရှူ ရပ်တန့်သွားပြီဟုပင်ထင်မိသည်။ နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့လေပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ လည်ပင်းတွင် တစ်စုံတစ်ရာဖြင့် အပိတ်ဆို့ခံထားရသလို တစ်ဆို့နေတော့သည်။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။
“ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ”
“ အဖေက ငါ့ကို ဘာလို့ရိုက်လဲ ”
သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။
“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”
“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”
“ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ”ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညဥ့်နက်လှပြီ။ ဇနီးဖြစ်သူက မအိပ်သေးဘဲ စောင့်နေသေးသည်။ ကျွန်တော့်ကိုမြင်တော့ ဇနီးဖြစ်သူက လှမ်းဖက်သည်။ ကျွန်တော်လည်း ပြန်လည်ပွေ့ဖက်ကာ သူ့ကျောလေးကို ခပ်သာသာပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ နာကျင်နေသော နှလုံးခုန်သံများက နှစ်ဦးသားစလုံးတွင် ထပ်တူဖြစ်နေလိမ့်မည်။ ဇနီးဖြစ်သူကို ကျွန်တော် စကားတစ်ခွန်းပြောလိုက်သည်။
“ ကိုယ်တို့ မြန်မာပြည် ပြန်ကြစို့ကွာ ”
မြတ်မွန်
နောက်ဆက်တွဲ ဖြည့်စွက်ချက်။ ။
ကျွန်မ သည်ဝတ္ထုတိုလေးကို ဒုတိယအကြိမ်မြောက် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါသည်။ အွန်လိုင်းရွှေဝတ္ထုတိုဆုပေးရေးအဖွဲ့ကြီးက ရွေးချယ်လိုက်သည့် ဆန်ကာတင်စာမူများထဲမှာ ကျွန်မ၏ သည်ဝတ္ထုတိုလေး ပါလာခဲ့သည်။ ထိုမှတစ်ဆင့် အကဲဖြတ် ဆရာ၊ ဆရာမများက ထပ်မံ အမှတ်ပေး အကဲဖြတ်ကြ၏ ။ အကဲဖြတ်သည့် ဆရာ၊ဆရာမ
ဆရာဦးဝင်းငြိမ်း
ဆရာမဒေါ်ခင်ခင်ထူး
ဆရာ တစ်ဦးချင်းထံမှ အမှတ်ပေး သုံးသပ် အကဲဖြတ်ခဲ့ပြီးနောက် ကျွန်မ ဝတ္ထုလေး ဆုရရှိခဲ့သည်။ အွန်လိုင်းရွှေဝတ္ထုတို ဆုရွေးချယ်ရေးအဖွဲ့ကြီးကို ကျေးဇူးတင်ပါတယ်ရှင်။ ဆန်ကာတင်စာမူများကို ထပ်မံရွေးပေးကြသည့် ဆရာ၊ဆရာများနှင့် ဆုပေးပွဲ အဖွဲ့ကြီးကိုလည်း ကျေးဇူးတင်မိပါသည်။ ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ ဝေဖန် အကဲ ဖြတ်ပေးသည့် ဆရာ၊ ဆရာမ များ၏စေတနာကိုလည်း အထူးလေးစားမိပါ၏။ ဆရာ၊ဆရာမများကို အထူးကျေးဇူးတင်ကြောင်း နှင့် ဆရာတို့၏ မှတ်ချက်လေးများကိုလည်း ကျွန်မ အရမ်း တန်ဖိုးထားမိပါသည်။ ဆရာတို့၏ မှတ်ချက်များက ကျွန်မ အတွက်တော့ ဆုရခြင်း ၊ မရခြင်းထက် ပို၍တန်ဖိုးရှိသော အကောင်းဆုံးသော ဆုလာဘ် တစ်ခုဖြစ်ခဲ့ပါသည်။ ထိုကြောင့် ဆရာ၊ဆရာများနှင့် ထိတွေ့ခွင့် ရလို့ ဆုပေးပွဲ အဖွဲ့ကြီးကို ထပ်မံကျေးဇူးတင်မိပါ၏။

ဆရာမ ခင်ခင်ထူး၏ မှတ်ချက်
ဆရာဦးမင်းဒင်၏ မှတ်ချက်
ယခုအကဲဖြတ်ချက်ကိုရေးနေစဉ်မှာပင် .. (လောင်မား၊နီးလောင်ကုန်းလား) (နင်ငါ့ကို ရိုက်တယ်၊အေး .. ငါအခုရဲတိုင်မယ်၊ရဲကိုခေါ်ဖမ်းခိုင်းမယ်) ဟူသော ကလေးငယ်တို့၏ အော်ဟစ်သံကို ကြားယောင် မြင်ယောင်ဆဲဖြစ်ရသည်။ ဤသည်ပင်လျှင် ဤဝတ္ထု၏ အောင် မြင်သောအချက်ဟု ဆိုချင်ပါသည်။ (၁၈)မှတ် ပေးလိုပါသည်။
လေးစားစွာဖြင့်
မြတ်မွန်






44 commets:
ကလေးတွေရဲ့ဘဝက ရင်မောစရာပါလားနော်။ ဟုတ်တယ် ၊ ခုခေတ်နောက်ပိုင်းကလေးတွေလူကြီးကိုရိုသေရကောင်းမှန်းလဲမသိကြဘူး။ ကောင်းပါတယ်။ မြန်မာပြည်ပြန်တာဘဲ
Nice post.
With sympathy,
Ko Zaw
အရမ်းကောင်းတဲ့ စာလေးပါ...
ဖတ်ရင်း ခံစားလိုက်ရပါတယ်...
ကောင်းလိုက်တဲ့ပို့စ်...ရင်ထဲ တစ်မျိုးပဲ...ခံစားရတယ်..။
အင်း...မြန်မာပြည်သားတွေအဖို့တော့ မြန်မာပြည်သာအ
သင့်တော်ဆုံးထင်ပါရဲ့ဗျာ..
ဟုတ်တယ်
ကြောက်စရာပဲ
ရင်မောဖို့လည်း ကောင်းတယ် .. ဟူးးးးးးးးးးးးးးးးးးး
ကလေးတွေ ရိုသေသမှုနည်းပါးလာကြတယ်
ရင်လေးစရာပါဗျာာ
မောင်ဘကြိုင်
နေပြည်တော်မှလာသည်
အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြင်ပ ရောက်နေတဲ့မိသားစုတွေကို ကိုယ်စားပြုလိုက်သလိုပါဘဲ။
ရောမရောက်လို့ ရောမလိုများ ကျင့်ကုန်သလား မသိဘူး။
အတုခိုးလွယ်တဲ့ ကလေးတွေအတွက် ယဉ်ကျေးမှု အဆုံးအမ အားနည်းတဲ့နေရာမှာကြီးပြင်းရတာ မိဘတွေအတွက် ရင်လေးစရာပါ။
ဖတ်ပြီးခံစားရတယ် ညီမရေ..
ညီမ ရေ
ရင်ကို ထိခိုက်စေတဲ့ ပိုစ့် လေးပါဘဲ
ဟိုးအရင်တုန်းက ကာတွန်းထဲမှာ ဖတ်ဘူးတယ်။
ကလေးမွေးမွေးချင်း ကလေးကို ခြေထောက်၂ချောင်းက ဆွဲမြှောက်ပြီး စောက်ထိုးထား တင်ပါးလေးကို ခတ်ဆတ်ဆတ်လေးရိုက်ပေးရတယ် အဲဒါမှ ကလေးက အသိလေးဝင်လာပြီး ၀ါးကနဲထငိုပြီး လူ့ဘ၀နဲ့မိတ်ဆက်ပေးလိုက်တာလို့ထင်တာဘဲ။
ကာတွန်းထဲမှာ အဲသည်လို Nurse က လုပ်လိုက်တော့ မွေးကင်းစကလေးက လက်သီးနဲ့ပြန်ထိုးတာလေး သတိရသွားတယ်။
ဟုတ်တယ် တခြားနိုင်ငံမှာနေရင် တခြားနိုင်ငံရဲ့ စရိုက်ကူးတာ ပိုမြန်တယ်နော် အဲဒါ တိုးတက်ခြင်းရဲ့ လမ်းစဖြစ်သလို သူတို့ရဲ့ အနာဂတ်ပျက်စီးခြင်းလမ်းကြောင်းပေါ်ပါရောက်လာရတာ. .
ဟုတ်..လရိပ်ရေ..အထူးသဖြင့် ဒီနိုင်ငံက ကလေးတွေ ..
ကျေးဇူးတင်ပါတယ် ကိုဇော်ရေ..
လွမ်းရေ..တစ်မျိုးလေးခံစားရလို့ ပီတိဖြစ်မိတယ်..
ကိုညိမ်းနိုင်..မြန်မာပြည်သားတွေအတွက် ယဉ်ကျေးမှုက အဖိုးမဖြတ်နိုင်တဲ့ အရာပေါ့..။
ဟုတ်ပါ့ မိုးခါးရေ..တွေ့ရတာတွေ ရင်မောစရာပါပဲ..။
နေပြည်တော်မှ စာလာဖတ်တဲ့ ကိုဘကြိုင်ရေ..ကျေးဇူးပါ..
မမချောရေ..စာလာဖတ်လို့ ကျေးဇူးများကြီးတင်ပါတယ်နော်..။
မမရွှေစင် ရင်ကိုထိတယ်ဆိုလို့ ဝမ်းသာသွားပြီ..။
ကိုမင်းမောင် ကော်မန့်လေးဖတ်ပြီး ရယ်မိတယ်..ဟုတ်ပါ့နော်..ကလေးတွေဆိုတော့လည်း မလွယ်ဘူး..။
တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းက ဒွန်တွဲနေတတ်တာကိုး မရေ(flowerpoem )
ပတ်ဝန်းကျင်က ကလေးတွေရဲ့ စရိုက်ကို ပြောင်းလွဲ ပစ်စေနိုင်တယ်နော်။ ကလေးဆိုတော့လဲ ကလေးကိုး။ သူတို့မိဘအရွယ်ရောက်လာမှ ပြန်သိတတ်လာကြမှာ။ ဒါတောင် ပတ်ဝန်းကျင် ကောင်းဦးမှ။
ခင်မင်လျက်
ဖတ်နေတုန်း တစ်ပိုင်းလောက်မှာပဲ စည်းလွတ်ဂွင် ဆိုတဲ့ဝေါဟာရလေး.. ခေါင်းထဲဝင်လာတယ်.. အစဉ်အလာ မိသားစုတန်ဖိုးတွေ ပျက်ကုန်တာပေါ့..
မိဘကိုတရားစွဲတဲ့ ဥပဒေတွေက သားသမီးကို မွေးပြီး ခိုင်းစား၊ ခိုင်းလို့မရရင်ရိုက်နှက်၊ စွန့်ပစ်တဲ့ မိဘတွေအတွက်ပါ.. သားသမီးအတွက် အန်ကျွေးတတ်တဲ့ မိဘတွေအတွက် မဟုတ်ပါဘူး.. ဒါကိုတော့ သားသမီးတွေ ကောင်းကောင်းနားလည်နိုင်ဖို့လိုလိမ့်မယ်.. ကိုယ်လမ်းကိုလျှောက်မယ်ဆိုတဲ့ အတွေးငယ်ငယ်ကတည်းကရှိတာတွေ နောက်ကာလမှာ သူတို့ အတွက် ဒုက္ခကိုနားလည်ပြီး ကိုယ်ကြိုးစားမှ ကိုယ်အောင်မြင်မယ်ဆိုတဲ့ ကိုယ်အားကိုယ်ကိုးစိတ်ရှိလာတာကတော့ အမှန်ပါပဲ.. ဒါပေမဲ့ မိဘကို ကလန်ကဆန်၊ မရိုမသေလုပ်ဖို့တော့မဟုတ်ပါဘူး.. ဒီမှာလည်း တိုက်ဝမ်စတိုင်ပါပဲ.. သားနဲ့ အမေပြောကြတာ စိတ်မကောင်းဖြစ်ရတယ်.. သူတို့ပြောနေတာကို ကျွန်တော်တို့ အခန့်မသင့် မြင်သွားတော့ ရှက်သလိုလို ဖြစ်သွားတဲ့ လူတွေလည်း ရှိတယ်.. တစ်ချို့ကတော့ ပိုတောင် ကြမ်းပြလိုက်သေးတယ်.. မြန်မာနိုင်ငံကိုလည်း အနှေးနဲ့ အမြန်လာတော့မဲ့ ယဉ်ကျေးမှု ရှော့တစ်ခုပါ.. ရှောင်လွဲဖို့တော့ မမြင်တော့ဘူး ခါးတောင်းကျိုတ်ထားမှ ဖြစ်တော့မယ်.. :)
ရေးထားတာ မိသားစု တစ်စုအကြောင်းဆိုပေမယ့် နိင်ငံရပ်ခြားရောက်နေတဲ့ မိသားစုတွေအတွက်လည်း ကြုံလာနိင်တဲ့ သတိပြုစရာ အကြောင်းလေးပါပဲ။ ခေတ်ပြိုင်အကြောင်းအရာမျိုးလေးတွေ ဖတ်ရတိုင်း သဘောကျတယ်။
forward mail ထဲကရလို့ဖတ်မိရင်း ဒီကိုရောက်လာပါတယ်ရှင်..။ စာရေးသူရဲ့တင်ပြပုံ ကောင်းမှုကြောင့် ရင်ထဲမှာ တော်တော်လေးထိသွားတဲ့ပို့စ်ပါ။ လင့်ခ်ပါယူသွားပါရစေ..ခွင့်ပြုပါနော်..။
ကလေးတွေရဲ့ အနာဂတ်က ရင်လေးစရာပါပဲ..ဆုံးမသွန်သင်မှုအားနည်းတာရယ်၊ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးရိုက်ခတ်မှုရယ်။ပြဌာန်းထားတဲ့ဥပဒေမူတွေရယ်...ဒါတွေကြောင့်ဖြစ်မယ်ထင်တယ်ဗျာ..စိတ်မကောင်းစရာပါပဲ..
အရေးအသားကောင်းလှပါတယ်၊ ဝတ္ထုထဲက လင်မယားကို ကိုယ်ချင်းစာမိပါတယ်။ ထိုင်ဝမ်က ပညာရေးကို ကျနော်စိတ်ပျက်မိတာ အမှန်ပဲ၊ သိမ်းကြုံးပြောတာတော့ မဟုတ်ဘူး၊ ကောင်းတာလည်း ရှိပေမယ့် တတ်နိုင်သူတွေပဲ အရည်အသွေးကောင်းတဲ့ ပညာရေးကို လက်လှမ်းမှီတယ်၊ သူလိုကိုယ်လို ဝန်ထမ်းတွေဆိုရင်တော့ သားသမီးကို ကိုယ်ဖိရင်ဖိ သွန်သင်ပေးဖို့ အချိန်ပိုတွေ ဘယ်ရှိမလဲဗျာ၊ အဲဒီအပိုင်းမှာတော့ စင်္ကာပူက နည်းနည်းကောင်းသေးတယ် ထင်ပါတယ်၊ မြန်မာပြည်က ကောင်းတာလေးတွေ ရှိတာမှန်ပေမယ့် မကောင်းတာလည်း အများကြီးပါပဲ၊ အချိန်သိပ်မပေးနိုင်ပဲ ပစ်ထားရင်တော့ မြန်မာပြည်မှာလည်း ပျက်စီးစရာ လမ်းတွေက အများသားဗျ။
ကျနော်ကိုယ်တွေ့မြင်ဘူးတဲ့ အရာတစ်ခုကို ရေးပြသွားတာ သိပ်ကောင်းပါတယ်၊ အဲဒီတုန်းက အဖေကအရေးယူခံလိုက်ရတယ်၊ စတိတ်မှာဖြစ်သွားတာပါ။
ဟုတ်တယ်မြတ်မွန်ရေ။ဒီမှာဆိုလဲ အဖေကသမီးရေချိုးတာကြာလို့ ပြောတာကို (သမီးက၈ တန်းလောက်ပါ ) သမီးကသူ့ ဒီက သူငယ်ချင်းတွေ မြှောက်ပေးတဲ့စကားတွေပဲနားဝင်ပြီး သူရေချိုးတာချောင်းကြည့်ဖို့ ကြံပါတယ်ဆိုပြီးရဲတိုင်တာ အတော်လေးကို ဇာတ်လမ်းရှုပ်သွားတာ။ ပြီးတော့သူ့ အသက်၁၆နှစ်ပြည့်ယင် ခွဲနေတော့မယ်တကဲကဲပြောပြော
နေတာ အမေဆိုမျက်ရည်နဲ့ မျက်ခွက်ပဲ။ သူတို့ ကို ပရိုက်ဗိတ်ကျောင်းထားနိုင်ဘို့ အလုပ်လုပ်လိုက်ရတာ။
အဲဒါတွေကြည့်ပြီးကလေးမယူတော့ဘို့ ယတိပြတ်ကိုဆုံ
းဖြတ်ချက်ချလိုက်တာ။သူငယ်ချင်းတွေကမေးကြတယ်။
ကြီးလာယင်သားသမီးမရှိတော့ဘယ်သူပြုစုမှာလဲတဲ့။ သူတို့ ကလဲကိုယ်တွေပြန်တဲ့အချိန် လိုက်ပြန်နိုင်မှာတဲ့
လား။ကိုယ်ကရော သူတို့ တွေကိုထားပြီးအသဲမာမာနဲ့
ပြန်နိုင်မှာတဲ့လား။ ဒီတော့အစကတည်းကမရှိတာပဲ
ကောင်းပါတယ်လို့ ။ကိုယ်လဲအသက်ကြီးလာယင်မနေ
နိုင်ဘူးဒီမှာ။ ကိုယ့်တိုင်းပြည်မှာ ကိုယ့်တူမလေးတွေအ
နားမှာခေါ်ထားပြီးကျွေးမွေးစောင့်ရှောက်ထားတာကမှ
ကိုယ့်ကို အတိုင်းအတာတခုထိအဖော်ရအုန်းမယ်။ မြတ်မွန်ရဲ့ စာလေးကို ရင်နဲ့ အမျှခံစားပြီးဖတ်သွားပါတယ်။ ခင်မင်လျှက်
ပြောစရာတွေအများကြီးဖြစ်ကျန်ခဲ့တဲ့ ပို့စ်ကောင်းလေး၁ခုပါ...
ပို့စ်ပါ အကြောင်းအရာတွေပေါ်မှာ တွေးစရာတွေကတော့ တွေးခဲ့လွန်းလို့ ဖန်တရာတေနေပီ...
တခြားoptionsတွေမရှိတော့ဘူးလား?
ပြည်ပနိုင်ငံတွေထဲမှာမှ မြန်မာ့ယဉ်ကျေးမှုကို အထိုက်အလျှောက်တော့ ရနိုင်အုံးမယ်...့ မြန်မာလူမျိုးအသိုင်းအဝိုင်းနဲ့ နီးစပ်နိုင်မယ့် သင့်တင့်တဲ့ ပတ်ဝန်ကျင်ကောင်းမျိုး မရှိနိုင် မရနိုင်တော့ဘူးလား?
ကလေးတွေရဲ့ပညာရေးအတွက် မြန်မာပြည်မှာ အဆင်ပြေတယ် ထားအုံး၊ ကလေးတွေရဲ့ စားဝတ်နေရေးအတွက် (ပြည်တွင်း ပြည်ပမှာ)မိသားစုနဲ့ခွဲနေရတဲ့ ဖခင်တွေမှ အများကြီးပါ...
အကောင်းဆုံးကိုလိုချင်ကြတဲ့သူတွေချည်းပါပဲ...
အကောင်းဆုံးတွေချည်းမရနိုင်တဲ့အခါ ဖြစ်လာတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် စဉ်းစားဆုံးဖြတ်ပြီး လုပ်တတ်ကြဖို့လဲ လိုတယ်...
မျိုးဆက်တဆက်နဲ့တဆက်ခြားနားမှုကြောင့်နဲ့ ယဉ်ကျေးမှုကွာဟမှုတွေကြောင့် မိဘနဲ့သားသမီးကြားက ပြဿနာတွေကတော့ ပြည်ပမှာ ကြီးပြင်းကြတဲ့ ကလေးတွေနဲ့သူတို့မိဘတွေကြားမှာ ပိုပြီးကြီးမားမှာပါ...
အဲဒိအတွက်တော့...
အကောင်းဆုံးတွေကို ရှာဖွေလေ့လာနေတုန်းမို့...
ဟင်းးးးးးးးးးးးး(သက်ပြင်းရှည်ကြီးသာ ချသွားတယ်)
မွန်ရေ....တကယ့်ကို အတွေးတွေအများကြီးဖြစ်သွားစေတဲ့ ပိုစ့်ကောင်းတစ်ပုဒ်ပါ။ ဂျင်းတို့စလုံးမှာလည်း မိဘလုပ်သူတွေမှာ ဒါမျိုးတွေ အနည်းနဲ့အများ ခံစားနေရတာကို ကြားသိနေရတယ်။း(
ဓလေ့တွေ လုပ်ထုံးလုပ်နည်းတွေ မတူကြတော့ ယဉ်ကျေးမှုမှာ အဟတွေရှိလာတတ်ကြတယ်။ အကောင်းဆုံးကိုရွေးချယ်ပြီး ဖြစ်သင့်တာကို ကူးပြောင်းနိုင်သွားတဲ့ မိဘတွေရဲ့ စိတ်ထားကိုလေးစားမိတယ် မွန်ရေ....
ခင်တဲ့(ဖိုးကြယ်)
သိပ်ကောင်းတဲ့ ပိုစ်ပါဗျာ ရင်ကို ထိသွားတယ်
heartထိတဲ့ ပို့ စ်လေးပါ။
ကျွန်မလည်း ဒီလိုကလေးမျိုးတွေ တွေ့ဖူးတယ်။ နိုင်ငံခြားမှာ ငယ်ကတည်းကနေလာတဲ့ တစ်ချို့ကလေးတွေကလိမ်မာသလို တစ်ချို့ တော်တော်ရိုင်းတာတွေ့ဖူးတယ်။ ၉ နှစ် ၁၀ နှစ် မိန်းကလေးတစ်ယောက်ကို ချစ်လို့ သွားမထိနဲ့ မိုလက်စ် လုပ်တယ်ဆိုပြီး ထအော်ချင်အော်မှာနော်... မျက်စေ့ရှေ့မှာမြင်ခဲ့တာ။ အဲဒါ မြန်မာ အချင်းချင်း ၊ အကြောင်းသိ အချင်းချင်းနော်။ မဟုတ်မှန်းလည်း သိသိကြီးနော်။ နောက် မိဘ မိဘမှန်း မသိတာတွေလည်း တွေ့ဖူးတယ်။ မမြတ်မွန်ရဲ့စာလေးကို လူတိုင်းဖတ်မိနိုင်ပါစေလို့ ဆန္ဒမွန်နဲ့ ဆုတောင်းပါတယ်။
ခင်မင်လေးစားလျက်
ခံစားချက်ချင်းတူပါတယ်
တင်ပြပုံနဲ့ ရည်ရွယ်ချက်လေး ကောင်းတယ် မြတ်မွန်ရေ...
ရုပ်ဝတ္တု တိုးတက်နေတဲ့ တိုင်းပြည်တွေမှာ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တွေ၊ကိုင်းရှိုင်းမှုတွေ ကို သိပ် အလေးထားလေ့မရှိကြတော့ ဘူး နော်...
မိဘက သားသမီးကို ဆုံးမတာ ၊ ဆရာက ကျောင်းသားကို ဆုံးမတာ တွေ ကို အူကြောင်ကြောင် ဥပဒေ တချို့ နဲ့ လွဲမှားစွာ ကာကွယ်ပေးနေကြတာ စိတ်ပျက်စရာ ပါပဲ...
ချမ်းမြေ့ ပါစေ..
မကိ..
အရမ်းကောင်းတဲ့ ဝတ္ထုလေး တစ်ပုဒ်ကို ဖတ်ခွင့် ရတဲ့အတွက် ကျေးဇူး သူငယ်ချင်းရေ...
ဒီဝထ္ထုလေးက ပထမဆုနဲ့  တကယ့်ကို ထိုက်တန်ပါတယ်။ Congratulations !
ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများ၏ ခေတ်ပြိုင်လူမှုဘ၀ပုံရိပ်ကို ရသမြောက်အောင် ဖွဲ့ ဆိုတင်ပြခဲ့သော စာရေးသူ၏ စေတနာကို အထူးလေးစားပါသည်။
ဝတ္ထုတိုတပုဒ်အနေနဲ့ကြည့်ရင် အင်မတန်ကောင်းပါ တယ် တကဲ့အဖြစ်အပျက်တခုအနေနဲ့ကြည့်မယ်ဆိုရင် ကျနော့အနေနဲ့လုံးဝလက်မခံနိုင်ဘူးလို့ပဲပြေါပါရစေ စိတ်မဆိုးကြပါနဲ့နော် ကျနော့ ခံစားချက်ကိုပြေါပြပါ့မည် ကလေးတွေကိုပြုပြင်ပြေါင်းလဲပေးတာပတ်ဝန်းကျင်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ သူတို့နဲ့အနီးစပ်ဆုံးပတ်ဝန်းကျင်က မိဘဆိုတာကိုလဲသတိထားရမယ်လေ မိဘကိုယ်တိုင်က သူတို့ပတ်ဝန်းကျင်ကိုအတတ်နိုင်ဆုံးဖန်တီးပေးရမှာမိဘတာဝန်ဘဲမဟုတ်လား အလုပ်နဲ့အချိန်ကုန်ပြီး သားသမီးတွေနဲ့ကွာဟမှူ့ရှိနေရင်တော့ထိမ်းသိမ်းမရမှာသချာပါတယ် ကျနော့မှာ 14 နှစ်သမီးတယောက်နဲ့ 3 နှစ်သားတယောက်ရှိပါတယ် သူတို့ကိုUSA မှာ ပဲမွေးဖွားပြီး USA မှာပဲကြီးပြင်းပါတယ်ကျနော်တပတ်7 လုံးအလုပ်လုပ်ပါတယ် သားသမီးနားမှာအမြဲတန်းမနေနိုင်ပေမဲ့လို့ကျတော်ဖြစ်စေချင်တဲ့ကိုယ့်လူမျိုးရင်ကျေးမှူ့နဲ့ဘာသာစကားကိုတက်နိုင်သလောက်ပေးပါတယ်ရင်ထဲကမိဘမတ္တာ ကိုရသမျှအချိန်လေးမှာသိအောင်ပြပါတယ် ရိုက်စရာရှိလဲရိုက်ပါတယ် သမီးကိုခပ်ကြမ်းကြမ်းရိုက်ခဲ့ဘူးပါတယ် ကျနော့မတ္တာ အတိမ်အနက်ကိုသိလို့ထင်တယ် ဘယ်တော့မှရဲမခေါ်ခဲ့ဘူးပါဘူး ဘယ်တုံးကမှလဲစကားကြမ်းကြမ်းပြန်မပြေါဘူးပါဘူး နှစ်တိုင်း honour roll ဝင်ပါတယ် ဒီနှစ် 8 တန်းမှာ သင်ချာ ပထမရပါတယ် တခုတော့ရှိတယ် သူတို့ရှေ့ရေးအတွက် စီးပွားရေးတို့ငွေတို့မပေးနိုင်ပါဘူး မတ္တာပဲပေးနိုင်ပါတယ် ငွေကြောင့် မတ္တာ လျော့တယ်လို့ သားသမီးကအထင်မခံရအောင်ကျိုးစားနေထိုင်ပါတယ် ပိုက်ဆံမရှိပေမဲ့ ကျနော်တို့မိသားစုဘဝကို ပျော်ရွှင်အောင်နေထိုင်ပါတယ် သားသမီးဆိုးတာဟာမိဘကိုယ်တိုင်က တခုခုလိုအပ်နေလို့ပဲထင်ပါတယ် သားသမီးကိုမတ္တာမှန်မပေးနိုင်မပြနိုင်လို့ကတော့ မတ္တာမစစ်တဲ့အုပ်ချုပ်သူ အစိုးရအောက်မှာ တမိသားစုလုံးကျွန်ဖြစ်ဖို့ပဲရှိတော့တယ်
အထက်ကနောက်ဆုံးစာပိုက်ကိုဒီလိုဖတ်ပါ
မြန်မာပြည်ပြန်လဲ သားသမီးကိုမတ္တာမှန်မပေးနိုင်မပြနိုင်လို့ကတော့မတ္တာမစစ်တဲ့အုပ်ချုပ်သူ(မိဘ) အစိုးရအောက်မှာ တမိသားစုလုံးကျွန်ဖြစ်ဖို့ပဲရှိတော့တယ်
ပထမဆုနဲ့ထိုက်တန်တဲ့ ဝတ္ထုလေးပါ။ စာရေးသူအတွက် ဝမ်းသာပါတယ်။
အထက်က ကွန်မန့်လေးကို ဖတ်ပြီး နဲနဲဝင်ပြောချင်ပါတယ်။
ကိုသက်လွင်အနေနဲ့ အခြေခံအကျဆုံး သဘောထားတစ်ခုကို မေ့နေတယ်လို့ ထင်မိပါတယ်။ အဲဒါကတော့ ငါသည်သူမဟုတ် ဆိုတာပါပဲ။ တယောက်နဲ့ တယောက် မတူကြပါဘူး။ မိဘတွေ မေတ္တာပေးတာခြင်းအတူတူ သားသမီးက လိမ္မာသူ ဆိုးသွမ်းသူဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ အရိုက်ခံရတဲ့ သားသမီးတိုင်း ရဲခေါ်တိုင်တယ်လို့ ဒီဝတ္ထုက မရေးထားပါဘူး။ ရဲခေါ်တဲ့ သားသမီးနဲ့ ကြုံရတဲ့ မိဘတွေ အဖြစ်ကို ရေးထားတာလို့ မြင်ပါတယ်။ နောက်ပြီး တနိင်ငံနဲ့တနိင်ငံ လူမှုအကျင့်စရိုက်တွေလည်း ထပ်တူမကျပါဘူး။
အကောင်းဆုံးကတော့ ကိုယ့်ကိုကိုယ် ဗဟိုပြု တွေးတာကို လျှော့သင့်ပါတယ်။ ငါမဖြစ်ရင် သူလည်း မဖြစ်ဘူးဆိုတဲ့ ကိုယ့်ကိုကိုယ် ဗဟိုပြုတွေးချက်က တိကျသေချာမှုနဲ့ ဝေးကွာစေပါတယ်။
သိပ်ကောင်းတဲ့ပို့စ်လေးပါ။။။။။။။
ကိုမင်းသူရပြေါတာမှန်သင့်သလောက်မှန်ပါတယ်
ကျနော်ကဒီဝတ္ထုကိုဖတ်ပြီးရိုက်ခံရတဲ့ကလေးတိုင်းရဲတိုင် တယ်လို့မမြင်ပါဘူး ကလေးတွေရဲ့ဆိုးခြင်းကောင်းခြင်းဟာ သူတို့လေးတွေကိုအုပ်ထိမ်းတဲ့မိဘပေါ်မှာအဓိကမူတည်တယ်လို့ဆိုလိုတာပါ ကျနော်တစ်ယောက်တည်းသားသမီးထိမ်းနိုင်တာနဲ့ အားလုံးကိုထိမ်းနိုင်ရမယ်မဆိုလိုပါဘူး မိသားစုအားလုံးတိုင်းကိုသာယာချမ်းမြေ့စေခြင်တဲ့စေတနာနဲ့ဝင်ရေးမိတာပါ မိသားစုရှိပါရဲ့နဲ့ ငွေနောက်တို့အပေါင်းအသင်းနောက်တို့ ကို ပါမှန်းမသိပါနေကြတဲ့သူတွေသတိထားမိစေဖို့ပါ
တကယ်ကောင်းတယ်...မိဘတို့ ရဲ့ မေတ္တာတရားကို ပေါ်လွင်စေတယ်...ထိုက်တန်ပါတယ်..ဆုလဒ်က...
သားသမီးတို့  လိမ္မာခြင်းမလိမ္မာခြင်းက မိဘတိုင်းနဲ့ လည်းဆိုင်ပါတယ်....။
very nice .
မွန်ရေ တကယ်ချီးကျူးပါတယ် ...
ဆက်လက်အောင်မြင်ပါစေ ...
ညလင်းအိမ်
ခေါင်းစဉ်လေးဖတ်လိုက်တာနဲ့တင်ရင်ကိုနွေးထွေးစေတဲ့အိမ်လေးနော်။
မွန်ရေးး လောကကြီးမှာကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေကများသားနော်။ အင်းးးးး နုနယ်သေးတဲ့ကလေးတွေရိုင်းတာရောဘွဲ့ ရပြီးသားတွေရိုင်းတာတွေလည်းကြောက်စရာကောင်းလောက်အောင်ပါပဲ။ မိုးလည်းအမြဲစဉ်းစားဖြစ်တယ် အဓိကတော့ဘာသာတရားနဲ့ အမြဲနီးကပ်နေရင်သိမ်မွေ့ လာနိုင်မှာသေချာပါတယ်။
စိတ်ရောကိုယ်ပါကျမ်းမာလို့ 
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Одеваться стильно и беспрестанно присутствовать для пике моды умеют не все.
Те, какой умеет, который следит повторять новыми коллекциями ведущих модельеров мира, ставят в закладки [url=http://glamwear.ru/]интернет лабаз женской одежды [/url] и забегают сюда интервал посредством времени.
Если хочешь выучить содержаться ради процедура впереди моды, выговаривать тренды мировой моды и разбираться в текущих тенденциях – [url=http://glamwear.ru/index.php?ukey=auxpage_1]лавка молодежной одежды интернет[/url]
научит выбору хорошей одежды.
Здесь один брендовая туалет ведущих мировых марок: Armani, Gucci, Louis Vuitton, Dolce&Gabbana, Prada, Versace, Max Mara, Pierre Cardin.
Всего новые коллекции, всего отборный прет-а-порте! Джинсы и футболки, платья и шорты, свитера и куртки, разнообразная модная женская одежда и элегантная платье дабы мужчин, качественная обувь, океан аксессуаров, галстуки, сумки, клатчи, элитные часы, мешок, очаровательные шарфики, зонты, [url=http://glamwear.ru/index.php?productID=1143]кеды мужские[/url] – всё это можно купить в нашем интернет-магазине соответственно ценам, намного ниже обычных! Громадный резерв, сколь предлагает интернет-магазин мужской и женской одежды «Фиксон», впечатлит самого разборчивого покупателя.
Что ж, мы не торопим с выбором!
Помогать у нас позволительно ночью и днём. Вы можете адресовать соединенный кадры не торопясь, внимательно разглядывая каждую предмет в каталоге. [url=http://glamwear.ru/index.php?productID=1120]кардиган мужской[/url] – это интернет-магазин брендовой одежды, который позволяет превратить любую покупку в увеселение!
Покупатели [url=http://glamwear.ru/]интернет лавка одежды москва [/url] давно находятся для жало моды сезона. Вы можете в любой момент обещать с доставкой понравившиеся товары. Следите потом нашими акциями – многократно бывают скидки! А ведь это прекрасная мочь умазывать одежду известных брендов кстати удивительно низким ценам, и с уверенностью косноязычить друзьям:
Тот, который умеет вырядиться – одевается в [url=http://glamwear.ru/]интернет заведение одежды москва [/url]
congraulations ပါ။ ဆက်ကြိုစားပါ အားပေးနေပါတယ်
ဇာတ်နာအောင်၊မိသားစုကို အတင်းမြန်မာပြည်ပြန်ပို့တယ် လို့ ခံစားရပါတယ်။ အပြင်မှာ ကလေးဆိုးလို့ မြန်မာပြည်ပြန်တဲ့သူ တစ်ယောက်မှ မတွေ့မိဘူး။ မြန်မာပြည်ပြန်သွားရင်..အဲဒီကလေးတွေက အချိုးပြောင်းသွားမယ်မထင်ဘူး။ သူများဝတ်သလို ၀တ်ချင်..သူများလို privateကျောင်းတက်ချင်တာ၊ သူတို့လိုတာတွေ မဖြည့်ဆည်းပေးနိုင်ရင် ဇာတ်လမ်း နောက်တမျိုးလာအုံးမယ် ထင်တယ်။အဓိကက..ဘယ်မှာနေနေ..လက်ဦးဆရာရဲ့ အိမ်က စတယ်ထင်တာပါပဲ။
ညီမမွန်ရေ...
ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးသွားတဲ့အတွက် ၀မ်းသာပီတိဖြစ်ရကြောင်းပါ...။ ဆက်လက်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရသစာပေတွေ ဆက်လက်ရေးသားနိုင်ပါစေကြောင်း ဆုမွန်ချွေလိုက်ပါတယ်နော်..။
( ပထမကွန်မန့်မှာ စာလုံးနေရာအထားမှားသွားလို့ ဖျက်ပေးနော် မွန်... :)
အမမြတ်မွန်ရေ ခံစားလိုက်မိတာ နင့်နင့်သည်းသည်းပါပဲ... မြန်မာဆိုတာ ဘယ်နေရာပဲရောက်ရောက် မြန်မာပါပဲ... ကမ္ဘာမှာမြန်မာဟေ့ရယ်လို့ ဂုဏ်ယူနိုင်တော့တာ ယဉ်ကျေးမှူ့ပါပဲ.... ဒါသာမရှိတော့ရင်တော့ဗျာ...
ခင်မင်စွာဖြင့်
Post a Comment